backup og meta

အမျိုးသားတိုင်း အလေးတုံးမလိုဘဲ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတိုင်း အလေးတုံးမလိုဘဲ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ

    လေ့ကျင့်ခန်းကို လူတော်တော်များများက လုပ်ရမှာ ပျင်းကြပါတယ်။ အချိန်မရှိတာထက် လုပ်ချင်စိတ်မရှိတာက ပိုများနေတတ်ကြတာကိုး။ တကယ်တော့ လေ့ကျင့်ခန်းဆိုတာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေလို တစ်နေ့လုံး အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ရတာ၊ စိတ်ဖိစီးမှုပြဿနာတွေ အမြဲကြုံနေရတဲ့သူတွေအတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးပြီး စိတ်အာရုံတက်ကြွနေဖို့ အရေးကြီးပါတယ်။

    ခုလို Covid-19 ကြောင့် Gym တွေလည်း ပိတ်၊ အပြင်လည်း မသွားရ၊ တစ်နေကုန် အိမ်မှာပဲ ထိုင်ပြီး အလုပ်လုပ်ရင် လုပ်၊ မလုပ်ရင်လည်း အိပ်ရာပေါ်မှာပဲ လှဲနေတဲ့အခါ လူက လေးလံထိုင်းမှိုင်းပြီး ပျင်းရိလာတတ်ပါတယ်။ စားထားသမျှကလည်း လေ့ကျင့်ခန်း မလုပ်တော့ ကယ်လိုရီတွေ လောင်ကျွမ်းမှု အရမ်းနည်းပြီး အဆီတက်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် အလေးမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်အိပ်ခန်းထဲမှာ လုပ်လို့ ရမယ့် လေ့ကျင့်ခန်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။

    ၁။ ဒိုက်ထိုးပါ။

    ကျန်းမာတက်ကြွပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသားတိုင်း မဖြစ်မနေလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဒိုက်ထိုးတဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ရင်အုပ်၊ လက်မောင်း၊ ပုခုံးတွေကို အားသုံးပြီး လုပ်ရတာဖြစ်တယ်။ တခြားဘာပစ္စည်းကိရိယာမှ မလိုဘဲ လုပ်ချင်စိတ်ရှိရုံနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒိုက်ထိုးခြင်းဖြင့် ရင်အုပ်ကို ကျယ်စေတယ်။ ခါးကို မတ်စေတယ်။ လက်မောင်းကြွက်သား တောင့်တင်းသန်မာစေတယ်။ အားအင်ပိုမို စိုက်ထုတ်နိုင်စေတယ်။ အလေးအပင်တွေကိုလည်း ကောင်းကောင်း မ နိုင်လာမယ်။ ဒါကြောင့် အမျိုးသားတိုင်း မနက်နိုးလာပြီဆိုရင် ကိုယ်တတ်နိုင်သလောက် အကြိမ်ရေအလိုက် နေ့စဉ် ဒိုက်ထိုးပေးသင့်ပါတယ်။ မနက်ပိုင်း မဟုတ်လည်း ကိုယ် ရေချိုးခါနီးအချိန်လေး၊ ညနေဘက် အစာမစားခင်လေးမှာ လုပ်ပေးနိုင်ပါတယ်။

    ၂။ လမ်းလျှောက်ပါ။

    အပြင်ထွက်ပြီး လမ်းလျှောက်မှရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်အိမ်ခန်းလေးထဲမှာပဲ အိမ်ရှေ့နဲ့ နောက်ဖေးကို ၁၀ မိနစ်လောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လို့ ရပါတယ်။ လမ်းလျှောက်ပေးရုံနဲ့ ခေါင်းမကြည်၊ စိတ်ညစ်နေတာတွေကို ပျောက်ကင်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ ပေါင်နဲ့ ခြေသလုံး ကြွက်သားတွေ၊ အကြောတွေ တင်းနေတာကို ပြေလျော့စေတယ်။ လမ်းလျှောက်ရင်း အသက်ကို ပုံမှန်ရှူရှိုက်တဲ့ လေ့ကျင့်ခန်းပါ တွဲလုပ်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာက အောက်စီဂျင်လုံလောက်စွာ ရရှိပြီး သွေးလည်ပတ်မှု မြန်စေဖို့ ကူညီပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ခါးကို မတ်မတ်ထားပြီး အသက်ပုံမှန်ရှူရင်း လျှောက်ပေးမယ်ဆိုရင် ခါးကိုင်းနေတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်မှာပါ။

    ၃။ ထိုင်ထလုပ်ပါ။

    ထိုင်ထပုံမှန် လုပ်ပေးခြင်းဖြင့် ပေါင်နဲ့ ခြေသလုံးတွေ ပိုသန်မာလာစေတယ်။ အလေးအပင်တွေ မတဲ့နေရာမှာလည်း ခါးကို သက်တောင့်သက်သာဖြစ်စေပြီး အားအင်ပိုစိုက်ထုတ်လာနိုင်မယ်။ ဒါ့အပြင် အဓိကအားသာချက်ကတော့ တင်ပါးကြွက်သားတွေကိုလည်း သန်လာစေတာပါပဲ။ တင်ပါးကြီးဖို့ဆိုတာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တယ်လို့ ထင်ရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ လိင်မှုကိစ္စ ထမ်းဆောင်ရာမှာ အမျိုးသားတွေအတွက် သက်လုံကောင်းဖို့ လိုအပ်တဲ့အပြင် ကိုယ့်ရဲ့ အဖော်ကိုပါ စိတ်တိုင်းကျစေဖို့၊ အားသွန်ခွန်စိုက် စွမ်းဆောင်ပေးဖို့အတွက် တင်ပါးကြွက်သားက ကူညီပေးနိုင်ပါတယ်။

    ၄။ အိပ်ထ မ တင် လေ့ကျင့်ခန်းပြုလုပ်ပါ။

    အမျိုးသားတွေရဲ့ ဝမ်းဗိုက်က မလိုအပ်တဲ့ အဆီပိုတွေကို ကျစေတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ ဝမ်းဗိုက်ကြွက်သားကိုလည်း ကြံ့ခိုင်စေပါတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေနိုင်တယ်နော်။ အထူးသဖြင့် six packs ဝမ်းဗိုက် ကြွက်သားအတုံးလေးတွေ လိုချင်တယ်ဆိုရင်တော့ အိပ်ထ မတင်ကို တစ်နေ့ အနည်းဆုံး အကြိမ် ၃၀ ခန့် ကိုယ်နိုင်သလောက် လုပ်ပေးသင့်ပါတယ်။ အစာစားချိန်နဲ့တော့ အနည်းဆုံး နာရီဝက် တစ်နာရီခန့် ခြားပေးဖို့တော့ သတိထားပေးပါ။

    လုပ်ချင်စိတ်တစ်ခုတည်းရှိရုံနဲ့ ဘာအလေးမှ မလိုဘဲ အိမ်မှာ ကိုယ်တိုင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၄ မျိုးကို ပြောပြပေးလိုက်တယ်နော်။ မနက်ပိုင်း နိုးလာတဲ့အချိန် လေ့ကျင့်ခန်းလုပ်ပြီးရင် ချွေးနည်းနည်းတိတ်အောင် စောင့်ပြီးမှ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး မနက်စာစားလိုက်ရုံပဲဆိုတော့ အချိန်လည်း သိပ်ပေးစရာမလိုတော့ပါဘူး။ လေ့ကျင့်ခန်း စတင်လုပ်ဖို့ နောက်ကျသွားတဲ့အချိန်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ကျန်းမာကြံ့ခိုင်ပြီး သာယာလှပတဲ့ ဘဝလေးပိုင်ဆိုင်ရဖို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ကြစို့။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement