backup og meta

စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ

    ယောဂ ဆိုတာနဲ့ ခန္ဓာကိုယ် သွယ်လျကျစ်လျစ်စေဖို့ အဆီကျအားကစားသင်တန်းတွေမှာ ကစားရတဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေ၊ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ရတာတွေကိုပဲ အရင်သတိရကြတာ များပါတယ်။ တကယ်က အဆီကျဖို့ အတွက်ပဲ အကျိုးကျေးဇူးရှိတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ လို့ ပြောကြတာ ဘာကြောင့်များပါလိမ့်။

    စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ

    ယောဂဆိုတာ စိတ်ရောကိုယ်ရော ကျန်းမာရေးအတွက် တကယ်ကိုအကျိုးရှိတဲ့လှုပ်ရှားမှုတွေပါ။ အဆီကျကျစ်လျစ်စေတာက အစ သက်ရှည်ကျန်းမာခြင်းအထိ သူ့ရဲ့ကောင်းကျိုးတွေက ပြောလို့ မကုန်နိုင်ပါဘူး။ အဲဒီထဲမှာမှ အကြောပြေလျှော့ ယောဂလေ့ကျင့်ခန်းက စိတ်ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ပြောပြမယ်နော်။

    ယောဂက –

    စိတ်ဖိစီးမှုနဲ့ သောကတွေကို လျော့ပါးစေတယ်

    စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေဟာ ခန္ဓာကိုယ်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဆုတ်ယုတ်မှု များစေနိုင်ပါတယ်။ စိတ်ရှုပ်ထွေးမှု၊ စိတ်လှုပ်ရှားမှု၊ စိုးရိမ်စိတ်တွေကြောင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေအထိ ဖြစ်လာစေနိုင်ပါတယ်။ ယောဂ ကစားတဲ့အခါ စိတ်တည်ငြိမ်လာမယ်၊ ပြေလျော့လာမယ်၊ အကောင်းမြင်လာမယ်။

    အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းလာမယ်

    ယောဂ ကစားတဲ့သူတွေဟာ ယောဂကစားကွက် တစ်ခုချင်းစီအလိုက် ဦးနှောက်လုပ်ဆောင်ချက် တိုးတက်မှု ရနိုင်ပါတယ်တဲ့။ ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ကောင်းကျိုးအတွက် တချို့ ကိုယ်နေဟန်ထား ယောဂကစားကွက်တွေကို အသုံးပြုနေကြပြီလည်း ဖြစ်ပါတယ်။ ယောဂ ကစားခြင်းက အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီး မှတ်ဉာဏ်သိမ်းဆည်းမှုကိုလည်း တိုးတက်စေနိုင်ပါတယ်။

    စိတ်အာရုံကြည်လင်စေတယ်

    ဘာကြောင့်ဖြစ်စေတာလဲ ဆိုတဲ့အပေါ် အတိအကျ အဖြေမထုတ်ရသေးပေမယ့် စိတ်ကြည်လင် ရှင်းလင်းစေတာကိုတော့ ပညာရှင်တွေက အတည်ပြုထားပါတယ်။ လေ့လာမှုတွေအရယောဂ ကစားခြင်းက မှတ်ဉာဏ်ချို့ယွင်းနေတဲ့ ဝေဒနာရှင်တွေနဲ့ စိတ်ဓာတ်ကျနေတဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနေထိုင်မှုမှာ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု ပိုရစေတာ တွေ့ရပါတယ်။

    ယောဂ ကစားတာက သတိနဲ့ သမာဓိ ပိုခိုင်မြဲစေတယ်

    ယောဂလေ့ကျင့်ခန်းနဲ့ တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပြီး ပြေလျော့စေတဲ့အတွက် သတိပိုခိုင်မြဲစေပါတယ်။ သတိကောင်းမှ ဆုံးဖြတ်ချက်ချနိုင်စွမ်း ပိုကောင်းလာမယ်။ တရားထိုင်ရင်း စိတ်ဖိစီးမှုလျော့စေပြီး သမာဓိအား ကောင်းမယ်၊ လူမှုဆက်ဆံရေး ပိုကောင်းစေမယ်။

    စိတ်ကျခြင်းကို သက်သာစေတယ်

    စိတ်ဓာတ်ကျနေတာ၊ စိတ်ဖိစီးနေတာ၊ စိတ်ရှုပ်ထွေးနေတာတွေကို ဖြေလျှော့ပေးနိုင်ပြီး အထီးကျန်စိတ်ကို ဖြေလျှော့ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ညအိပ်မပျော်ခြင်းကို သက်သာစေနိုင်တဲ့အပြင် စိတ်ကစဉ့်ကလျားရောဂါနဲ့ စိတ်ဒဏ်ရာကြောင့် ဖိစီးမှုဝေဒနာ(PTSD) တို့လို စိတ်ကျန်းမာရေးပြဿနာတွေကိုပါ ကုသနိုင်ပါတယ်။

    ယောဂက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေတယ်

    ယောဂကစားခြင်းက စိတ်နဲ့ ခန္ဓာ ဆက်သွယ်မှုကို တိုးတက်စေပါတယ်။ လေ့ကျင့်နေရင်း ဟန်ချက်ညီထိန်းညှိမှုတွေကတဆင့် ခန္ဓာကိုယ် ကျန်းမာရေးကောင်းလာပြီး စိတ်တည်ငြိမ်လာ၊ အရာရာကို အရှိအတိုင်း လက်ခံလာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေပါတယ်။

    ယောဂဟာ ခန္ဓာကိုယ် အလှအပအတွက်တင်မကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် ဆေးနည်းတစ်လက် ဖြစ်ပါတယ်။သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ လွှမ်းမိုးမှုရှိတာကြောင့် ပိုပြီးနုပျိုသွက်လက်စေပြီး လွတ်လပ်ပေါ့ပါးတဲ့ သွင်ပြင်ကို ရရှိစေပါတယ်။ ဘဝကို အဓိပ္ပာယ်ရှိရှိ နေသွားနိုင်မယ့် ၊ သက်တမ်းကုန်သည်ထိ နေသွားနိုင်မယ့် စွမ်းအင်တွေကိုလည်း ယောဂက ပေးစွမ်းနိုင်ပါတယ်။

    ယောဂ ကစားဖို့ အချိန်မပေးနိုင်ရင်

    ယောဂကစားဖို့ အချိန်မပေးနိုင်တဲ့သူတွေ၊ မလှုပ်ရှားနိုင်တဲ့သူတွေ ရွေးချယ်နိုင်ဖို့ ယောဂလိုပဲ အလားတူ အကြောပြေလျော့စေမယ့် နည်းလမ်းတစ်ခု ရှိသေးတယ်။ အလုပ်လုပ်ရင်း၊ ထိုင်နေရင်း ဒါမှမဟုတ် ခဏနားချိန်အတွင်း ခန္ဓာကိုယ်မှာ လိုတဲ့နေရာ အကြောလျှော့ပေးနိုင်တဲ့ အနှိပ်စက်တွေပါပဲ။

    အနှိပ်စက် (massaging machines)တွေ ဆိုတာ ဇက်ကြော၊ ခါး၊ကျောနဲ့ပေါင် ကြိုက်တဲ့နေရာနှိပ်လို့ရတဲ့ လျှပ်စစ်သုံး လက်ကိုင်အနှိပ်စက်တွေ ဈေးကွက်မှာ အစုံအလင် ရှိသလို တစ်ကိုယ်လုံး အနှိပ်ခံလို့ရတဲ့ အနှိပ်စက်ထိုင်ခုံတွေလည်း ပါဝင်ပါတယ်။

    ခြေထောက်နှိပ်စက်ဆိုလည်း အာရုံကြောအစုံရှိတဲ့ ခြေဖဝါး၊ ခြေသလုံး၊ ခြေထောက်နှစ်ဘက်လုံးကို မိနစ်ပိုင်းလေးအတွင်း အကြောပြေလျော့စေနိုင်စွမ်း ရှိပါတယ်။

    ဒါပမယ့် ဒါက ယောဂအစားထိုး အကြောဖြေလျော့တာပဲဖြစ်ပြီး ယောဂလိုမျိုး ကျန်းမာရေးကောင်းကျိုးတွေ  အပြည့်အဝရမှာတော့ မဟုတ်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement