backup og meta

အစွန်းချွတ်ဆေး တွေက ဘယ်လို ဆိုးကျိုးတွေ ရှိသလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစွန်းချွတ်ဆေး တွေက ဘယ်လို ဆိုးကျိုးတွေ ရှိသလဲ။

    အစွန်းချွတ်ဆေး ဆိုတာ အိမ်မှာ အဝတ်တွေ ဖြူဖို့၊ ပိုးသတ်ဖို့ သုံးတဲ့ ဆေးပါ။ Bleachလို့ ခေါ်ကြပါတယ်။ ကလိုရင်း ပါတာနဲ့ မပါတာဆိုပြီးလည်း ရှိပါသေးတယ်။ ခုလိုချိန်မှာ တော်တော်များများ အရင်ကထက် ပိုပြီး အိမ်သန့်ရှင်းရေးတွေ၊ ပိုးသတ်တာတွေ ပိုလုပ်ဖြစ်ကြမှာပါ။ ဒီ့အတွက် ဒီအစွန်းချွတ်ဆေးတွေကို သေသေချာချာ မသုံးတတ်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲ။ ဘယ်လို သတိထားပြီး သုံးမလဲဆိုတာ ပြောပြပေးပါမယ်။ အထူးသဖြင့်တော့ ကလိုရင်း ပါတဲ့ အစွန်းချွတ်ဆေးတွေပေါ့။

    အစွန်းချွတ်ဆေး တွေကို ဘယ်မှာ သုံးမလဲ။

    အစွန်းချွတ်ဆေးက ပိုးသတ်နိုင်တဲ့ သတ္တိရှိတာ မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြင်းလွန်းတာကြောင့် လူရဲ့ ကိုယ်မှာ သုံးဖို့ မသင့်တော်ပါဘူး။ ပစ္စည်းတွေကို ပိုးသတ်ဖို့လောက်ပဲ သင့်တော်ပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ ဖျော်စပ်ရင်တောင် သူ့အချိုးအဆအတိုင်း ဖော်စပ်ရမှာပါ။

    အစွန်းချွတ်ဆေး အဆိပ်သင့်တာ ဘယ်လို ဖြစ်နိုင်လဲ။

    ဒီတိုင်း သုံးရင်တော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့်

    • အစွန်းချွတ်ဆေးနဲ့ တခြား သန့်ရှင်းရေး လုပ်တဲ့ ပစ္စည်းတွေ ရောသုံးမိတာ (ဥပမာ အမိုးနီးယား ပါတာနဲ့ ရောသုံးမိရင် အငွေ့တွေ ထွက်လာပြီး ရှူမိရင် အန္တရာယ်များပါတယ်။)
    • လက်အိတ်မပါဘဲ ကိုင်တာ
    • အညွှန်းအတိုင်း မဖျော်မိတာ
    • ကလေးတွေ အလွယ်တကူ မီတဲ့ နေရာမှာ ထားမိတာ
    • သုံးပြီးရင် လက်သေချာ မဆေးဘဲ အစာစားမိတာ၊ မျက်လုံးပွတ်မိတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဘယ်လို လက္ခဏာတွေ ခံစားရမှာလဲ။

  • မျက်လုံး – မျက်လုံးတွေ နီလာမယ်၊ စပ်လာမယ်၊ မျက်ရည်ယိုလာမယ်၊ အမြင်တွေ ဝါးလာမယ်။
  • ပါးစပ်နဲ့ လည်ပင်း – ယားလာမယ်၊ နေရထိုင်ရခက်လာမယ်။
  • အရေပြား –  စပ်ဖျဥ်းဖျဥ်း ဖြစ်လာပါမယ်။ ဘေးကို မပျံ့စေဖို့ သတိပြုပါ။
  • အစာအိမ်နဲ့ အူလမ်းကြောင်း – လက္ခဏာပြခဲပါတယ်။ အစာအိမ်က ထင်ထားတာထက် ခံနိုင်ရည်ရှိပါတယ်။
  • အသက်ရှူလမ်းကြောင်း – မွှန်တာ၊ အသက်ရှူကြပ်တာ ဖြစ်တတ်ပါတယ်။
  • အရေးပေါ် ဘယ်လို လုပ်မလဲ။

    • မျက်လုံး

    မျက်လုံးထဲကို တန်းဝင်ရင်တော့ တန်းသိမှာပါ။ တစ်ခါတစ်လေ တန်းမဝင်ဘဲ မျက်လုံးကို အခိုးရိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ နှစ်ခုလုံးက တူတူပါပဲ။ သိတာနဲ့ ချက်ချင်း ရေများများနဲ့ ဆေးပါ။ မျက်ကပ်မှန် ဖြုတ်ပါ။ မျက်လုံးကို လက်နဲ့ မပွတ်ပါနဲ့။ ပြီးတာနဲ့ လက်ဆေးပြီး ဆေးရုံကို သွားပါ။

    • အရေပြား

    အရေပြားပေါ်ကို ဖိတ်သွားတယ်၊ ပေသွားတယ်ဆိုရင်တော့ အရင်ဆုံး စုပ်ယူနိုင်တဲ့ ပစ္စည်းတစ်ခုခုနဲ့ နည်းသွားအောင် စုပ်ပါ။ ပွတ်သုတ်တာမျိုး မလုပ်ပါနဲ့။ ရေများများနဲ့ ဆေးချပါ။ ပြီးရင် ဆေးရုံသွားပါ။

    • ပါးစပ်ထဲဝင်သွားရင်

    အားပျော့သွားအောင် ရေများများ သောက်ချပါ။ လည်ချောင်းမှာ ရှတတ ဖြစ်တာ သက်သာအောင်လို့ နွားနို့သောက်ချင်လည်း ရပါတယ်။ ပြီးရင်တော့ ဆေးရုံကို သွားပြသင့်ပါတယ်။

    • မတော်တဆ မျိုချမိရင်

    ကလေးဖြစ်ဖြစ် မတော်တဆ မျိုချမိခဲ့ရင် လက်ထိုးပြီး အန်တာမျိုး မလုပ်ပါနဲ့။ အစွန်းချွတ်ဆေးတွေ လည်ချောင်းတစ်လျှောက် ဝင်လိုက်ထွက်လိုက်လုပ်နေတာက ပိုဆိုးစေပါတယ်။ ရေများများတိုက်ပြီးသာ ဆေးရုံသွားလိုက်ပါ။

    • ရှူမိခဲ့ရင်

    ပမာဏအများကြီး ရှူရှိက်မိလို့ အသက်ရှူကြပ်လာခဲ့ရင် ဆေးရုံကို အမြန်သွားပါ။ နဂိုတည်းက အဆုတ်မကောင်းတဲ့သူ၊ ပန်းနာရင်ကြပ်ရှိတဲ့သူဆိုရင် ပိုပြီး သတိထားရပါမယ်။

    ဘယ်လို ကာကွယ်ကြမလဲ။

    • အစွန်းချွတ်ဆေးနဲ့ ပတ်သတ်ပြီး စိတ်ပူရတာ တစ်ခုက အဆုတ်ထိခိုက်မှာကိုပါ။ ထွက်လာတဲ့ ကလိုရင်း အနံ့က အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပါတယ်။ တစ်ခါတည်း အများကြီး ရှူမိတာဖြစ်ဖြစ်၊ ခဏခဏ ရှူမိရင်ဖြစ်ဖြစ် ထိခိုက်နိုင်ပါတယ်။
    • ဒါကြောင့် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာပဲ သုံးပါ။
    • တခြား သန့်ရှင်းရေးသုံး ပစ္စည်းတွေနဲ့လည်း ရောမဖျော်ပါနဲ့။
    • အညွှန်းအတိုင်း သေချာ ဖျော်ပါ။
    • ကလေး အလွယ်တကူ မတွေ့နိုင်တဲ့ နေရာမှာထားပါ။
    • တချို့တွေက ကလိုရင်းက ပိုးသေတယ်ဆိုပြီး အနာပေါ်လောင်းချတာမျိုး ရှိပါတယ်။ ပိုးသေကောင်း သေမှာပါ။ ဒါပေမယ့် အနာအပြင် ဘေးက အရေပြားကို လောင်တာ၊ တခြား ကောင်းကျိုးပြု ဘက်တီးရီးယားတွေပါ သေကုန်တဲ့ အတွက် အနာကျက်နှေးတာတို့ ဖြစ်နိုင်ပါတယ်။ အနာကို ပိုးသတ်ချင်တာ ဆိုရင်တော့ ကလိုရင်းထက် ပိုကောင်းတဲ့ ပိုးသတ်ဆေးတွေ ရှိလို့ ရွေးချယ်သုံးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement