backup og meta

တင်ပါးဆုံနှင့် ပေါင်သားရှိအဆီခဲများကို အဆီကျ သက်သာစေရန် နည်းလမ်း ၅သွယ်


Dr. Khin Yin Kyay မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တင်ပါးဆုံနှင့် ပေါင်သားရှိအဆီခဲများကို အဆီကျ သက်သာစေရန် နည်းလမ်း ၅သွယ်

    သင်ဟာ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အရွယ်ရောက်ပြီးတဲ့ နောက်ပိုင်းမှာ သင့်ခန္ဓါကိုယ်ရဲ့ နေရာအချို့၌ ဆယ်လူလိုက် လို့ခေါ်တဲ့ အဆီခဲတွေ ဖြစ်လာတဲ့ အခြေအနေကို သတိထားမိလာပါလိမ့်မယ်။ ဒီအဆီခဲတွေဟာ ရွေ့လျားတဲ့ ပုံပန်းသွင်ပြင် ရှိပြီးလိမ္မော်သီးခွံရဲ့ ချိုင့်နေတဲ့ မျက်နှာပြင် ပွယောင်းယောင်း ပုံစံနှင့် ဒိန်ခဲအပျော့ကဲ့သို့ ပုံစံတွေ ရှိနေကြပါတယ်။ ဒီလိုဖြစ်ခြင်းဟာ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာမျိုး ဖြစ်နေတာမဟုတ်ပေမယ့်လည်း အဆီခဲတွေဟာ သင့်ရဲ့အရေပြားကို ကြည့်ရတာရုပ်ဆိုးစေပါတယ်။ အဆီခဲတွေဖြစ်ပေါ်ခြင်း နှေးကွေးလာအောင်နှင့် အရွယ်အစားသေးသွားအောင် အောက်ဖော်ပြပါ အသုံးဝင်တဲ့ နည်းလမ်း ၅သွယ် ကိုကြိုးစားကြည့်ပါ။

    ကိုယ်အလေးချိန် လျှော့ချခြင်း

    သင်ဟာ ကိုယ်အလေးချိန်တိုးလာမယ်ဆိုရင် သင့်ရဲ့ အဆီဆဲလ်တွေဟာ ပိုပြီးကြီးထွားလာပြီး အဆီခဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့ သူတွေမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်းဟာ အဆီခဲတွေရဲ့ ပုံပန်းသွင်ပြင်ကို လျော့ကျအောင် လုပ်ဆောင်နိုင်ပါတယ်။ လေ့ကျင့်ခန်းအချို့ ပြုလုပ်ပေးခြင်း နှင့်ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပေးခြင်းဟာ သင့်ကို ကိုယ်အလေးချိန် လျော့ကျလာစေနိုင်ပြီး ခြေထောက်၊ပေါင်၊ တင်ပါး နှင့် ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားတွေကိုလည်း ပိုပြီးသန်မာလာစေပါတယ်။ ကိုယ်အလေးချိန် လျှော့ချလိုက်ပြီးတဲ့ နောက်မှာအဆီခဲတွေဟာ သိသိသာသာ လျော့နည်းသွားပေမယ့်လည်း လုံးဝအရှင်း ပျောက်သွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သင်ဟာအခြားသော ကုထုံးတွေရဲ့ အကူအညီလည်း လိုအပ်နိုင်ပါတယ်။

    လေဆာ သို့မဟုတ် အလင်းဖြင့် ကုသခြင်း

    လေဆာဖြင့် ကုသခြင်းဟာ သင့်ရဲ့ အဆီခဲတွေ လျော့ကျတာကို အံ့ဩဖွယ်ကောင်းစွာ သက်သေပြနိုင်ပါတယ်။ တကယ် ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ အာမခံချက်အရှိဆုံး ဆေးကုသမှု တစ်ခုကတော့ လေဆာအသုံးပြုပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။ ၁၄၄၀ နန်နိုမီတာလှိုင်းအင်အားရှိတဲ့ လေဆာလို့ခေါ်တဲ့ စနစ်တစ်ခုဟာ အဆီခဲတွေ လျှော့ချရာမှာ အချိန်အကြာမြင့်ဆုံးနှင့် ကောင်းမွန်တဲ့ ရလဒ်တွေကို သိသိသာသာ ဖြစ်ပေါ်စေပါတယ်။ ခွဲစိတ်မှုခံယူ မယ်ဆိုရင်တော့ အဆီခဲတွေကို ဖြစ်စေတဲ့ ဖိုင်ဘာ အမျှင်တွေကို ဖြတ်တောက်ပစ်ဖို့ရာ အရေပြားအောက်ကို သေးငယ်တဲ့အချောင်း လေးထည့်ပြီးပြုလုပ်ခြင်း ဖြစ်ပါတယ်။ လေဆာဖြင့် ကုသခြင်းမှာတော့ လေဆာမီးဟာ အရေပြားကို ဖြတ်သွားပြီး အဆီခဲတွေဖြစ်ပေါ်စေတဲ့ အတွန့်အချိုင့် နေရာတွေကို အရေပြားရဲ့ မျက်နှာပြင်ပေါ်မှာ ပေါ်လာစေပါတယ်။ လေဆာမီးဟာ ဖိုင်ဘာ အမျှင်တွေနားရောက်လာတာနဲ့ တစ်ပြိုင်နက် ဒီနေရာကိုထောက်ပံ့ပေးထားတဲ့ သွေးထောက်ပံ့မှုကို ဖြတ်တောက်ပစ်လိုက်ပြီး ဒီအမျှင်ကို ဆက်ပြီး မကြီးထွားနိုင်အောင် ပြုလုပ်ပါတယ်။ ဒါ့အပြင် အရေပြားတင်းရင်းစေတဲ့ ကော်လဂျင် ထုတ်လုပ်မှု ပိုမိုပြီးများပြားလာအောင် လှုံ့ဆော်ပါတယ်။

    အဆီစုပ်ထုတ်ပစ်ခြင်း

    ၎င်းကို ခန္ဓါကိုယ် ပုံသဏ္ဌာန်ပေါ်အောင် မလိုသောအဆီများ ဖယ်ရှားပစ်ခြင်းလို့လည်း ခေါ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အလှအပဆိုင်ရာ ခွဲစိတ်မှု အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဒီလို အဆီတွေစုပ်ထုတ်လိုက်ခြင်းဟာ ခန္ဓါကိုယ် ပုံစံပေါ်လာအောင် မလိုလားအပ်သော ကျန်နေတဲ့အဆီတွေကို ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ခန္ဓါကိုယ် ကောက်ကြောင်းတစ်ခုကို ချောမွေ့ ပြေပြစ်စေပါတယ်။ ဒီလိုပြုလုပ်တဲ့ နည်းပညာမှာဆိုရင် ထိပ်ခေါင်းလေးတွေ အမျိုးမျိုးရှိတဲ့ ပြွန်ငယ်လေးတွေကို သုံးပြီး အရေပြားနှင့် ကပ်လျှက်ရှိနေတဲ့ အဆီဆဲလ်တွေကို ဖယ်ရှားပစ်ဖို့ရာ သုံးပါတယ်။ ဒါ့အပြင် ဤကဲ့သို့ ပြုလုပ်ခြင်းဟာ အသေးစားထိခိုက်မှုလေးတွေ ဖြစ်နိုင်ပြီး အရေပြားကို ကျုံ့စေပါတယ်။ ဒီလိုအဆီစုပ်ထုတ်ခြင်း ပြုလုပ်မှုဟာ လူနာအတော်များများမှာ အဆီခဲတွေရဲ့ ကြီးထွားမှုကို လျော့ကျအောင် ကူညီပေးနိုင်ပေမယ့်လည်း အန္တရာယ် အကင်းကြီးတော့မဟုတ်ပါဘူး။ အထူးသဖြင့် သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ ဒီနည်းပညာမှာ မကျွမ်းကျင်ဘူးဆိုရင် သင် အန္တရာယ်ကင်းမှာ မဟုတ်ပါဘူး။

    လိမ်းဆေးများနှင့် ကုသခြင်း

    ဗီတာမင်ဓါတ်များ၊ သတ္တုဓါတ်များ၊ သဘာဝမှရသော သစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော အဆီအနှစ်များနှင့် ဓါတ်တိုးဆန့်ကျင် ပစ္စည်များ စတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခရင်မ်တွေကို အဆီခဲများကုသဖို့ရာအတွက် ဈေးကွက်ထဲမှာ များသောအားဖြင့် ရနိုင်ပါတယ်။ ပုံမှန်အားဖြင့် သင့်ရဲ့ဆရာဝန်ဟာ ကဖေးဓါတ်နှင့် ရတီနောဓါတ်ပါတဲ့ ခရင်မ်တွေကို အဆီခဲတွေ ကုသရာမှာ လိမ်းပေးဖို့ ညွှန်ကြားနိုင်ပါတယ်။ သို့သော် ဒီခရင်မ် လိမ်းဆေးတွေဟာ အဆီခဲလျော့ကျစေဖို့ သိသိသာသာ တိုးတက်ကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိထားခြင်းတော့ မရှိသေးပါဘူး။ အချို့သော လူနာတွေမှာ ဒီလိမ်းဆေးတွေရဲ့ ပါဝင်ပစ္စည်းတွေကြောင့် အရေပြားတွင် ဓါတ်ပြုမှုများနှင့် အရေပြားအကွက်များ ဖြစ်စေနိုင်ပါတယ်။

    အရေပြားကို ဆေးထိုး၍ကုသခြင်း

    ဒီလိုဆေးထိုး၍ ကုသခြင်းမှာဆိုရင် အမိုင်နိုဖိုင်လင်း၊ ဟော်မုန်းများ၊ အန်ဇိုင်းများ၊ သဘာဝမှ ရသောသစ်ဥသစ်ဖုမှ ထုတ်လုပ်ထားသည်များ၊ ဗီတာမင်များနှင့် သတ္တုဓါတ်များ စတာတွေကို ရောပေါင်းပြီး ရလာတဲ့အရည်ကို သင့်ရဲ့ အရေပြားအောက်ကို ထိုးထည့်ခြင်း ဖြစ်ပါတယ်။ ဒီလိုကုသမှုဟာ အဆီတွေကို ဖြိုခွဲနိုင်ပြီး အဆီခဲတွေရဲ့ ပုံပန်းသွင်ပြင်ကို အနည်းငယ်တိုးတက် လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ သို့သော် ဒီလိုကုသမှုဟာ ဆိုးရွားတဲ့ မလိုလားအပ်သော အကျိုးသက်ရောက် မှုတွေဖြစ်စေနိုင်ပါတယ်။ ဆိုလိုတာကတော့ ပိုးဝင်ခြင်း၊ အရေပြားအကွက်ထခြင်းနှင့် အရေပြားတွင် အဖုအထစ်များ သို့မဟုတ် မညီညာသော ကောက်ကြောင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

    အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ ကုသမှု ဆိုင်ရာနည်းလမ်း ၅ မျိုးဟာ သင့်ရဲ့အသားအရေချောမွေ့ပြီး အရေပြား မျက်နှာပြင်မှာ အတွန့်အခေါက်တွေ၊ အချိုင့်တွေ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့ အကောင်းဆုံး ရလဒ်တွေကို ဖြစ်စေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ။ သို့သော် သင့်အတွက်အမှန်ကန်ဆုံး ကုသမှု နည်းလမ်းကို ဆုံးဖြတ်ရာမှာ သတိနှင့် ယှဉ်ပြီး ဆုံးဖြတ်သင့်ပါတယ်။ ဒါ့အပြင် ပိုတိကျကောင်းမွန်တဲ့ အကြံဉာဏ်များ ရယူဖို့ရန် ကျွမ်းကျင်သော သမားတော်နှင့် တိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement