backup og meta

မေ့မထားသင့်တဲ့ အရေပြားကင်ဆာ အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့မထားသင့်တဲ့ အရေပြားကင်ဆာ အန္တရာယ်

    လူတွေက နေလောင်မှာကြောက်တယ်ဆိုတာထက် အသားမည်းမှာကြောက်တာ များပါတယ်။ အထူးသဖြင့် အသားဖြူသူတွေကပဲ အသားညိုမှာကြောက်ကြပြီး နဂို အသားညိုသူတွေကတော့နေလောင်လည်းဘာမှမထူးဘူးဆိုပြီးပေါ့ပေါ့ဆဆနေကြပါတယ်။ အရေပြားကင်ဆာ  အန္တရာယ်ကိုရော သတိရမိရဲ့လား။

    နေလောင်ခြင်းက အသားညိုရုံ၊ အလှအပပိုင်းပြဿနာတစ်ခုတည်းဖြစ်စေတာမဟုတ်ပါဘူး။ သူ့ကြောင့် ဆက်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ဒီထက်ဆိုးရွားတာတွေရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားကင်ဆာဟာ အသားအရောင်မရွေးဖြစ်နိုင်ခြေရှိနေတဲ့အတွက် အသားညိုသူတွေမှာလည်းဖြစ်နိုင်ပါတယ်။

    ဒါ့ကြောင့် ကင်ဆာကာကွယ်ချင်တယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုနည်းအောင် တတ်နိုင်သလောက်ကြိုးစားဖို့အရေးကြီးပါတယ်။ အရေပြားမှာ မူမမှန်တဲ့ပြောင်းလဲမှုတွေဖြစ်လာရင် ရောဂါလက္ခဏာတွေကိုစောစောသိမှ ကုသမှုအောင်မြင်နိုင်မယ့် အခွင့်အလမ်းပိုများစေမှာပါ။

    အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်တွေရဲ့ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတစ်မျိုးဖြစ်ပြီး အများစုကနေလောင်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ အရေပြားဆဲလ်တွေရဲ့မျိုးဗီဇတွေသန္ဓေပြောင်းလဲမှုဖြစ်လာတဲ့အခါ ဆဲလ်တွေအဆမတန်ပွားများလာပြီး ကင်ဆာဆဲလ်တွေအများကြီးဖြစ်လာစေပါတယ်။ အရေပြားကင်ဆာအမျိုးအစားတွေထဲမှာ အဖြစ်များတဲ့ သုံးမျိုးကbasal cell carcinoma နဲ့ squamous cell carcinoma နဲ့ melanoma တို့ဖြစ်ပါတယ်။

    အရေပြားကင်ဆာ အန္တရာယ် ဘယ်သူတွေမှာ ပိုစိုးရိမ်ရလဲ

  • အသားဖြူတဲ့သူ –ဘယ်သူမဆို၊ ဘယ်အသားအရောင်မဆို အရေပြားကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုပေမယ့် အရေပြားမှာရှိတဲ့ရောင်ခြယ်melaninနည်းရင် ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်နိုင်စွမ်းနည်းလေဖြစ်ပါတယ်။ ဒီတော့ အသားဖြူတဲ့သူဟာ အသားညိုသူတွေထက် အရေပြားကင်ဆာဖြစ်လာနိုင်ခြေပိုများပါတယ်။
  • နေလောင်ဒဏ်ခံခဲ့ရဖူးသူ – ကလေးတုန်းကဖြစ်ဖြစ်၊ကျောင်းတက်ရင်းဖြစ်ဖြစ်နေလောင်ဒဏ်ကြာရှည်ခံရဖူးတဲ့သူတွေမှာလည်းနောက်ပိုင်းကျရင် အရေပြားကင်ဆာဖြစ်လာနိုင်ခြေပိုများပါတယ်။
  • နေရောင်ခြည်နဲ့ထိတွေ့မှုများတဲ့သူ – အကြောင်းအမျိုးမျိုးကြောင့်နေရောင်ခြည်နဲ့ထိတွေ့မှုများနေရသူတွေ တနည်းအားဖြင့်နေပူထဲထွက်ရလေ့ရှိသူတွေ၊ အထူးသဖြင့်နေလောင်ကာခရင်မ် သို့မဟုတ် အဝတ်အစားနဲ့မကာကွယ်သူတွေမှာ အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။
  • ရာသီဥတုပူတဲ့နေရာမှာနေထိုင်သူ – ရာသီဥတုပူတဲ့နေရာဒေသမှာနေထိုင်သူတွေဟာအေးတဲ့နေရာမှာနေသူတွေထက်နေပူဒဏ်ပိုခံရပါတယ်။ ကုန်းမြင့်ပိုင်းဒေသတွေမှာနေထိုင်သူတွေမှာနေရောင်ခြည်က အပြင်းဆုံးဖြစ်တာကြောင့် အသားအရေထိခိုက်ဖို့ပိုများပါတယ်။
  • မှဲ့တွေများတဲ့သူ– မှဲ့တွေများတဲ့သူ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့မှဲ့တွေထွက်လာတဲ့သူတွေမှာ ကင်ဆာဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့မှဲ့ဆိုတာ ပုံမှန်ထက်နည်းနည်းပိုကြီးပြီး ပုံသဏ္ဍာန်ထူးဆန်းနေတာမျိုးပါ။
  • ကင်ဆာဖြစ်နိုင်တဲ့အရေပြားအနာတွေရှိတဲ့သူ –actinic keratoses လို့ခေါ်တဲ့ အရေပြားအနာတွေရှိရင် အရေပြားကင်ဆာဖြစ်နိုင်ခြေများနိုင်ပါတယ်။နေလောင်ခြင်းကြောင့်ဖြစ်လာတဲ့ အရေပြားခြောက်သွေ့အဖတ်လန်ခြင်းဟာ မျက်နှာ၊ ဦးခေါင်းနဲ့ လက်တွေလိုနေရောင်ခြည်နဲ့ထိတွေ့လွယ်တဲ့နေရာတွေမှာဖြစ်လေ့ရှိပါတယ်။
  • မိသားစုမျိုးရိုးရှိတဲ့သူ – မိဘ တစ်ဦးဦး သို့မဟုတ်မွေးချင်းတစ်ဦးမှာ အရေပြားကင်ဆာဖြစ်ဖူးရင် ကိုယ်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။
  • ကိုယ်ခံအားနည်းသူ – ကိုယ်ခံအားနည်းတဲ့သူတွေမှာ အရေပြားကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ပိုများပါတယ်။ ကိုယ်ခံအားကျတဲ့ရောဂါရှိသူတွေနဲ့ ကိုယ်အင်္ဂါအစားထိုးကုသမှုနောက်ပိုင်းimmunosuppressantဆေးတွေသောက်နေရသူတွေ ပါဝင်ပါတယ်။
  • ဓါတ်ရောင်ခြည်ထိတွေ့ဖူးသူ – အရေပြားရောဂါပြဿနာတွေအတွက် ဓါတ်ရောင်ခြည်သုံး(လေဆာ) ကုထုံးတွေခံယူဖူးသူမှာ အရေပြားကင်ဆာဖြစ်နိုင်ခြေပိုများစေပါတယ်။
  • ကြိုတင်ကာကွယ်ခြင်း

    အရေပြားကင်ဆာအများစုက ကြိုတင်ကာကွယ်လို့ရပါတယ်။ ဒီအချက်တွေကိုသာ ဂရုစိုက်ပေးပါ –

    • မွန်းတည့်နေကိုရှောင်ပါ။မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်းနေရောင်ခြည်ကအပြင်းဆုံးမို့ မိုးအုံ့နေခဲ့ရင်တောင် အဲ့ဒီအချိန်ကိုသတိထားပါ။ မိုးအုံ့နေပေမယ့် ခရမ်းလွန်ရောင်ခြည်ဒဏ်က အနည်းငယ်သာ သက်သာနိုင်တာဖြစ်ပါတယ်။
    • နေလောင်ကာခရင်မ်အမြဲလိမ်းပါ။နေလောင်ကာခရင်မ်တွေဟာနေရောင်ခြည်ကာကွယ်ရာမှာ အဓိကကျပါတယ်။ အနည်းဆုံး SPF 15လောက်ပါတဲ့sunscreen ကိုရွေးချယ်သင့်ပါတယ်။ ၂ နာရီခြားတစ်ကြိမ်ပြန်လိမ်းပေးပါ။ Body lotionတွေမှာလည်းSPF ပါတဲ့အမျိုးအစားကိုရွေးချယ်သုံးတာ အဆင်ပြေပါတယ်။ တစ်ခုရှိတာက အပြင်မထွက်ဖြစ်လို့ဆိုပြီး ဒါတွေလိမ်းစရာမလိုဘူးမထင်ပါနဲ့၊ အမိုးအကာအောက်မှာရှိနေလည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့လိုအပ်ပါတယ်။
    • နေလောင်ဒဏ်ကာကွယ်မယ့်အဝတ်အစားကိုရွေးပါ။sunscreenတွေက ခရမ်းလွန်ရောင်ခြည်ကနေ အပြည့်အဝမကာကွယ်ပေးနိုင်တာကြောင့် အဝတ်အစားနဲ့ကာကွယ်ပါ။နေပူထဲထွက်တဲ့အခါ အတိုတွေ၊ လက်ပြတ်တွေဝတ်တာထက် လက်၊ခြေထောက်၊ လည်ပင်း လုံခြုံအောင် ဝတ်ဆင်ဖို့သတိရပါ။
    • အပြင်ထွက်တဲ့အခါ ဦးထုပ်၊ထီးဆောင်းဖို့ မမေ့ပါနဲ့။တိမ်တွေကြောင့် မိုးအုံ့နေလည်း ခရမ်းလွန်ရောင်ခြည်အန္တရာယ်ရှိနေပါတယ်။
    • အရေပြားမှာထူးခြားတဲ့လက္ခဏာတွေ့ရင် မပေါ့ဆပါနဲ့။နဂိုတည်းကရှိနေတဲ့မှဲ့တွေမှာ ပုံသဏ္ဍာန်ပြောင်းလဲလာတာ၊ မှဲ့၊မှဲ့ခြောက်၊ အဖု၊ အမှတ် စတာတွေအသစ်ဖြစ်လာတာ၊ပြောင်းလဲလာတာတွေရှိမရှိ စစ်ဆေးပါ။ မသင်္ကာရင် ဆရာဝန်အမြန်ပြပြီးရောဂါရှာဖွေစစ်ဆေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement