backup og meta

အဖြစ်များဆုံး အားကစားထိခိုက်ဒဏ်ရာများ နဲ့ ကုသနည်းများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်များဆုံး အားကစားထိခိုက်ဒဏ်ရာများ နဲ့ ကုသနည်းများ

    အားကစားသမား ပညာရှင် တွေတောင်မှ ကစားရင်း ထိခိုက်မိတဲ့ အနာတရတွေကို မကာကွယ်နိုင်ပါဘူး။ အားကစား ပုံမှန်မလုပ်သူ (သို့) စားပွဲမှာ ထိုင်ပြီးအလုပ်လုပ်သူဆိုရင် အနာတရ ဖြစ်နိုင်ချေ ပိုများပါတယ်။

    အောက်ဖော်ပြပါ အချက်တွေကတော့ ဆေးရုံ ဆေးခန်းတွေမှာ အများဆုံးတွေ့ရတဲ့ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာ ရမှုတွေပဲဖြစ်ပါတယ်။

    • ကြွက်သားဒဏ်ရာရခြင်း

    အတွေ့အများဆုံး မတော်တဆမှုကတော့ ကြွက်သားဒဏ်ရာရခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓါအတွင်းက ဘယ်ကြွက်သားမဆိုမှာ ဖြစ်နိုင်ပါတယ်။ သင်ဘယ်လောက် သွေးပူလေ့ကျင့်ခန်းလုပ်သည်ဖြစ်သည်၊ အနားနေပြီး ကြွက်သားဆန့်ထုတ်သည်ဖြစ်စေ ကြွက်သားဒဏ်ရာရခြင်းကို ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အကျွံ အသုံးပြုမိခြင်း(သို့) ချော်ကျခြင်းမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို ကြွက်သားဒဏ်ရာရခြင်းမျိုး မဖြစ်စေဘဲ လုပ်နိုင်တဲ့အလုပ် ရှားပါးပါတယ်။

    ကြွက်သားဒဏ်ရာရခြင်းဟာ ကြွက်သားကို ပြင်းထန်တဲ့အားတစ်ခု သက်ရောက်ပြီး ကြွက်သားမျှင်တွေဟာ သူတို့တတ်နိုင်တာထက် ပိုပြီး ဆွဲဆန့်မိခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ကြွက်သားမျှင်တစ်ခုပဲ ဒဏ်ရာရခဲ့ရင် ကြွက်သားဒဏ်ရာရခြင်းလို့ ခေါ်ပြီး အတော်များများ ဒဏ်ရာရခဲ့ရင်တော့ ကြွက်သား စုတ်ပြဲခြင်း လို့ခေါ်ပါတယ်။

    ကြွက်သားဒဏ်ရာရခြင်း ကုသနည်း

    ကြွက်သားဒဏ်ရာရခြင်းကို ကုသဖို့ အားလုံးလက်ခံထားတဲ့နည်းကတော့ ရေခဲကပ်ပေးပြီး နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်း ပျောက်သွားတဲ့အထိ အနားယူဖို့ပဲဖြစ်ပါတယ်။ ရေခဲတုံးဟာ ကြွက်သားတွေကို လျှော့ချပေးပြီး ကြွက်သားတောင့်တင်းခြင်းမှန်သမျှကို သက်သာစေပါတယ်။ ရေခဲကို မိနစ်နှစ်ဆယ်ကပ် မိနစ်နှစ်ဆယ်နားပြုလုပ်သင့်ပါတယ်။ ထိုနည်းဖြင့် ရေခဲကပ်ခြင်းကို လုပ်နိုင်သလောက် ရက်အနည်းငယ် ပြုလုပ်သင့်ပါတယ်။ ကြွက်သားဒဏ်ရာရခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုဟာ ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

    ခံနိုင်လာတာနဲ့ တစ်ပြိုင်နက် ကြွက်သားကို ဖြည်းညင်းစွာဆွဲဆန့်ပါ။ ကြွက်သားဒဏ်ရာရခြင်းဟာ အဆွဲဆန့်လွန်ခြင်းကို တုံ့ပြန်တဲ့အနေနဲ့ ရုတ်တရက် ကြွက်သားကျုံ့ခြင်း၊ရုန်းခြင်း ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်တယ်။ တကယ်လို့ ကြွက်သားတွေကို ဖြည်းညင်းစွာ မူလအရှည်ပြန်ရောက်အောင်မဆွဲဆန့်ရင် လှုပ်ရှားမှုပြန်လုပ်တာနဲ့ကြွက်သားပြန်ရုန်းမည် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကြွက်သားတွေဟာ ကျုံ့နေချိန်မှာပဲ အနာကျက်သွားသောကြောင့် ဖြစ်သည်။ ယေဘုယျအားဖြင့် သင့်ရဲ့ ဒဏ်ရာရတဲ့ အစိတ်အပိုင်းဟာ အခြားကျန်းမာတဲ့တစ်ဖက်ဆန့်နိုင်သလောက် မနာမကျင် နဲ့ ဆန့်နိုင်တယ်ဆိုရင် သင့်ပုံမှန်အလုပ်ကို ပြန်လုပ်နိုင်ပါပြီ။ ခြေသလုံးကြွက်သားအတွက်ဆိုရင် တစ်ပတ်လောက် ပြန်ကောင်းဖို့ အချိန်ယူနိုင်ပြီး တံကောက်ကြောအတွက်ဆိုရင်တော့ တစ်လကျော်အချိန်ယူရမှာ ဖြစ်ပါတယ်။

    ခါးနာခြင်း

    အားကစားလုပ်နေတဲ့သူ အများစုဟာ ခါးနာခြင်းကို တစ်ချိန်ချိန်မှာ ကြုံတွေ့ရမှာဖြစ်ပြီး များသောအားဖြင့်ကတော့ အချိုးမကျပဲ ကိုယ်ခန္ဓါကို လှည့်မိခြင်း၊ လေးလံသော အရာတစ်ခုခုကို မမိခြင်းနဲ့ လေ့ကျင့်မထားတဲ့ လှုပ်ရှားမှု တစ်ခုကို လုပ်မိခြင်းတို့ကြောင့် ဖြစ်ပွားတတ်ပါတယ်။ ခါးနာခြင်းဟာ များသောအားဖြင့် အားနည်းတဲ့ (သို့) တောင့်တင်းနေတဲ့ ကြွက်သားတွေ ကြောင့်ဖြစ်တာ ဖြစ်ပါတယ်။ ရုတ်တရက် ကြွက်သားတွေကို အလုပ်အပိုပေးလိုက်ခြင်းဟာ ကြွက်သားအမျှင်တွေကို ဆွဲဖြဲသလိုဖြစ်ပြီး နောက်ပိုင်း ကြွက်သားတွေကို ကျုံ့စေ ရုန်းစေပြီး နာကျင်မှု ရရှိစေပါတယ်။ ဝိတ်မသူတွေ၊ ဂေါက်ရိုက်သူတွေ၊ ကရာတေး ကစားသူတွေနဲ့ တင်းနစ်ကစားသူတွေမှာ ခါးနာမှု ပိုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေဟာ တစ်ဖက်တည်းကို ပိုအားပြုရတဲ့ အားကစားတွေ ဖြစ်လို့ပါပဲ။ ဂေါက်ရိုက်သူတွေဟာ ကျောရိုးမကြီးကို ဦးတည်ရာတစ်ခုတည်းဘက်ကို လှည့်ပြီး ဒါဟာ ကိုယ်ခန္ဓါတစ်ဖက်တည်းနဲ့ အလေးမတာနဲ့ တူပါတယ်။ ကရာတေးကစားသူတွေဟာ ယေဘုယျအားဖြင့် ပိုသန်တဲ့ ခြေထောက်တစ်ဖက် ရှိပြီး အဲဒီခြေထောက်ကို အခြားတစ်ဖက်ထက် ပိုအသုံးပြုပြီး ကန်ခြင်းကို ပြုကြပါတယ်။

    ခါးနာခြင်းကို ကုသနည်း

    ကံကောင်းတာကတော့ ပုံမှန်ခါးနာခြင်းတွေဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဆေးကုသည်ဖြစ်စေ၊ မကုသည်ဖြစ်စေ ပျောက်ကင်းသွားလေ့ ရှိပါတယ်။ တစ်ပတ်လောက် ကြာပြီးရင် နောက်ကျော၊ တံကောက်ကွေး၊ နဲ့ ဝမ်းဗိုက်ကြွက်သားတွေ ကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို ခါးနာတာ ပြန်ဖြစ်ခြင်းမှ ကာကွယ်ဖို့ ပြုလုပ်သင့်ပါတယ်။

    နောက်ကျော ကြွက်သားကျုံ့ခြင်းရုန်းခြင်း ဖြစ် ရင် မခံမရပ်နိုင်အောင် နာ ၍ မလှုပ်ရှားနိုင်ဖြစ်တတ်ပါတယ်။ ဒါဆို ရက်အနည်းငယ် ခဏနားပြီး Aspirin (သို့) အခြားအရောင်ကျဆေးတွေ သောက်သင့်ပါတယ်။ နောက်ကျောကို မိနစ်၂၀လောက်တစ်ခါ ရေခဲကပ်ပြီး နာကျင်မှု ရှိနေသေးသ၍ ကပ်သင့်ပါတယ်။

    ဆယ်ရက်လောက်အထိ မသက်သာခဲ့ရင် ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုလည်း လိုအပ်ပါလိမ့်မယ်။ ရေခဲ ပြီးတော့ အပူ၊ လျှပ်စစ်နဲ့ ကြွက်သားလှုံ့ဆော်ခြင်း၊ ဆွဲဆန့်ခြင်းနဲ့ လက်ချောင်းနဲ့ နှိပ်နယ်ခြင်းတို့လည်း ပါဝင်ပါတယ်။ ဒါတွေလုပ်ပြီးရင် နောက်ကျောနဲ့ ဝမ်းဗိုက်ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေဟာ ခါးနာခြင်းတွေ နောက်တစ်ခါပြန်ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    တံကောက်ကြော ဒဏ်ရာရခြင်း

    တံကောက်ကြော ဒဏ်ရာရခြင်းဟာ အဖြစ်များပြီး နာကျင်မှု ရှိပါတယ်။ သူတို့ဟာ အားကစားသမားအမျိုးစုံ (အပြေးသမား၊ စကိတ်စီးသမား၊ ဘောလုံးသမား၊ ဘက်စကတ်ဘော ကစားသမား) တို့မှာ ဖြစ်နိုင်ပါတယ်။ ကြွက်သား တစ်ခု (သို့) တစ်ခုထက်ပိုပြီး မနိုင်ဝန်ထမ်းရရင် တံကောက်ကြော ဒဏ်ရာရစေပါတယ်။ ဒီကြွက်သားတွေဟာ စတင်ပြီး ပြဲတောင်ပြဲနေနိုင်ပါတယ်။ တံကောက်ကြော ဒဏ်ရာရခြင်းဟာ ပြေးခြင်း၊ ခုန်ခြင်း နဲ့ ရုတ်တရက် ရပ်ခြင်း၊စတင်ခြင်း စတဲ့ လှုပ်ရှားမှုတွေ လုပ်နေစဉ်မှာ ဖြစ်ပွားနိုင်ပါတယ်။

    တံကောက်ကြော ဒဏ်ရာရခြင်း ကုသမှုများ

    ခြေထောက်ကို အနားပေးပါ။ ခြေထောက်ပေါ်မှာ လေးလံတဲ့ ပစ္စည်းတွေ တင်ခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အရမ်းနာနေရင်တော့ မပျောက်မချင်း ချိုင်းထောက်လိုနေပါလိမ့်မယ်။ သင့်ဆရာဝန်ကို ၎င်းတို့ သုံးစရာလိုလား မေးမြန်းပါ။

    နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်း လျော့ပါးအောင် ခြေထောက်ကို ရေခဲကပ်ပါ။ ရေခဲကပ်ခြင်းကို သုံးနာရီ၊လေးနာရီတစ်ကြိမ် တစ်ခါကပ်ရင် မိနစ် ၂၀ ကနေ ၃၀ခန့်နဲ့ နှစ်ရက်၊သုံးရက်လောက် ကပ်ပါ (သို့) နာကျင်တာ မပျောက်မချင်းကပ်ပါ။

    သင့်ခြေထောက်ကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးကိုပတ်ပြီး ခြေထောက်အရောင်ကျဖို့ အသုံးပြုပါ။

    ထိုင်နေရင် (သို့) လဲလျောင်းနေရင် ခြေထောက်ကို ခေါင်းအုံးတစ်ခုခုပေါ် တင်မြှောက်ထားပါ။

    အရောင်ကျပြီး နာကျင်မှု သက်သာစေတဲ့ ဆေးတွေ သောက်သုံးပါ။ Ibuprofen (Advil, Motrin) နဲ့ naproxen (Aleve, Naprosyn) အစရှိတဲ့ စတီးရွိုက်မပါသော အရောင်ကျဆေးတွေဟာ နာကျင်မှုနဲ့ ရောင်ရမ်းခြင်းကို သက်သာအောင် ကူညီပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုဆေးတွေမှာ သွေးထွက်ခြင်းနဲ့ အနာဖြစ်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ရှိတတ်ပါတယ်။ ဒီဆေးတွေကို သင့်ဆရာဝန် ညွှန်ကြားချက်မရှိရင် ခဏတာသာ သုံးစွဲသင့်ပါတယ်။

    ဆွဲဆန့်ခြင်းနဲ့ သန်မာစေတဲ့လေ့ကျင့်ခန်းတွေကို ဆရာဝန်က ပြု လုပ်ခိုင်းရင် ပြုလုပ်သင့်ပါတယ်။ တံကောက်ကြောကို သန်မာအောင် ပြုလုပ်ခြင်းကသာ တံကောက်ကြော ဒဏ်ရာရခြင်းကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

    တင်းနစ်တံတောင်ဆစ်

    တင်းနစ်တံတောင်ဆစ်ဟာ တံတောင်ဆစ်က ကြွက်သား နှင့် အရိုးတွေကို ဆက်ပေးတဲ့ အရွတ ်နဲ့လက်ဖျံကြွက်သား တွေ ရောင်ရမ်းခြင်းကြောင့်ဖြစ်ပါတယ်။ ဒီကြွက်သားတွေဟာ လက်ကောက်ဝတ်ကို နောက်ကို ဆွဲကွေးလိုက်ပြီးတော့ လက်ဖဝါးကို အပေါ်ဖက်ကို မျက်နှာမူစေပါတယ်။ ကြွက်သားတွေနဲ့အရွတ်တွေကို အလွန်အကျွံ အသုံးပြုသောကြောင့် ရောင်ရမ်းလာတဲ့အခါ တံတောင်ဆစ်အပြင် ( lateral epicondyle ) မှာ နာလာပါတယ်။ တင်းနစ်သမားတွေဟာ ဘောလုံးကို လက်ပြန်နဲ့ ရိုက်တဲ့အခါမှာ လက်ဖျံ ကြွက်သားနဲ့ အရွတ်တွေကို ထိခိုက်စေပါတယ်။ တင်းနစ်ရိုက်တဲ့အခါ ပိုကောင်းတဲ့ ရိုက်ချက်ကို ရဖို့ လက်ကောက်ဝတ်ကိုတောက်လျှောက် ကွေးထားခြင်းဟာ နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဂေါက်ရိုက်သူတွေမှာလည်း ဖြစ်ပွားတတ်ပေမယ့် သူတို့မှာတော့ မသန်တဲ့ဘက်မှာ ဖြစ်မှာပါ။ ဥပမာ ညာသန်ဆိုရင် ဘယ်လက်ကောက်ဝတ်မှာ နာမှာဖြစ်ပါတယ်။

    ဘယ်ဘက်လက်ကောက်ဝတ် နဲ့ ဂေါက်ရိုက်တုတ်ကို လွှဲရိုက်ခြင်းဟာ ဘယ်ဘက်တံတောင်ဆစ်ကို နာကျင်စေပါတယ်။ တင်းနစ် တံတောင်ဆစ်နောက်တစ်မျိုးကိုတော့ medial epicondylitis လို့ခေါ်ပါတယ်။ ဒါဟာ တံတောင်ဆစ်ရဲ့ အတွင်းပိုင်းမှာ နာကျင်မှု ဖြစ်ပွားစေတာပါ။ ဂေါက်ရိုက်သမားတွေ၊ ဘေ့စ်ဘော သမားတွေ၊ တင်းနစ်သမားတွေနဲ့ အလေးမသမားတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။

    တင်းနစ် တံတောင်ဆစ် ကုသနည်း

    တင်းနစ် တံတောင်ဆစ်ကို ဆေးတွေထက် သင်ခန်းစာတွေနဲ့ ကုသနိုင်ပါတယ်။ တင်းနစ်ကစားသမားတွေဟာ ခြေထောက်ကို ဘယ်လိုရွှေ့ပြီး ကိုယ်ခန္ဓါကို ဘယ်လိုအနေအထားမှာ ထားကာ ဘောလုံးကို ကိုယ်ခန္ဓါတစ်ခုလုံးရဲ့ အလေးချိန်နဲ့ ဘယ်လိုရိုက်ရမယ်ဆိုတာ သင်ယူသင့်ပါတယ်။ ဒါဟာ တံတောင်ဆစ်ကို ဖိအားမများစေတော့ပါဘူး။ နာတာရှည် တံတောင်ဆစ်ပြဿနာ ရှိတဲ့ ဂေါက်ရိုက်သမားတွေဟာလည်း လွှဲရိုက်မှုကို ဖြောင့်ဖြူးစေမယ့် သင်ခန်းစာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

    Cortisone ထိုးခြင်းဟာ စံထားရတဲ့ ကုသမှုဖြစ်ပေမယ့် ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကိုသာ လျော့ကျစေပြီး အကြောင်းရင်းဖြစ်တဲ့ လက်ဖျံ အရွတ်ကို ဖိအားများခြင်း ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းတွေဟာ လက်ဖျံရဲ့ အင်အားကို တိုးတက်စေပါတယ်။

    ဒီလေ့ကျင့်ခန်းတွေမှာ လက်ကောက်ဝတ်ကွေးခြင်းတွေ ပါဝင်ပါတယ်။ သိပ်မလေးတဲ့ အလေးတုံး တစ်ခုကို လက်တစ်ဖက်ကကိုင်ပြီး လက်ကောက်ဝတ်က ိုရှေ့ကို ကွေးလိုက်ပါ။ ပြီးရင် ပြောင်းပြန် ပြုလုပ်ပါ။ လက်မမောပန်း မချင်း ပျော့ပြောင်းတဲ့ ရာဘာဘောလုံးကို ညှစ်ထားပေးခြင်းဟာလည်း လက်ကောက်ဝတ် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

    အပြေးသမားရဲ့ ဒူးပြဿနာ

    အဖြစ်အများဆုံးဒူးပြဿနာကိုတော့ ဆေးပညာအရ Chondromalacia Patella လို့ ခေါ်ပါတယ်။ ဒါဟာ ဒူး ခုံညင်းရိုး ဟာ သူ့ ရှိရမယ့်လိုင်းလမ်းကြောင်းလေးထဲမှာ အနေအထား မှန်စွာ မရှိလို့ ဖြစ်တာပါ။ ပုံမှန်ဆိုရင် ဒူးကွေးရင် (သို့) ဆန့်ရင် ခုံညင်းရိုးဟာ သူရှိရာ လိုင်းလမ်းကြောင်းထဲမှာ အပေါ်တက်လိုက် အောက်ဆင်းလိုက် လှုပ်ရှားပါတယ်။ ဒါပေမယ့် အနေအထားလွဲရင်တော့ ခုံညင်းရိုးက တစ်ဖက်ကို စောင်းပြီး လိုင်းရဲ့ တစ်ဖက်ကို ပွတ်တိုက်ပါတယ်။ ဒါဟာ လိုင်းရဲ့ဘေးမှာ ရှိတဲ့ အရိုးနုကိုရော ခုံညင်းရိုးမှာ ရှိတဲ့ အရိုးနုကိုပါ ပျက်စီးစေပါတယ်။ တစ်ခါတလေမှာ အရည်တွေ စုပြုံလာပြီးတော့ ဒူးအတွင်းရောင်ရမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါဖြစ်ပွားတာဟာ အပြေးသမားတွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ အပြေးအားကစားတစ်ခုခု လုပ်ဆောင်ပြီးရင် ခုံညင်းရိုး နောက်တစ်ဝိုက်နဲ့ ဒူးရဲ့အနောက်ဘက်တွေမှာ နာကျင်နိုင်ပါတယ်။

    အပြေးသမား ဒူးပြဿနာ ကုသနည်း

    ကုသနည်းမှာ ခုံညင်းရိုးကို ချိတ်ဆွဲကာ ရှိရမည့် လိုင်းလမ်းကြောင်း အလယ်မှာ ထိန်းထားပေးတဲ့ Quadriceps ကြွက်သား (ပေါင် ရှေ့ကြွက်သား) တွေကို သန်စွမ်းအောင်လုပ်ခြင်းတွေ ပါဝင်ပါတယ်။

    Quadriceps ကြွက်သားတွေ ကျုံ့ခြင်း၊ လျော့ခြင်းပြုလုပ်ခြင်းဖြင့် သန်စွမ်းအောင်လုပ်တဲ့ လေ့ကျင့်ခန်းတွေလည်း ပါဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာ ခြေထောက်ကို အပြည့်အဝ မဆန့်ထုတ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ခုံညင်းရိုးကို ပိုပြီး ပွတ်တိုက်စေတာမို့ လက္ခဏာတွေကို ပိုဆိုးစေမှာပါ။

    ကုသနည်းတွေမှာ Quadriceps ကို ဆွဲဆန့်ခြင်း၊ နှိပ်နယ်ခြင်းတို့ ပါဝင်ပါတယ်။ ပေါင်အပေါ်ပိုင်းကတစ်ဆင့် ဒူးအထိ နှိပ်နယ်ပေးပါ။ ဒါဟာ ကြွက်သားတွေ ဆွဲဆန့် ခြင်းကိုအားပေးပြီး ကျုံ့ခြင်းကို သက်သာစေပါတယ်။ Aspirin မမာဏ တိုးသောက်ခြင်း၊ ပုံမှန် aspirin တစ်နေ့ နှစ်ပြားလောက် (သို့) pH လျော့ချထားသော aspirin တစ်နေ့လေးပြားကို ဒူးသက်သာတဲ့အထိ သောက်ခြင်းက ခုံညင်းရိုး အရိုးနု ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement