backup og meta

အနာကြီးရောဂါအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာကြီးရောဂါအကြောင်း

    အနာကြီးရောဂါ (lepros) ဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါတယ်။ ခြေလက်၊ အရေပြား၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း စတဲ့နေရာတွေက အာရုံကြောတွေကို ဦးစွာထိခိုက်နိုင်ပါတယ်။ အရေပြားမှာ အနာဖြစ်ခြင်းအာရုံကြောထိခိုက်ခြင်း၊ ကြွက်သားများအားနည်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

    မကုသဘဲထားလိုက်ရင် ရုပ်ဆင်းအင်္ဂါထိခိုက်နိုင်ပါတယ်။ အနာကြီးရောဂါဟာ ကမ္ဘာပေါ်က ရှေးကျတဲ့ရောဂါတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ဘီစီ ၆၀၀ လောက်ကတည်းက တွေ့ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အနာကြီးရောဂါဟာ အပူပိုင်းနဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။

    ဘာလက္ခဏာတွေ ရှိသလဲ

    အနာကြီးရောဂါရဲ့ အဓိကလက္ခဏာတွေကတော့

    – ကြွက်သားများအားနည်းခြင်း

    – ခြေ၊ လက်၊ လက်မောင်းများ အားနည်းခြင်း

    – အရေပြားများ ပျက်စီးခြင်း၊ အနာဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

    အရေပြားဟာ အာရုံခံနိုင်စွမ်းကျလာပြီး အပူ၊ နာကျင်ခြင်း၊ ထိတွေ့မိခြင်း စတာတွေကို မသိနိုင်တော့ပါဘူး။ ထိခိုက်ဒဏ်ရာများရလာရင်လည်း အနာဟာ လနဲ့ချီကြာပြီး မကျက်တာ တွေ့ရပါတယ်။ အရေပြားပေါ်မှာ ဖြူဖျော့ဖျော့ ဒါမှမဟုတ် အနီရောင်အကွက်တွေ ပေါ်လာနိုင်ပါတယ်။

    ဘယ်လိုကူးစက်တတ်သလဲ

    Mycobacterium leprae ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါတယ်။ ရောဂါရှိသူရဲ့ကိုယ်ခန္ဓာအရေပြားက ထွက်လာတဲ့ အရည်များနဲ့ထိမိရင် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်း စတာတွေလုပ်ရင်လည်း ရောဂါပိုးပျံ့နှံ့နိုင်ပါတယ်။ အနာကြီးရောဂါပိုးဟာ ကူးစက်နိုင်ခြေသိပ်မများပါဘူး။ ဒါပေမယ့် ရောဂါရှိသူ၊ မကုသဘဲနေသူနဲ့ လက်ပွန်းတတီးထိတွေ့ဖန်များရင် ရောဂါကူးစက်နိုင်ပါတယ်။ အနာကြီးရောဂါပိုးရဲ့ ပျံ့ပွားနှုန်းဟာလည်း နှေးပါတယ်။

    ရောဂါပိုးဝင်ရောက်ပြီး ၅နှစ်လောက်နေမှ ရောဂါလက္ခဏာပြတာမျိုးလည်း ရှိပါတယ်။ အနှစ် ၂၀ လောက်အထိ ရောဂါလက္ခဏာ မပေါ်ဘဲလည်း နေနိုင်ပါတယ်။

    အမျိုးအစားများ

    အနာကြီးရောဂါအမျိုးအစား ၃မျိုးရှိပါတယ်။ ရောဂါပေါ်ကို ကိုယ်ခံအားရဲ့ တုံ့ပြန်မှုအရ ခွဲခြားထားခြင်း ဖြစ်ပါတယ်။ ၎င်းတို့ကတော့

    – Tuberculoid အမျိုးအစား။ ကိုယ်ခံစွမ်းအား ကောင်းမွန်ပါတယ်။ အရေပြားလက္ခဏလည်း အနည်းငယ်ပဲ ပြပါတယ်။ ရောဂါအခြေအနေလည်း သိပ်မဆိုးပါဘူး။

    – Lepromatous အမျိုးအစား။ ကိုယ်ခံစွမ်းအား အားနည်းပါတယ်။ အရေပြား၊ အာရုံကြောနဲ့ တခြားအစိတ်အပိုင်းတွေကို ထိခိုက်ပါတယ်။ အဖုအပိန့်များလည်း တွေ့ရပါတယ်။ ဒီအမျိုးအစားဟာ ကူးစက်နှုန်း ပိုများပါတယ်။

    – Borderline အုပ်စု။ ရောဂါလက္ခဏာတွေအရ အထက်ပါနှစ်မျိုးစလုံး ဖြစ်နိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။

    တခြားနည်းစနစ်တွေနဲ့ အမျိုးအစားခွဲခြားပုံတွေလည်း ရှိပါသေးတယ်။

    အနာကြီးရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ

    အနာကြိးရောဂါဟာ အသက်အန္တရာယ်ထိ ကြုံတွေ့နိုင်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။ ၎င်းတို့ကတော့

    – ရုပ်ဆင်းအင်္ဂါပျက်ယွင်းခြင်း

    – ဆံပင်နှင့် အမွေးအမျှင်များကျွတ်ခြင်း

    – ကြွက်သားများ အားနည်းခြင်း

    – ခြေ၊ လက် အာရုံကြောများ အမြဲတမ်းပျက်စီးသွားခြင်း

    – ခြေ၊ လက်များကို အသုံးမပြုနိုင်တော့ခြင်း

    – နှာခေါင်းမှ နှာရည်/သွေး အမြဲစိမ့်ထွက်နေခြင်း၊ နှာခေါင်းပုံပျက်သွားခြင်း

    – မျက်စိတိမ်စွဲခြင်း၊ မျက်စိကွယ်ခြင်း

    – အမျိုးသားများ ပန်းသေခြင်း

    ကျောက်ကပ်ပျက်စီးခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    ကူးစက်မှုကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အနာကြီးရောဂါရှိသူနဲ့ ရေရှည်ထိတွေ့ခြင်း မပြုဖို့ ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ အနာကြီးရောဂါသည်တွေရှိနေရင် ထိရောက်စွာ ကုသပေးဖို့ ဖြစ်ပါတယ်။ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။

    အနာကြီးရောဂါဖြစ်ပွားချိန်မှာ ရုပ်ဆင်းအင်္ဂါပျက်ယွင်းခြင်း၊ အရေပြားများပျက်စီးခြင်းကြောင့် လူမြင်မခံဝံ့ဘဲ ထိရောက်စွာမကုသဘဲ ဖြစ်တတ်ပါတယ်။

    အကောင်းဆုံးကတော့ မိမိမှာ ရောဂါရှိကြောင်း၊ မိမိဝန်းကျင်မှာ ရောဂါဖြစ်ပွားသူရှိကြောင်း သိရရင် ဆေးရုံဆေးခန်းပြသပြီး ထိရောက်စွာကုသဖို့ ဖြစ်ပါတယ်။ အရေပြားမှာ ထုံပြီး အာရုံခံစားမှုမရှိခြင်း၊ အနီကွက်များဖြစ်ပေါ်ခြင်း စတာတွေ ကြုံရရင် နားလည်တတ်ကျွမ်းသူများနဲ့ ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement