backup og meta

ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား

    ယောဂလေ့ကျင့်ခန်းသည် ရုပ်နဲ့ခန္ဓာကျန်းမာရေးအတွက် အထူးကောင်းတဲ့ အကြောလျှော့လေ့ကျင့်ခန်းဆိုတာ အားလုံးလည်း သိမယ်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ယောဂလေ့ကျင့်ခန်းကို မိန်းကလေးတွေ လုပ်တာပိုများပြီး အမျိုးသားတွေ ကတော့ သိပ်ပြီး စိတ်ဝင်စားလေ့မရှိပါဘူး။ ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား ။ ယောကျာ်းလေးတွေ ယောဂ‌ကစားလို့ မရဘူးလား။

    ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား

    ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက် အောက်ပါ ကောင်းကျိုးတွေ ရှိစေပါတယ်။

    ၁။ သွေးလည်ပတ်မှုကောင်းစေခြင်း

    သွေးလည်ပတ်မှုကောင်းခြင်းဟာ နှလုံးကျန်းမာစေဖို့ အဓိက သော့ချက်ပါ။ အထူးသဖြင့် အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေဟာလည်း မြင့်တက်လာပါတယ်။

    နောက်တစ်ချက်က လိင်ပိုင်းဆိုင်ရာပါ။ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေရဲ့ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံအတွင်းက သွေးကြောထဲကို ကောင်းစွာ သွေးစီးဆင်းနိုင်မှ ဖြစ်မှာပါ။

    ယောဂသည် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြင့်တက်စေလို့ လိင်ပိုင်းဆိုင်ရာမှာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေအတွက် အဆင်ပြေစေမှာပါ။

    ၂။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

    အလုပ်ကြောင့်ဖြစ်စေ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာကြောင့်ဖြစ်စေ အမျိုးသားတွေမှာ ကြွက်သားနာကျင်ကိုက်ခဲခြင်းဒဏ်ကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ အရိုးများ အားနည်းလာခြင်း၊ ကြွက်သားထုများ လျော့တွဲလာခြင်းကြောင့် ကိုက်ခဲနာကျင်မှုဝေဒနာက ပိုဆိုးလာနိုင်ပါတယ်။

    ယောဂလေ့ကျင့်ခန်းသည် တင်းနေတဲ့ ကြွက်သားတွေကို လျော့ကျစေပြီး ကိုက်ခဲတာကို သက်သာစေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက အကြောအချဉ်များကိုလည်း ပြေလျော့စေလို့ လူက ပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

    ၃။ စိတ်ကျန်းမာရေးကို အကျိုးပြုခြင်း

    အမျိုးသားတွေဟာ ကြွက်သားတင်မကဘဲ စိတ်ခံစားချက်ပိုင်းဆိုင်ရာ တင်းကြပ်မှုကို ပိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် အလုပ်အရမ်းများတဲ့ အမျိုးသားတွေဆိုရင် စိတ်ဖိစီးမှုဒဏ်ကို ပိုခံရတတ်ပါတယ်။ ယောဂသည် စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော် (Cortisol) ဟော်မုန်းထုတ်လုပ်နှုန်းကို လျော့ကျစေလို့ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေနိုင်ပါတယ်။

    ဒီအခါမှာ တစ်နေ့တာလုံး စိတ်ကို ကြည်လင်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း စိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့ လိင်စိတ်ကို အနှောင့်အယှက်ဖြစ်စေတာမျိုး လျော့နည်းသွားမှာပါ။

    ၄။ အာရုံစူးစိုက်မှု ပိုကောင်းလာခြင်း

    ဦးနှောက်ကို အသုံးပြုပြီး အလုပ်လုပ်နေရတဲ့ အမျိုးသားတွေ၊ တစ်ခုခုဆို စိတ်အာရုံ ပျံ့လွင့်လွယ်တဲ့သူတွေအတွက် ယောဂလေ့ကျင့်ခန်းက အကောင်းဆုံးပါပဲ။ ပျံ့လွင့်နေတဲ့ စိတ်အာရုံများကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်စေတယ်။

    စိတ်ကို တင်းထားတဲ့ ဝန်ထုပ်ဝန်ပိုးများကိုလည်း ဖြေလျော့ပေးတဲ့အတွက် လူကို ပေါ့ပါးသွားစေတယ်။ စိတ်အာရုံစုစည်းမှု ကောင်းတဲ့ အမျိုးသားတွေဟာ လုပ်ငန်းခွင်မှာသာမက လိင်ပိုင်းဆိုင်ရာမှာလည်း ကိုယ့်ရဲ့ အဖော်ကို ပိုမိုကောင်းမွန်တဲ့ ကာမသုခကို ပေးစွမ်းနိုင်စေပါတယ်။

    ကဲ ဒါဆိုရင် ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက်လည်း အကျိုးထူးများစွာ ရစေနိုင်တယ်ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ အထူးသဖြင့် တစ်နေ့လုံး အလုပ်လုပ်နေရသူတွေ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရသူတွေအနေနဲ့ နေ့တိုင်းမဟုတ်ရင်တောင် တစ်ရက်ခြား တစ်ကြိမ် သို့မဟုတ် တစ်ပတ်ကို နှစ်ကြိမ်လောက် ယောဂလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင်ကို ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement