backup og meta

ယောဂကျင့်စဉ်အတွက်အစားအစာ


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောဂကျင့်စဉ်အတွက်အစားအစာ

    ယောဂဟူသောစကားလုံးကိုဟိုနားဒီနားမှသင်မကြာခဏကြားဖူးလိမ့်မည်။ လူအများစု၏စိတ်တွင်ယောဂကို လေ့ကျင့်ခန်းတစ်မျိုးဟုထင်တတ်ကြသည်။ သို့သော်ကျွန်ုပ်တို့အံ့အားသင့်စေမည့်အချက်မှာလေ့ကျင့်ခန်းအပြင် ယောဂကျင့်စဉ်၌ သူမတူသော ကိုယ်ပိုင်အစားအစာပုံစံလည်းပါရှိခြင်းဖြစ်သည်။ ထိုအရာကို ယောဂအစားအစာ ဟုခေါ်ပါသည်။

    ယောဂကျင့်စဉ်အတွက်အစားအစာဆိုသည်မှာအဘယ်နည်း

    ယောဂကျင့်သူများကအစာအာဟာရသည်အသက်ရှင်မှုအတွက်မောင်းနှင်အားကိုဖန်ဆင်းသူဟုသတ်မှတ်ပြီး “ပရာနာ” (Prana) ဟုခေါ်ကြသည်။ သူတို့ကအစာအာဟာရသည် ကျန်းမာခြင်းနှင့်အသက်ရှင်ရပ်တည်မှုကိုပေးစွမ်းသည်ဟု

    ယုံကြည်ကြသည်။ ထို့ပြင်အစာအာဟာရသည် လူသားနှင့်နေထိုင်ရာကမ္ဘာမြေကြီး၏ ဦးဆုံးသော ပေါင်းကူးဆက်ဆံမှုလည်းဖြစ်သည်။ ထို့ကြောင့်ယောဂကျင့်သူသည် အစာအာဟာရကိုချစ်ခြင်းမေတ္တာ ၊ငြိမ်းချမ်းခြင်းနှင့် သဘာဝတရားတို့ကို ပေါင်းစပ်အာရုံဝင်စား၍ စားသုံးရမည်ဟုဆိုပါသည်။

    -ယောဂကျင့်သူများသည် ဟင်းသီးဟင်းရွက်ကိုသာစားသုံးရသောမူကိုကျင့်သုံးရာ သတ္တဝါတစ်ကောင်တလေကိုမှ ညှင်းပန်းခြင်း ၊ သတ်ဖြတ်ခြင်းမပါဝင်ရပါ။ ယောဂအစားအစာသည် အစာအာဟာရတို့ကို သဘာဝနှင့်လိုက်ဖက်ညီစွာဖွံ့ဖြိုးအောင်အားပေးပြီး လုံးဝရင့်မှည့်မှသာစားသုံးရသည်။ ထို့ပြင်အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာ၌ ဂရုစိုက်ခြင်း ၊ မေတ္တာတရား ၊ ကိုယ်ချင်းစာတရားနှင့် အကောင်းမြင်စိတ်တို့ကိုလက်ကိုင်ထားရသည်။

    ယောဂအစားအစာ၏ကောင်းကျိုးများ

    ယောဂအစားအစာများသည် ခန္ဓါကိုယ်ကိုအာဟာရဖြစ်စေသည့်အပြင် စိတ်၏ငြိမ်းချမ်းရေးကိုပါ ယူဆောင်ပေးသည်။ အသန့်ရှင်းဆုံးအစားအစာများအဖြစ် သတ်မှတ်ခံရသောကြောင့် ယောဂကျင့်သူများနှင့် လိုက်ဖက်ညီပေသည်။ သို့သော်လည်းယောဂအစားအစာတွင် သတ္ထုဓါတ် ၊ အမျှင်ဓါတ် ၊ အသားဓါတ် ၊ ဗီတာမင် နှင့် အခြားအာဟာရဓါတ်များပါဝင်သဖြင့် မည်သူအတွက်မဆိုကောင်းမွန်သောအစားအစာများဖြစ်သည်။ ထို့ပြင်အသားစားသုံးခြင်းကိုလျှော့ချပေးပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိသောဆေးလိပ်နှင့် အရက်တို့မှရှောင်ရှားပြီးသားလည်းဖြစ်သည်။ ထို့ကြောင့် ယောဂအစားအစာများသည် လူသားတို့၏ကျန်းမာရေးအတွက် များစွာအကျိုးပြုသည်။

    • ကင်ဆာရောဂါ ၊ လေဖြတ်ခြင်း ၊ နှလုံးရောဂါ နှင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှုကိုလျှော့ချပေးသည်။
    • ကိုယ်အလေးချိန်ကျအောင်ကူညီပေးသည်။
    • အဝလွန်ခြင်းမှကင်းဝေးစေသည်။

    ယောဂအစားအစာတွင်မည်သည့်အရာများပါဝင်သနည်း

    ယောဂအစားအစာပုံစံတွင် စားရမည့်အစားအစာနှင့် ရှောင်ရမည့်အစားအစာဟူ၍ပါဝင်သည်။

    ယောဂကျင့်စဉ်အတွက်စားသုံးရမည့်အစားအစာများ

    • သဘာဝကရသောအသီးအနှံအားလုံး ၊ အထူးသဖြင့် သဘာဝအတိုင်းချိုသောသစ်သီးများ။
    • ဟင်းသီးဟင်းရွက်များအားလုံး( ကြက်သွန်ဖြူနှင့် ကြက်သွန်နီမပါဝင်ရ)
    • နှံစားသီးနှံများ( ဥပမာ – အုတ်ဂျုံ ၊ ဆန် ၊ ဂျုံ )
    • ပဲအမျိုးမျိုး ၊ ပဲပိစပ် နှင့်ဆက်စပ်ပစ္စည်းများ
    • သံလွင်ဆီ ၊ နေကြာဆီတို့ကဲ့သို့ ဟင်းသီးဟင်းရွက်ဆီများ
    • မီးနှင့်ကင်ခြင်း ၊ ဆားနှင့်ရောခြင်း မပြုလုပ်ထားသောအစေ့အဆန်များ
    • အပင်မှရသောသဘာဝဖျော်ရည်များ
    • ဂျင်း ၊ ပင်စိမ်း ၊ သံပုယိုတို့ကဲ့သို့ နှစ်သက်ဖွယ်ဟင်းခတ်အမွှေးအကြိုင်များ။
    • အစားအစာများကိုချစ်ခြင်းမေတ္တာ ၊ ဂရုစိုက်မှု ၊ အကောင်းမြင်ဝါဒ တို့ဖြင့်ပြင်ဆင်ရမည်။

    ယောဂကျင့်စဉ်အတွက်ရှောင်ရှားရမည့်အစားအစာများ

    • အသား ၊ ငါးအမျိုးမျိုး ၊ သအမျိုးမျိုး
    • သကြားလုံး၊အာလူးကြော်တို့ကဲ့သို့ အာဟာရတန်ဖိုးနည်းပါးသောအသင့်စားဖွယ်များ
    • ချိုချဉ် ၊ ဆော်ဒါ တို့ကဲ့သို့ ဖန်တီးထားသောအချိုဓါတ်ပါအစားအစာများ
    • သတ္တဝါတို့မှရသောအဆီ
    • ကြော်လှော်ထားသောအစားအစာ
    • စည်သွပ်ထားသောအစားအစာများ( ခရမ်းချဉ်သီးနှင့် အသီးအနှံစည်သွပ်ဘူးများမပါဝင်ပါ)
    • ကြေးချွတ်ထားသောသကြား ၊ ပြုပြင်ထားသောဂျုံမှုန့်
    • ကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် စပ်သော အစားအစာများ
    • အလွန်အမင်း တူးအောင်ကြော်ချက်ထားသောအစားအစာများ
    • အရက်
    • ဆေးလိပ်
    • ကျေးဇူးတရားနှင့် ချစ်ခြင်းမေတ္တာ ကိုထည့်သွင်းမစဉ်းစားဘဲ အလောတကြီးစားသော အစားအစာများ

    ယောဂအစားအစာများသည် ယောဂကျင့်စဉ် ကျင့်သူများရောကျန်းမာရေးကိုလိုက်စားသူများအတွက်ပါ သင့်တော်သောစားသောက်မှုပုံစံဖြစ်ပါသည်။ ထိုအစားအစာများသည် ကိုယ်ခန္ဓါ ၊ စိတ် နှင့် ဝိညာဉ်တို့ကိုပါ ကျန်းမာစေသည့်အတွက် ယခုပင်စားသုံးကြည့်ဖို့ အားထုတ်လိုက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement