backup og meta

ညပိုင်းတစ်ရေးနိုးတဲ့အခါ ချွေးစေးတွေပြန်နေတာမျိုး ဖြစ်ဖူးလား။ ဒါတွေကြောင့် ဖြစ်ရတာပါ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညပိုင်းတစ်ရေးနိုးတဲ့အခါ ချွေးစေးတွေပြန်နေတာမျိုး ဖြစ်ဖူးလား။ ဒါတွေကြောင့် ဖြစ်ရတာပါ ။ ။

    တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ဖြစ်ဖူးကြမှာပါ။ ညတစ်ရေးနိုးတော့ တစ်ကိုယ်လုံးချွေးတွေ ရွဲနစ်နေတာမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ချိန်ဆိုတာ ကိုယ်ခန္ဓာအနားယူနေတဲ့ အချိန်ဖြစ်တာကြောင့် ချွေးထွက်စရာအကြောင်းမရှိဘူးလေ။ အဲဒါကို ကိုယ့်ကျမှ ဒီလို ညပိုင်းချွေးတွေရွဲနစ်နေပြီဆိုရင်တော့ ခုပြောပြမယ့်ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ ။ ချွေးထွက်တယ်ဆိုတာ ပုံမှန်ဆိုရင် ကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးထိခိုက်နိုင်တာတွေ ရှိပါတယ်။ ရာသီဥတုပူလို့ ဒီလိုဖြစ်ရတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နွေရာသီလည်း မဟုတ်ဘဲ ညည ချွေးတွေရွဲနစ်နေတယ်ဆိုရင်တော့ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။

    ( ၁ ) အခန်းက ပူနေတာကြောင့်ပါ။

    သင့်အခန်း အပူချိန်က ညဘက်မှာ ၂၀ ဒီဂရီထက်ကျော်နေပြီဆိုရင်တော့ ဒါအခန်းအပူချိန် မြင့်နေတယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်အခန်းက အဲယားကွန်းလည်းတပ်မထား၊ ပန်ကာလည်းမရှိ၊ လေကလည်း ငြိမ်နေတယ်၊ ပြတင်းပေါက်ဖွင့်ထားဖို့ သူခိုးလည်းကြောက်ကြတယ်ဆိုတော့ ပူပူကြီးနဲ့ အိပ်တတ်ကြတယ်လေ။ ဒီလို အခြေအနေနဲ့ ကြုံတွေ့ရတဲ့သူတိုင်း တစ်ရေးနိုးချွေးတွေရွဲနစ်နေမှာကတော့ သေချာပါတယ်။ ရာသီဥတုပူခြင်းကလည်း အိပ်မပျော်တဲ့ ညတွေ များစေတဲ့ အကြောင်းအရင်းထဲက တစ်ခုပါ။ ဒ့ါကြောင့် အိပ်တဲ့အခါ ချည်သားလိုမျိုး လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီကို ရွေးဝတ်ပြီး အိပ်ပါ။

    ( ၂ ) ကိုယ်က နဂိုတည်းက ချွေးထွက်သန်တဲ့သူဖြစ်တာကြောင့်ပါ ။ ။

    Hyperhidrosis လို့ခေါ်တဲ့ ချွေးထွက်သန်တဲ့ ဝေဒနာကို ခံစားနေရတဲ့သူတွေဟာ အခြားသူတွေထက် ပိုချွေးထွက်များပြီး အိပ်နေတဲ့အချိန်မှာတောင် ချွေးထွက်တတ်ကြပါတယ်။ Hyperhidrosis ရဲ့ ထူးခြားချက်ကတော့ သူက လက်ဖျား၊ ခြေဖျား၊ ချိုင်းကြားနဲ့ ခေါင်းချွေးပိုထွက်တတ်တာဖြစ်ပါတယ်။

    ( ၃ ) အိပ်မက်မကောင်းတာကြောင့်လည်း ချွေးစေးပြန်ပြီး လန့်နိုးလာတတ်ပါတယ် ။ ။

    အိပ်မက်ထဲမှာ သူများလိုက်ဖမ်းလို့ပြေးနေတာမျိုး၊ ကြောက်စရာကောင်းတဲ့ အိပ်မက်တွေ မက်ပြီး လန့်နိုးလာရင် ချွေးစေးတွေပြန်ပြီး စိတ်မောနေတတ်တယ်ဟုတ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေတဲ့သူဖြစ်ဖြစ် တစ်ရံတစ်ခါ အိပ်မက်ကြောင့် စိတ်မောပြီး ချွေးစေးတွေနဲ့ နိုးလာတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ fight-or-flight response လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ တုန့်ပြန်မှု ဖြစ်စဉ်က ချွေးထွက်များခြင်းကို ဖြစ်စေတတ်လို့ပါ။

    ( ၄ ) ဟော်မုန်း အပြောင်းအလဲကလည်း ချွေးထွက်များခြင်းကို ဖြစ်စေတတ်ပါတယ်။ ။

    ဒါက အမျိုးသမီးတွေ တွေ့ကြုံရ အများဆုံးပါ။ သွေးဆုံးခါနီးတဲ့အချိန်ဆို မီးယပ်ပူ မီးယပ်ချမ်းထတယ်ဆိုတဲ့ စကားကို ကြားဖူးကြတယ်မလား။ ဒါတွေအားလုံးရဲ့ တရားခံက သွေးဆုံးချိန်ဖြစ်တတ်တဲ့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်ပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ေတွရဲ့ ဟော်မုန်းကလည်း အတက်အကျဖြစ်ပြီး မငြိမ်တာကြောင့် ကိုယ်ဝန်ဆောင်တွေလည်း ညည ချွေးပိုထွက်တတ်ပါတယ်။

    ( ၅ ) စိတ်ငြိမ်ဆေးတွေ ကြောင့်လည်း ညပိုင်းချွေးထွက်များတာတွေ ဖြစ်နိုင်ပါတယ်။

    စိတ်ငြိမ်ဆေးသောက်နေရတဲ့ လူနာတွေနဲ့ ညပိုင်း ချွေးစေပြန်တာနဲ့က ခွဲခြားလို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ငြိမ်ဆေးတွေရဲ့ adrenergic reaction က ကိုယ်တွင်း adrenaline ဟော်မုန်း ပမာဏကို မြင့်တက်စေပြီး ချွေးစေးပြန် စေလို့ပါ။ ဒ့ါကြောင့်ကိုယ် သောက်နေတဲ့ စိတ်ငြိမ်ဆေးက ချွေးအရမ်းထွက်စေလို့ရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အခြားဆေးကို ပြောင်းသောက်လို့ရပါတယ်။

    ( ၆ ) ကိုယ်တွင်းက ခုခံအားစနစ်နဲ့ ရောဂါပိုးနဲ့ တိုက်တဲ့အချိန်ဟာလည်း ညပိုင်းချွေးထွက်များတဲ့ အချိန်ပါ။ ။

    တုပ်ကွေးနဲ့ ရောဂါပိုးတော်တော်များများက ကိုယ်ပူစေတတ်တာကြောင့် မြင့်တက်လာတဲ့ ကိုယ်အပူချိန်ကို ပြန်ကျအောင်လို့ ကိုယ်ခန္ဓာကချွေးတွေ ထွက်ပေးရပါတယ်။ ညပိုင်းချွေးစေးပြန်တာနဲ့ ဆက်စပ်နေတဲ့ နာမည်ကြီး ရောဂါတစ်ခုကတော့ တီဘီရောဂါပဲ ဖြစ်ပါတယ်။ ညပိုင်းချွေးစေးတွေပြန်မယ်၊ အဖျားကလည်း ညနေဆိုငွေ့ငွေ့လေးတက်နေမယ်၊ ချောင်းဆိုးတာရက်ရှည်မယ်၊ လူကလည်း ပိန်ကျပြီး အစားအသောက်လည်း ပျက်နေမယ်ဆိုရင် တီဘီရောဂါဖြစ်နိုင်ပါတယ်။

    ( ၇ ) lymphoma သွေးကင်ဆာဟာလည်း ချွေးထွက်များစေတဲ့ ရောဂါတစ်ခုပါ ။ ။

    Lymphoma ဆိုတာ ခုခံအားအတွက် အရေးပါတဲ့ သွေးဖြူဥနဲ့ ပြန်ရေကြောသွေးကင်ဆာ တစ်မျိုးပါ။ ခုခံအားအတွက် အရေးကြီးတဲ့သွေးဖြူဥတွေကို ထိတာဆိုတော့ ရောဂါပိုးတွေကို မတားဆီးနိုင်၊ အပူတွေတက်၊ ညပိုင်း ချွေးစေးတွေပြန် ပြီး ကင်ဆာတို့ထုံးစံအတိုင်း ကိုယ်အလေးချိန်ကျတာတွေက သူ့ရဲ့ လက္ခဏာတွေပါ။

    ဒါတွေကတော့ အိပ်စက် အနားယူတဲ့ ညဘက်အချိန်မှာတောင် ချွေးစေးတွေပြန်ပြီး လန့်နိုးလာရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အချိန်ကြာကြာဖြစ်တာ၊ တော်တော်နဲ့ မပျောက်တာမျိုးတွေက မပေါ့ဆသင့်တာမို့ သံသယ တစ်ခုခုရှိတာနဲ့ ဆေးပညာက လက်ဦးမှု ရယူနိုင်အောင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့ ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement