home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

မိုးရာသီရောက်လာပြီဆိုရင် ခေါင်းကိုက်ရတဲ့အရာတစ်ခုကတော့ အဝတ်တွေ တော်တော်နဲ့ မခြောက်တာပါ။

အထူးသဖြင့် အောက်ခံဘောင်းဘီတွေမခြောက်တာ၊ မခြောက်တခြောက်ဖြစ်တာဟာ ဆိုရင်တော့ အထူးဂရုပြုရမယ့် အခက်အခဲ တစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အောက်ခံ ဘောင်းဘီဆိုတာ ကျွန်မတို့ရဲ့ခန္ဓာကိုယ်နဲ့ အနီးကပ်ဆုံးထိတွေ့နေရတဲ့ အဝတ်အစားတွေဖြစ်ပြီး ပြင်ပလေထု၊ အပူချိန်တို့နဲ့ မထိတွေ့နိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါ့အပြင် အတွင်းခံဘောင်းဘီလေးတွေ တာဝန်ယူထုပ်ပိုးထားရတဲ့ နေရာဟာ တခြားနေရာတွေထက် နူးညံ့တဲ့ အစိတ်အပိုင်းလေးတွေဖြစ်နေလို့ ပါ။

အောက်ခံဘောင်းဘီတွေ သေချာလျှော်ဖွတ်အခြောက်မခံဘဲ ဝတ်မိပြီဆိုရင်တော့ ယားယံတာအရေပြား မှိုရောဂါတွေဖြစ်ပွားတာနဲ့ နောက်ဆုံး လိင်မှုကိစ္စကိုပါ ထိခိုက်စေနိုင်တာမို့ ဒါဟာပေါ့သေးသေး ကိစ္စတော့မဟုတ်ပါဘူး။

ဒါကြောင့် မိုးရာသီလိုစိုစွတ်ပြီး အဝတ်တွေ အခြောက်ခံဖို့ခက်ခဲတဲ့ အချိန်မျိုးမှာအသုံးတည့်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပါးလွှာပြီး ချည်ထည်စစ်စစ်ဖြစ်သော အတွင်းခံကိုရွေးပါ။

ဒါဟာ အ‌ရေးကြီးလှပါတယ်။ ချည်ထည်ဟာ အခြောက်မြန်ပါတယ်။ ပါးလွှာတဲ့ ချည်သား နဲ့ ချုပ်လုပ်ထားတဲ့ အတွင်းခံတွေကို ရွေးချယ်ခြင်းဖြင့် ကောင်းကျိုးတွေများစွာ ဖြစ်စေနိုင်ပါတယ်။ ချည်ထည်ရဲ့ သဘာဝအရ အစိုဓာတ်ကိုထိန်းညှိပေးပြီး အမြန်ခြောက်သွေ့လွယ်စေပါတယ်။ ချည်ထည်တွေဟာ အေးမြတဲ့အတွက် စိုထိုင်းထိုင်းဖြစ်တာတွေ၊ ခြောက်သွေ့ဖို့ခက်ခဲတဲ့ ပြဿနာတွေ မဖြစ်တဲ့ အပြင် သက်တောင့်သက်တာလည်း အလွန်ရှိပါတယ်။ ချည်သားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေကို ဝယ်ဖို့မနှမြောသင့်ဘူး ဆိုတာ ခုလောက်ဆို သိလောက်ပါပြီနော်။

(၂) အတွင်းခံများကို စနစ်တကျ အ‌ခြောက်ခံပါ။

အတွင်းခံတွေကို လှမ်းတဲ့အခါမှာ တစ်ထည်နဲ့ တစ်ထည်ထပ်ကာ ပြွတ်သိပ်ပြီး လှမ်းတာတွေ ရှောင်သင့်ပါတယ်။ အခြောက်နှေးစေပြီး စိုထိုင်းထိုင်း ဖြစ်နေချိန်ကြာတဲ့အတွက် ဘတ်တီးရီးယားပိုးတွေ ပိုမိုပေါက်ပွားစေပါတယ်။

မိုးတွင်းဆိုတော့ နေ‌ရောင်နဲ့ထိတွေ့ဖို့ ခက်ခဲတဲ့အတွက် သေချာခြောက်ပြီဆိုမှ မီးပူတိုက်သင့် ပါတယ်။ ဒါဆိုရင်တော့ အတွင်းခံတွေမှာ ပေါက်ပွားနိုင်တဲ့ ပိုးတွေဟာ အထိုက်အလျောက် လျော့နည်း သွားမှာပါ။

(၃) အတွင်းခံများကို ခဏခဏ အသစ်လဲပါ။

ဘယ်နှစ်လတစ်ခါအသစ်လဲရမှာလဲ လို့မေးလာရင်တော့ အကောင်းဆုံးကတော့ တစ်ခါ ဝတ်ပြီးတာနဲ့ လွှတ်ပစ်လိုက်တာအကောင်းဆုံးပါလို့ ဆိုချင်ပါတယ်။ ပိုလိုက်တာလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ပိုတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အတွင်းခံတွေကို ဘယ်လောက်ပဲ လျှော်ပါစေ၊ စနစ်တကျ အခြောက်ခံပါစေ အတွင်းခံတစ်ထည်မှာ ပိုးမွှားပေါင်းများစွာ ကပ်ငြိတွယ် နေနိုင်လို့ပါ။

ဒါဟာလျှော်တဲ့‌ရေမှာကိုက ပိုးမွှားပေါင်းများစွာပါဝင်ပြီး အတွင်းခံကို အလွယ်တကူ သွားရောက် ကပ်ငြိနိုင်လို့ပါပဲ။ ဘယ်လိုဆပ်ပြာမျိုးသုံးပါစေ၊ ဘယ်လိုအခြောက်ခံပါစေ ပိုးတွေက တွယ်နေဦးမှာပါပဲ။ ဒါကြောင့် အကောင်းဆုံးကတော့ တစ်ခါဝတ်ပြီး လွှင့်ပစ်လိုက်တာပါပဲ။ အဲ့ဒီလို မလုပ်နိုင်ရင်တော့ တတ်နိုင်သမျှ အသစ်ခဏခဏ လဲနိုင်ရင်ကောင်းပါတယ်။

(၄) မှန်ကန်သော ဆပ်ပြာကို ရွေးချယ်သုံးစွဲပါ။

အစောကပြောခဲ့သလိုပါပဲ၊ အတွင်းခံတွေမှာ ပိုးမွှားလေးတွေ ကပ်ငြိတွယ်နေနိုင်တာကြောင့် ပိုးသေစေတဲ့ ဆပ်ပြာမျိုးကို ရွေးသုံးသင့်ပါတယ်။ ပိုးသေစေတဲ့အပြင် ဓာတ်မတည့်ခြင်း မဖြစ်စေတဲ့ ဆပ်ပြာများကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

မဟုတ်ရင်တော့ အတွင်းခံတွေဖုံးအုပ်ထားတဲ့ နုနယ်လှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ မှိုစွဲတာတွေ၊ ပွန်းတာပဲ့တာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။

ဒီလောက်ဆိုရင်တော့ အတွင်းခံနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ၊ ဆိုးကျိုးတွေနဲ့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေကို သိရှိပြီမို့ မိုးရာသီ မှာအတွင်းခံကြောင့် ဖြစ်တဲ့ ပြဿနာတွေ ကင်းရှင်းနိုင်ကြပါစေနော်။

‌ရေးသားသူ- ‌ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 27/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။