backup og meta

အသည်းရောင်နေသူများတွင် ရှောင်သင့်သော အချက်များ


Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်နေသူများတွင် ရှောင်သင့်သော အချက်များ

    အသည်းရောင်နေသူများတွင် ကျန်းမာရေးနှင့် မညီညွတ်စွာ နေထိုင်ခြင်းသည် ပိုပြီးနာတာရှည်လာစေပါသည်။ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းသည် အသည်းကို ပျက်စီးခြင်းမှ ကာကွယ်နိုင်သလို အခြားသူများကို ရောဂါ ကူးစက်စေခြင်းမှ လည်း ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ရမည့် ပုံစံများကို သိထားသင့်ပါသည်။

    အောက်ပါအကျင့်များ သင့်တွင်ရှိလျှင် ဖျောက်ပစ်ဖို့ ကြိုးစားပါ။

    ဆေးလိပ်သောက်ခြင်း

    အသည်းရောင် စီ ပိုးရှိသူများတွင် ဆေးလိပ်သောက်ခြင်းက အသည်းကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။ ထို့ပြင် အဆုတ်ကိုလည်း ထိခိုက်စေပါသည်။ အသည်းအစားထိုးပြုလုပ်နိုင်ချေများလည်း လျော့နည်းစေနိုင်ကာ အသည်းခြောက်ခြင်း၊ နောက်ဆုံး အသည်း အလုပ်မလုပ်ခြင်းတို့အထိဖြစ်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် အင်မတန်ခက်ခဲပါသည်။ ထို့ကြောင့် ဆရာဝန်၊ မိသားစုနှင့် သင်ချစ်သောသူများ၏ အကူအညီဖြင့် ကြိုးစားပြီး ဖြတ်သင့်ပါသည်။

    အရက်သောက်ခြင်း

    ကျန်းမာနေသူများပင်လျှင် အရက်မသောက်သင့်ပါ။ အသည်းရောင်နေသူများတွင် အသည်းမှ အရက်အပါအဝင် အခြားသော အဆိပ်အတောက်များကို ကောင်းစွာ မသန့်စင်နိုင်ပါ။ ထို့ကြောင့် အရက်သည် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်ချေကိုမြင့်တက်စေပါသည်။ ထို့ကြောင့် အရက်ကို ဆက်မသောက်ပါနှင့်၊ ကြိုးစားပြီး ဖြတ်ပါ။

    မူးယစ်ဆေးဝါးများနှင့် စိတ်ကြွဆေးများသုံးခြင်း

    ထိုဆေးများကို ရှုခြင်း၊ထိုးခြင်း၊ ဆေးလိပ်ထဲတွင် ထည့်သောက်ခြင်းတို့ကြောင့် AIDS ရောဂါကဲ့သို့ အခြားသော ကူးစက်ရောဂါများ ဝင်လာနိုင်ချေများ ပါသည်။ ထို့ပြင် အသည်းရောင်နေချိန်တွင် အခြားသော အသည်းရောင် ဘီပိုး၊ စီပိုးများပါ ကူးစက်ဝင်ရောက်လာနိုင်ပါသည်။ ထိုအခါ ရောဂါကို ကုသရန် ခက်ခဲသွားပါသည်။

    အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း

    အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ဘယ်တော့မှ မပြုလုပ်ပါနှင့်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုခြင်းက သင့်လိင်ဖက်ကို ရောဂါ ကူးစက်စေခြင်းမှလည်း ကာကွယ်နိုင်ပါသည်။ ထို့ပြင် အခြားသော အသည်းရောင်ပိုးများနှင့် လိင်မှ တဆင့် ကူးစက်သော ရောဂါများကိုလည်း ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် အလွယ်တကူ ဝယ်ယူနိုင်သော ကွန်ဒုံးများကို အမြဲဆောင်ထားပါ။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ပြုသည့်တိုင် ကွန်ဒုံးကိုအသုံးပြုပါ။ သို့သော် ထိုအချိန်တွင် ပါးစပ်တွင် အလှဆီများကို လိမ်းထားလျှင် ကွန်ဒုံးကို ပေါက်ပြဲသွားစေနိုင်ကြောင်း သတိပြုပါ။

    စိတ်ဖိစီးမှုများ

    အသည်းရောင်နေလျှင် စိတ်ဖိစီးမှုများကို လျော့နည်းအောင်နေထိုင်ပါ။ စိတ်ဖိစီးမှုများသည် သင့်ကို ပိုပင်ပန်းစေပြီး မကောင်းသောအတွေးများကို ဝင်လာစေပါသည်။

    ထို့ကြောင့် စိတ်ဖိစီးမှုများနှင့် ကြုံလာလျှင် သင်နှစ်သက်သော အရာများကို ချစ်ခင်ရသူ၊ အပေါင်းအသင်းများနှင့် အတူတူလုပ်ပြီး ဖြေဖျောက်လိုက်ပါ။ ထို့ပြင် သင့်ပြသနာများကို ယုံကြည်ရသူ တစ်ယောက်ယောက်အား ပြောပြခြင်း၊ သင့်ဆရာဝန် သို့မဟုတ် ကူညီထောက်ပံ့ပေးသော လူမှုအဖွဲ့အစည်းများသို့ဆက်သွယ်ကာတိုင်ပင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။

    တနေရာတည်းတွင် ထိုင်မနေပါနှင့်။ သင်သည် ပျင်းရိထိုင်းမှိုင်းနေမည်ဆိုပါက သင့်ကိုယ်ခန္ဓါကလည်း ကျန်းမာမည် မဟုတ်ပါ။ ထိုအခါ စိတ်ဖိစီးမှုများဖြစ်လာခြင်း၊ ပင်ပန်းခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ပါ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် အိမ်အလုပ်များ ကူလုပ်ပေးခြင်း စသည့်တက်ကြွလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် တက်ကြွအောင်နေထိုင်ပါ။ မည်သည့်အလုပ်ကို မဆို ဖြေးဖြေးနှင့် မှန်မှန် နေ့စဉ်လှုပ်ရှားမှု တစ်ခုအနေနှင့် လုပ်သွားပါ။

    အချုပ်ဆိုရသော် သင့်တွင် အသည်းရောင်ဝေဒနာရှိနေသော်လည်း ဆောင်ရန် ရှောင်ရန်များကို လိုက်နာလျှင် ကျန်းမာစွာနေထိုင်သွားနိုင်ပါသည်။ အကောင်းမြင်စိတ်မွေးရန် မမေ့ပါနှင့်။ ယင်းသည် ပျော်ရွှင်ကျန်းမာသော ဘဝကို ပေးစွမ်းပါလိမ့်မည်။ ထို့ကြောင့် ပထမ အဆင့်အနေနှင့် သင့်တွင်ရှိသော မကောင်းသည့်အကျင့်များကို ကြိုးစားဖျောက်ဖျက်ပြီး ကောင်းသော အကျင့်များကို ပျိုးထောင်ရမည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement