backup og meta

လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ

    ဒီပြဿနာကို တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ဖူးသူတွေ Gym စဆော့လိုက်တဲ့အခါမျိုး၊ ပုံမှန်အားကစားတွေလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာ ရက်အနည်းငယ်နားလိုက်တယ်၊ ပြီးမှ ပြန်ဆော့ဖြစ်တဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်။

    ကိုယ်အဓိက ဆော့လိုက်တဲ့ ကြွက်သားနေရာများအပြင် ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ခံထားရသလို မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး ညောင်းကိုက်နေတဲ့ ခံစားချက်မျိုးကို အဓိကတွေ့ရပါတယ်။ ပိန်တဲ့သူတွေ၊ ဝတဲ့သူတွေ၊ ကြွက်သားရှိခြင်း၊ မရှိခြင်းနဲ့ မသက်ဆိုင်ဘဲ လူတိုင်းလိုလို ကြုံတွေ့ရတတ်ပါတယ်။ လူအများစုက ဒီလိုမျိုး နာနေတဲ့အချိန်အတွင်းမှာ လေ့ကျင့်ခန်းလုပ်တာကို လုံးဝရပ်ပစ်လိုက်တာမျိုး၊ ခဏနားလိုက်တာ၊ လေ့ကျင့်ခန်းကို အားစိုက်ပြီးမလုပ်တော့တာ၊ အစားစားချင်စိတ်နည်းသွားလို့ လိုအပ်သလောက် မစားဘဲနေလိုက်တာမျိုး လုပ်တတ်ပါတယ်။

    ဘယ်လိုအချိန်မှာ တွေ့ရတတ်လဲ။

    လေ့ကျင့်ခန်းကို ပထမဆုံးအကြိမ်ဆော့တာဖြစ်စေ၊ အချိန်တစ်ခုနားပြီးတော့မှ ပြန်ဆော့တာဖြစ်စေ ဒီလိုကြွက်သားနာကျင်ကိုက်ခဲမှုမျိုး ခံစားရပါတယ်။ ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားနဲ့ အားစိုက်ထုတ်မှုအပေါ် မူတည်ပြီး လေ့ကျင့်ခန်း စလုပ်တဲ့ရက်ကနေ ၃ရက်အတွင်း ကိုက်ခဲနာကျင်လာတတ်ပါတယ်။ တချို့အခြေအနေမှာ ကိုယ်ပုံမှန်လုပ်နေကျထက် လေ့ကျင့်ခန်းအချိန်ကို တိုးမြှင့်လိုက်တာ၊ အလေးတိုးဆော့တဲ့အခါမှာလည်း နာကျင်ကိုက်ခဲတတ်ပါတယ်။

    ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပဲလား။

    ဟုတ်ကဲ့ ပုံမှန် လူတိုင်းမှာဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။ ကြွက်သားတွေအနေနဲ့ အလုပ်မပေးဘဲ ငြိမ်နေတာကြာရာကနေ ရုတ်တရက် အလေးအပင်တွေ မလိုက်တာ၊ လှုပ်ရှားလိုက်တဲ့အခါ အသားမကျသေးတဲ့အတွက် နာကျင်ကိုက်ခဲမှုဖြစ်ရတာပါ။

    ဒီလိုနာကျင်ကိုက်ခဲနေစဉ်မှာ အနားယူဖို့ လိုအပ်လား။

    လုံးဝအနားမယူသင့်ပါဘူး။ ဒီလိုနာကျင်ကိုက်ခဲမှုဖြစ်ပေါ်တာဟာ ကြွက်သားတွေအနေနဲ့ ပြင်ပက အားသက်ရောက်မှုနဲ့ အလုပ်လုပ်မှုကို အသားမကျသေးတာကြောင့် ဖြစ်ရတာပါ။ ကိုယ်က နေ့တိုင်းပုံမှန်လေး လေ့ကျင့်ခန်းလုပ်ပေးသွားတဲ့အခါမှသာ နာကျင်မှုက တဖြည်းဖြည်းနည်းသွားပြီး ပုံမှန်လိုပဲ ဆော့ကစားသွားနိုင်မှာပါ။ ဒါ့အပြင် ကိုယ်ဆော့နေတဲ့အလေးနဲ့ ဟန်ချက်ထိန်းနိုင်သွားပြီဆိုရင် အလေးတိုးဆော့ပေးခြင်းဖြင့် အဆီလောင်ကျွမ်းမှုနဲ့ ကြွက်သားထုတက်စေဖို့ကိုလည်း လျင်မြန်သွားစေနိုင်ပါတယ်။

    နာကျင်ကိုက်ခဲမှုဟာ ဘယ်လောက်ထိ ကြာနိုင်လဲ။

    အခြေအနေပေါ်မူတည်ပြီး ၃ရက်ကနေ ၅ရက်ထိသာ ကြာနိုင်ပါတယ်။ ဒီကြားထဲမှာ လေ့ကျင့်ခန်းကိုလည်း ပုံမှန်ဆော့ကစားပေးနေဖို့ အရေးကြီးပါတယ်။ ဒီတော့မှ နာကျင်ကိုက်ခဲတာ သက်သာသွားတဲ့အခါ ကိုယ်က အလေးကို ကောင်းကောင်းမပြီး ကစားပေးနိုင်မှာပါ။ အဲ့လို မဟုတ်ဘဲ နားလိုက်ရင် ပြန်ကစားတဲ့အခါ နဂိုအတိုင်း ဆက်ပြီးနာနေတော့မှာပါ။

    ဘယ်လို ကုသလို့ ရမလဲ။ သက်သာအောင် လုပ်ပေးနိုင်မလဲ။

    ကြီးကြီးမားမား ကျန်းမာရေးပြဿနာမဟုတ်တဲ့အတွက် ကုသပေးစရာ မလိုပါဘူး။ အိမ်တွင်းနည်းလမ်းများနဲ့ ကိုယ့်ဘာသာ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ဘာတွေ လုပ်ပေးလို့ရမလဲဆိုရင်

    • ရေအေးအေး လောင်းချိုးပါ
    • နာကျင်ကိုက်ခဲနေတဲ့ နေရာကို ရေခဲဝတ်ကပ်ပေးပါ
    • အကိုက်အခဲပျောက်ဆေးကို နီးစပ်ရာဆေးဆိုင်မှာ ဝယ်သောက်ပါ (အလွန်အမင်း နာကျင်ကိုက်ခဲတဲ့အချိန်မှသာ သောက်သင့်ပြီး တစ်ရက်၊ နှစ်ရက်ထက် ပိုမသောက်သင့်ပါဘူး)
    • မိသားစုဝင်တစ်ဦးဦးကို နှိပ်နယ်ခိုင်းပါ

    နောက်ထပ် ဂရုပြုသင့်တဲ့အရာတွေကတော့ လေ့ကျင့်ခန်း လုပ်နေစဉ် ကာလတစ်လျှောက်လုံးမှာ နာကျင်သည်ဖြစ်စေ၊ မနာကျင်သည်ဖြစ်စေ

    • အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ တစ်နေ့ကို ညအိပ်ချိန် ၇-၈နာရီ အနည်းဆုံးရှိဖို့ လိုအပ်ပါတယ်။
    • အစာအာဟာရကို မျှတစွာ စားသုံးပေးပါ။
    • ပရိုတင်းဓာတ်နဲ့ ကစီဓာတ်ကို များများစားပေးပြီး အဆီဓာတ်ကို ပါဝင်ရုံ စားပေးပါ။
    • လေ့ကျင့်ခန်းမလုပ်တဲ့ တခြားအချိန်တွေမှာလည်း တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးပါ။

    နောက်ဆုံးအနေနဲ့ အကြံပေးလိုတာက လေ့ကျင့်ခန်း စစလုပ်ချင်းဖြစ်စေ၊ ပြန်ပြီး လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ ကြွက်သားနာကျင်ကိုက်ခဲမှုဆိုတာ ရှောင်လွဲလို့မရတဲ့ ပြဿနာပါ။ ဒါကြောင့် လုံးဝဇွဲလျှော့ပြီး ရပ်လိုက်တာမျိုးမလုပ်ဘဲ ၅ရက်၊ တစ်ပတ်လောက်ကို သေချာသည်းခံပြီး လုပ်ပေးကြပါနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement