home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အရက်နှင့်ဆေးဝါးစွဲ အလွဲသုံးစားပြုမှုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ

အရက်နှင့်ဆေးဝါးစွဲ အလွဲသုံးစားပြုမှုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ

လူတစ်ယောက်ဟာ အချို့သောအပြုအမူတွေနဲ့ ဘယ်ဆေးဝါးကိုမဆို စွဲလမ်းသွားနိုင်ချေ ရှိပါတယ်။ ဆေးဝါးအလွဲသုံးစားပြုသူတွေဟာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအပြင် ဆေးပြတ်တဲ့လက္ခဏာ၊ လိုချင်တဲ့အာနိသင်ရဖို့ ဆေးပမာဏတိုးပြီး အသုံးပြုရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အချို့သောဆေးဝါးတွေဟာ ဆေးပြတ်ပြီး အချိန်ကာလအတော်ကြာတဲ့အထိ ခန္ဓါကိုယ်ရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲပစ်နိုင်တဲ့ အာနိသင်ရှိပါတယ်။

ဆေးဝါးသုံးစွဲမှုဟာ မျိုးဗီဇဖော်ပြမှုနဲ့ ဦးနှောက်ရဲ့အလုပ်လုပ်ပုံကို ပြောင်းလဲနိုင်တဲ့အတွက် သုံးစွဲသူရဲ့ အပြုအမူအပေါ် အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ (ဥပမာ ဆေးမသုံးရလျှင် ယင်းထခြင်း) ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲအဖြစ် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ၊ HIV/AIDS၊ အသည်းရောင်ရောဂါနဲ့ အဆုတ်ရောဂါတို့ကို ခံစားရနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ဆေးဝါးတွေကို ပမာဏများများ၊ အချိန်ကြာကြာ အသုံးပြုမှ နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ပေမယ့် အချို့ဆေးတွေကတော့ တစ်ကြိမ်အသုံးပြုရုံနဲ့ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ

အရက်နဲ့ဆေးဝါး အလွဲသုံးစားပြုသူတွေဟာ နှလုံးခုန်မမှန်ခြင်းကစလို့ နှလုံးတိုက်ခိုက်ခံရသည်အထိ အမျိုးမျိုးသော နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ခံစားရတတ်ပါတယ်။ ဆေးဝါးတွေကို အကြောထဲထိုးသွင်း အသုံးပြုခြင်းကြောင့်လည်း သွေးပြန်ကြောများ ရုတ်တရက်သွေးပြတ်ခြင်း၊ သွေးကြောနဲ့ နှလုံးအဆို့ရှင်များအတွင်း ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရခြင်း စတဲ့ နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ

အချို့ဆေးဝါးတွေမှာ အသက်ရှူနှုန်းကို နှေးစေခြင်း၊ အဆုတ်တွင်း လေဝင်ရောက်မှုကို ပိတ်ဆို့ခြင်း၊ ပန်းနာရင်ကြပ်ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစေခြင်း စတဲ့ အာနိသင်တွေရှိပါတယ်။ ဆေးဝါးအလွဲသုံးစားပြုမှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါအချို့ကတော့ လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်ရှိလေအိတ်ငယ်များ ပျက်စီးခြင်း၊ အဆုတ်ကင်ဆာရောဂါတို့ပဲ ဖြစ်ပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ

ဆေးဝါးအလွဲသုံးစားပြုခြင်းဟာ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေပါတယ်။

HIV၊ အသည်းရောင်ရောဂါနှင့် အခြားကူးစက်ရောဂါများ

ဆေးဝါးသုံးစွဲတဲ့ကာလ ရှည်ကြာလာတာနဲ့အမျှ မိမိလိုချင်တဲ့အာနိသင်ရဖို့ အသုံးပြုရတဲ့ ဆေးပမာဏဟာလည်း တဖြည်းဖြည်း တိုးတိုးလာမှာ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲရာကတဆင့် AIDS ရောဂါနဲ့ အသည်းရောင်ရောဂါပိုးများ ကူးစက်ခံရနိုင်ချေ မြင့်လာသလို လိင်ဆက်ဆံမှု ပိုမိုများပြားလာတဲ့အတွက် AIDS ရောဂါအပြင် အခြား လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရနိုင်ချေ အလွန်များလာမှာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ဆေးသုံးရင်း ဆေးလွန်သွားနိုင်တဲ့အန္တရာယ်လည်း ရှိနေပါသေးတယ်။

အရိုးအဆစ်နှင့်ကြွက်သားဆိုင်ရာ ပြဿနာများ

ငယ်ရွယ်စဉ်ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ စတီးရွိုက်အသုံးပြုခြင်းဟာ လိင်ဟော်မုန်းပမာဏ များပြားခြင်း၊ ခန္ဓါကိုယ်ရှိကြွက်သားများ အားနည်းခြင်း၊ ပြင်းပြင်းထန်ထန်ကြွက်တက်ခြင်းစတဲ့ အန္တရာယ်များတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ အရိုးကြီးထွားမှု ပုံမှန်ထက်စောပြီးရပ်တန့်မယ့် လက္ခဏာလည်း ဖြစ်ပါတယ်။

ကျောက်ကပ်နှင့်အသည်းပျက်စီးခြင်း

အချို့ဆေးဝါးတွေဟာ ကျောက်ကပ်နဲ့အသည်း ပျက်စီးပြီး အလုပ်မလုပ်နိုင်တော့တဲ့အထိ အခြေအနေဆိုးရွားစေပြီး ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ကြွက်သားများပျက်စီးခြင်း စတဲ့ လက္ခဏာများ ဖြစ်လာနိုင်ပါတယ်။

ဦးနှောက်ဆိုင်ရာ ပြဿနာများ

ဆေးဝါးတွေဟာ ဦးနှောက်ရဲ့ ဆက်သွယ်မှုစနစ်ထဲဝင်ရောက်ပြီး ဦးနှောက်ဆဲလ်တွေရဲ့ သတင်းအချက်အလက် ပို့လွှတ်ခြင်း၊ လက်ခံခြင်း၊ အစီစဉ်တကျဆောင်ရွက်ကခြင်း လုပ်ငန်းစဉ်တွေကို ကမောက်ကမဖြစ်စေပါတယ်။ ဆေးဝါးတွေဟာ ဦးနှောက်မှာရှိတဲ့ ဓါတုပစ္စည်းတွေကို အတုခိုးပြီးဖြစ်စေ၊ စိတ်ကျေနပ်မှုရရှိစေတဲ့ လျှပ်စီးပတ်လမ်းကို အလွန်အကျွံနှိုးဆွပြီးဖြစ်စေ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အချို့သောဆေးဝါးတွေကို ကာလရှည်ကြာ သုံးစွဲမယ်ဆိုရင် ဦးနှောက်မှာ ပြုပြင်မရတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး ယုံမှားသံသယဖြစ်ခြင်း၊ စိတ်ကျခြင်း၊ ရန်လိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း စတဲ့ စိတ်ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

ကင်ဆာ

စီးကရက်သောက်ခြင်းဟာ ခံတွင်းကင်ဆာ၊ လည်ပင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ အစရှိတဲ့ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်တဲ့ အန္တရာယ်အရှိဆုံး အပြုအမူတစ်ခု ဖြစ်ပါတယ်။

အသက်ဆုံးရှုံးခြင်း

ပေါင်မပြည့် လမစေ့သော ကလေးမွေးဖွားခြင်း၊ သားပျက်သားလျောခြင်း၊ အပြုအမူနဲ့ အသိအမြင်ဆိုင်ရာ ပြဿနာအမျိုးမျိုးဟာ ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပါတယ်။

ယနေ့ခေတ်အခါမှာ လူလေးယောက်မှာ တစ်ယောက်ဟာ အရက်၊ ဆေးရွက်ကြီးနဲ့ တရားမဝင်ဆေးဝါး သုံးစွဲမှုကြောင့် အသက်ဆုံးရှုံးနေရကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုအားလုံးရဲ့ ၇၅ရာခိုင်နှုန်းကျော်ဟာ အရက်နဲ့ဆေးဝါး အလွဲသုံးစားပြုမှုကြောင့် ဖြစ်လာရတယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီအပြုအမူဟာ ကျန်းမာရေးကို ထိခိုက်စေရုံသာမက မိသားစုနဲ့ လူမှုရေးဆိုင်ရာ ပြဿနာပေါင်းအများစွာကို ဖြစ်ပေါ်စေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့ အပြုအမူတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Ye Mhan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။