backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပန်ကရိယရောင် ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပန်ကရိယရောင် ခြင်း

ပန်ကရိယ ဆိုတာ အစာအိမ်နောက်မှာရှိတဲ့ ရှည်မျောမျော အင်္ဂါတစ်ခုပါ။ သူက အစာခြေစနစ်အတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ၊ သွေးချိုဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်းတွေ ထွက်ပေးပါတယ်။ ပန်ကရိယရောင် တာက ရုတ်တရက်ရောင်တာလည်း ဖြစ်နိုင်သလို၊ နာတာရှည်ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ပန်ကရိယရောင်တာက သိပ်မဆိုးရင် ဒီတိုင်းသက်သာပေမယ့် ပြင်းထန်လာရင်တော့ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဒီဆောင်းပါးမှာ ပန်ကရိယရောင်ရင် ဘယ်လိုခံစားရမှာလဲ။ အသက်အန္တရာယ်ရှိလား။ ဘာလို့ဖြစ်ရတာလဲ စတာတွေကို ပြောပြပေးသွားမှာပါ။

ပန်ကရိယရောင် တဲ့အခါ ခံစားရတဲ့ လက္ခဏာများ

ရုတ်တရက်ရောင်တာလား၊ နာတာရှည်လားဆိုတာပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲသွားပါတယ်။

ရုတ်တရက်ရောင်ရမ်းရင်

  • ဝမ်းဗိုက်အပေါ်ပိုင်းက နာမယ်
  • နောက်ကျောထိပျံ့မယ်
  • အစာစားရင် ပိုနာမယ်
  • ဖျားမယ်
  • သွေးခုန်နှုန်းမြန်မယ်
  • ပျို့မယ်
  • အန်မယ်
  • ဗိုက်က အထိမခံနိုင်အောင် နာမယ်။

နာတာရှည်ရောင်ရမ်းရင်တော့

  • ဝမ်းဗိုက်အပေါ်ပိုင်းက နာမယ်
  • ​အလိုလိုနေရင်းပိန်လာမယ်
  • ဝမ်းနံ့ဆိုးပြီး ဝမ်းထဲမှာ အဆီများမယ် (steatorrhoea)

တကယ်လို့ ဝမ်းဗိုက်က အဆက်မပြတ်နာမယ်။ နာလွန်းလို့ ထိုင်တောင်မထိုင်နိုင်ဘူး။ လူးလိမ့်နေရမယ်ဆိုရင် ဆေးရုံကို အမြန်သွားသင့်ပါပြီ။

ဘာလို့ ပန်ကရိရောင် ရတာလဲ။

  • သည်းခြေကျောက်တည်တာ
  • အရက်အလွန်အကျွံသောက်တာ
  • parathyroid ဟော်မုန်းများပြီး သွေးထဲမှာ ကယ်လ်ဆီယမ်များတာ
  • သွေးထဲမှာ triglycerides အဆီများတာ
  • ပိုးဝင်တာ
  • အဝလွန်တာ
  • ပန်ကရိယကင်ဆာရှိနေတာ
  • ဝမ်းဗိုက်ဒဏ်ရာရတာ
  • ဝမ်းဗိုက်ခွဲစိတ်ကုသမှုလုပ်တာနဲ့ တချို့ဆေးတွေကြောင့် ဖြစ်တတ်ပါတယ်။
  • ERCP လို့ခေါ်တဲ့ မှန်ပြောင်းနဲ့ သည်းခြေကျောက်ဖယ်ရာကလည်း ဖြစ်တတ်ပါသေးတယ်။

တစ်ခါတစ်လေတော့လည်း ပန်ကရိယသာရောင်တာ ဘာကြောင့်ဖြစ်တာလဲဆိုတာ မသိတာတွေလည်း ရှိတတ်ပါသေးတယ်။

ဘယ်သူတွေမှာပိုဖြစ်လဲ။

  • အရက်အလွန်အကျွံသောက်တဲ့သူတွေ
  • ဆေးလိပ်သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက် နာတာရှည်ပန်ကရိယရောင်ဖို့ သုံးဆပါ။ ကံကောင်းတာက ဆေးလိပ်ဖြတ်လိုက်ရင် ဖြစ်နိုင်ချေ တစ်ဝက်လျော့သွားပါတယ်။
  • အဝလွန်သူတွေ
  • မိသားစုထဲမှာ ပန်ကိရိယရောင် တဲ့ ရာဇဝင်ရှိသူတွေ။ ခုနောက်ပိုင်းမှာ နာတာရှည်ပန်ကရိယရောင်တာက မျိုးရိုးလိုက်တတ်တယ်လို့ ပြောလာကြပါပြီ။ သင့်မှာ မိသားစုရာဇဝင်လည်းရှိတယ်။ တခြားဖြစ်စေနိုင်တဲ့ အချက်တွေလည်းရှိနေရင် ရောဂါဖြစ်ဖို့ အလားအလာများနေပါပြီ။

ပန်ကရိယရောင်ခြင်းရဲ့ ​နောက်ဆက်တွဲ ဆိုးကျိုးများ

(၁) ပန်ကရိယအရည်အိတ်တည်ခြင်း (pseudocyst)

ဒီအရည်အိတ်က ဆိုဒ်ကြီးရင် ပေါက်ပြီး ခန္ဓာကိုယ်တွင်းသွေးယိုတာ၊ ပိုးဝင်တာတွေဖြစ်တတ်ပါတယ်။

(၂) ပိုးဝင်ခြင်း

ရောင်ရမ်းနေတဲ့ ပန်ကရိယက ပိုးဝင်လွယ်ပါတယ်။ ဒီလိုဖြစ်လာရင် ရောဂါပြင်းထန်တတ်တာကြောင့် ခွဲစိတ်ပြီး ပိုးဝင်တဲ့အပိုင်းကို ဖယ်ရှားရမှာပါ။

(၃) ကျောက်ကပ်ပျက်စီးခြင်း

အခြေအနေဆိုးရင် ကျောက်ကပ်ဆေးရတတ်ပါတယ်။

(၄) အသက်ရှူပြဿနာဖြစ်ခြင်း

ပန်ကရိယရောင် ခြင်းကြောင့် ကိုယ်တွင်းမှာ ဓာတ်အပြောင်းအလဲတွေဖြစ်ပြီး အဆုတ်ရဲ့ လုပ်ငန်းကို ထိခိုက်လို့ သွေးတွင်းအောက်ဆီဂျင် ဆိုးဆိုးဝါးဝါးနည်းသွားတတ်ပါတယ်။

(၅) ဆီးချိုရောဂါဖြစ်ခြင်း

ပန်ကရိယကနေ သွေးချိုထိန်းဟော်မုန်း အင်ဆူလင်ထွက်ပါတယ်။ နာတာရှည်ရောင်ရမ်းရင် အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်တွေ ပျက်စီးတာကြောင့် ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။

(၆) အာဟာရချို့တဲ့ခြင်း

ရုတ်တရက် ဒါမှမဟုတ် နာတာရှည် ပန်ကရိယရောင်ရမ်းတာကြောင့် အစာခြေအင်ဇိုင်းထွက်တာနည်းသွားပြီး အစာကောင်းကောင်းမခြေနိုင်ဘဲ လိုအပ်တဲ့ အာဟာရတွေမရတော့ပါဘူး။ ဒါကြောင့် ပုံမှန်စားနေလျက်ရဲ့ အာဟာရချို့တဲ့တာ၊ ဝမ်းလျှောတာ၊ ပိန်တာတွေ ဖြစ်လာပါတယ်။

(၇) ပန်ကရိယကင်ဆာ

နာတာရှည်ပန်ကရိယရောင်တာက နောက်ပိုင်းမှာ ပန်ကရိယကင်ဆာဖြစ်ဖို့ အလားအလာရှိပါတယ်။

ပန်ကရိယရောင် တာကို ဘယ်လိုကုသနိုင်သလဲ။

ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ်  မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ အခြေခံအားဖြင့်တော့

  • အနာသက်သာအောင် ဆေးတွေ ပေးတာ
  • ပုလင်းကြီးချိတ်ပြီး အာဟာရဖြည့်ပေးတာတွေကို ရက်အနည်းငယ်လုပ်ရပါတယ်။

ဒါတွေ လုပ်ပြီး အရောင်ကျအောင် စောင့်ကြည့်ရပါတယ်။ ပြီးမှ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး

  • သည်းခြေကျောက်ပိတ်တာကြောင့်ဆိုရင် မှန်ပြောင်းနဲ့ ဖယ်တာ
  • တကယ်လို့ သည်းခြေကျောက်ကြောင့် ခဏခဏရောင်တာဆိုရင် သည်းခြေအိတ်ကို ထုတ်လိုက်တာ
  • အရက်ကြောင့်ဆိုရင် အရက်ဖြတ်ဖို့ ကူညီပေးတာ စတာတွေနဲ့ နောက်တစ်ခါ ပြန်မဖြစ်အောင် ကုသပေးရပါတယ်။

ဒါတွေအပြင်  နာတာရှည် ပန်ကရိယရောင် တာဆိုရင်တော့

  • အနာသက်သာအောင် ဆေးတွေ ပေးတာ
  • အစာခြေရလွယ်အောင်  အင်ဇိုင်းဆေးတွေ ပေးတာ
  • အစားအသောက်တွေ ဆင်ခြင်ခိုင်းတာတွေ လုပ်ရပါတယ်။

ပန်ကရိယမရောင်အောင် ကာကွယ်နည်း

ပန်ကရိယရောင်ရမ်းတာက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခေါက်ထပ်ဖြစ်နိုင်ပါတယ်။ ထပ်ခါထပ်ခါ​ဖြစ်​နေရင် နာတာရှည် ပန်ကရိယရောင်ရမ်းတဲ့အဆင့်ရောက်သွားတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ဒီတစ်ခေါက်ကုသမှုခံယူပြီးတာနဲ့

  • အရက်ဖြတ်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • အဆီလျှော့စားပြီး အသီးအရွက်၊ အသားငါးပိုစားပါ။
  • ရေများများသောက်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement