backup og meta

စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

    နေအိမ်မှာပဲ နေထိုင်ပြီး COVID-19 ရောဂါကပ်ဘေးကို ကာကွယ်နေထိုင်ကြရတဲ့ အချိန်တွေဟာ ထင်သလောက်တော့ လွယ်ကူတဲ့ ကာလတွေမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းလူတွေဟာ ဒီကာလတွေမှာ နေအိမ်တွေမှာနေထိုင်ရင်း စိတ်၊ ရုပ်နဲ့ ခံစားချက်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

    COVID ရန်ကို ကာကွယ်ဖို့ နေအိမ်ကနေ အပြင်ကို မထွက်ဖြစ်တာကြောင့် ပိုမိုစားသောက်ဖြစ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို မစားဖြစ်တာ၊ အညောင်းထိုင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း စနစ်တကျမလုပ်ဖြစ်တာတွေကြောင့် ကိုယ်အလေးချိန်တိုးတက်လာတာတွေဖြစ်လာနိုင်ပါတယ်။

    လူအတော်များများဟာ နေအိမ်မှာနေထိုင်တဲ့ကာလတွေမှာ အသင့်စားအစားအစာတွေကိုသာ ချက်ပြုတ်စားသောက်တာ၊ Junk Food တွေကို မှာယူစားသောက်တာတွေ ပိုမိုများပြားလာပါတယ်။

    ဒါ့အပြင် နေအိမ်မှာထိုင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်မယ်လို့ လူတော်တော်များများက မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာအပါအဝင် ကိုယ်လက်လှုပ်ရှားမှုနည်းပါးတဲ့ အပြုအမူတွေကိုသာ ပိုမိုပြုမူဖြစ်ကြတာများပါတယ်။

    ဒါကြောင့်လည်း Lockdown ကာလ နေအိမ်မှာနေထိုင်ရင်း ကိုယ်အလေးချိန် မြင့်မားလာနေတာကို “Quarantine 15″ ဆိုပြီး နိုင်ငံတကာ လူမှုကွန်ယက်စာမျက်နှာတွေမှာ နောက်ပြောင်ပြောဆိုမှုတွေ ရှိနေကြပါတယ်။

    Quarantine 15

    လက်ရရှိအချိန်မှာတော့ ကျန်းမာရေးပညာရှင်တွေဟာ ကိုဗစ်ကာလမှာ လူအမြောက်အများ ကိုယ်အလေးချိန်မြင့်တက်လာတာနဲ့ ပတ်သက်ပြီးလေ့လာမှုတွေ အထူးတလည်ပြုလုပ်နေကြပါတယ်။

    George Washington University Milken Institute School of Public Health ရဲ့ လေ့လာချက်အရ လူတွေဟာ နေအိမ်မှာ နေထိုင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုပိုနည်းပါးသွားကြတယ်လို့ ဆိုထားပါတယ်။

    ဒါ့အပြင် အစားအသောက် မှီဝဲစားသောက်ရာမှာလည်း ပမာဏပိုမိုများပြားလာနေပြီး အသင့်စားအစားအစာ စားသုံးမှုအချိုးအစားဟာလည်း ပိုမိုမြင့်တက်လာခဲ့တယ်လို့ အဆိုပါ သုတေသနကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ ဝီလီယံ ဒိုက်ယက်ဇ်က ဆိုပါတယ်။

    နောက်ထပ် ကိုယ်အလေးချိန် မြင့်တက်အောင် လောင်စာထိုးပေးနေတဲ့ ကိစ္စကတော့ ပူပင်သောကများမှုဖြစ်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ ကပ်ဘေးကြောင့် ခံစားလာရတဲ့ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ သောကတွေက အစားအစာတွေ ပိုမိုစားသောက်ဖြစ်စေတဲ့ တွန်းအားတစ်ရပ်ဖြစ်နေပါတယ်။

    နာမည်ကျော် ကျန်းမာရေးဝက်ဘ်ဆိုက်ဖြစ်တဲ့ WebMD ရဲ့ စာဖတ်သူ စစ်တမ်းအရဆိုရင်လည်း အမေရိကန် ၇၀% နဲ့ နိုင်ငံတကာ ၃၅% သော စာဖတ်သူတွေဟာ စိတ်ဖိစီးမှုကြောင့် အစားတွေပိုစားဖြစ်နေကြောင်းနဲ့ ကိုယ်အလေးချိန်လည်း တိုးလာနေကြောင်း ဖြေဆိုခဲ့ကြပါတယ်။

    အမေရိကန်နိုင်ငံမှာပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရဆိုရင် ပျမ်းမျှအားဖြင့် အမျိုးသား ၁၀၀၀ မှာ ၄ ပုံတစ်ပုံလောက်ဟာ ကိုယ်အလေးချိန်မြင့်တက်လာပြီး၊ အမျိုးသမီး ၁၀၀၀ မှာဆိုရင် ထက်ဝက်လောက်ဟာ ကိုယ်အလေးချိန်တိုးလာပါတယ်တဲ့။

    ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း Facebook လူမှုကွန်ယက်စာမျက်နှာပေါ်မှာ #quarantine15 ဒါမှမဟုတ် #quarantineweightgain ဆိုတဲ့ စာသားမျိုးတင်တဲ့သူအရေအတွက်ကလည်း ၅ သိန်းကျော်အထိရှိခဲ့ပါတယ်။

    ကိုဗစ်ကာလမှာ သတိထားစရာဖြစ်လာနေပြီလား

    ကိုဗစ်ရဲ့ နောက်ဆက်တွဲ ကပ်ဘေးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မကြာခင်လပိုင်းလေးကပဲ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

    ရောဂါကပ်ဘေးကြောင့် နေအိမ်ကနေ အပြင်ကိုထွက်ခွာခွင့်မရရှိခြင်းရဲ့ နောက်ဆက်တွဲအဖြစ် စိတ်ဖိစီးတာ၊ စိတ်ထိခိုက်တာ၊ စိတ်ဒဏ်ရာရတာနဲ့ ပူပင်သောကများတဲ့ လက္ခဏာတွေကို လူအများစုမှာ တွေ့မြင်လာရတာကြောင့်ဖြစ်ပါတယ်။

    ဒါပေမယ့် ခုချိန်မှာတော့ နောက်ထပ်ပြဿနာတစ်ခုထပ်ပြီးရှိလာနေပြီဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးမှုတွေ ပြုလုပ်လာနေကြပါပြီ။ ဒါကတော့ ကိုယ်အလေးချိန် ဆက်တိုက်တိုးမြင့်လာနေတဲ့ ပြဿနာဖြစ်ပါတယ်။

    Boston Medical Center မှာ ကိုဗစ်ကာလအတွင်း လာရောက် ဆေးဝါးကုသကြသူတွေအများစုဟာ BMI ညွှန်းကိန်းမှာ ၃၅ နဲ့အထက်မှာရှိနေကြပြီး မှတ်တမ်းတွေအရ သူတို့တွေဟာ ကိုဗစ်မတိုင်ခင်တုန်းက BMI ၃၀ အောက်မှာသာရှိခဲ့ကြဖူးသူတွေဖြစ်နေကြပါတယ်။ နောက်ပြီး သူတို့ထဲက အများစုဟာ လူငယ်တွေဖြစ်ကြပါတယ်။

    Stay Home ကာလအတွင်းမှာ သကြားလုံး စားသုံးမှုပမာဏ ၂၆၆% တိုးပွားလာသလို၊ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ ပေါင်မုန့်စားသုံးမှု ပမာဏ ၅၄%၊ အသင့်စားခေါက်ဆွဲစားသုံးမှု ၃၆% စီ တိုးမြင့်လာခဲ့တယ်ပါတယ်။ ဒါ့အပြင် ဖုတ်ကင်ထားတဲ့ အသင့်စားမုန့်စားသောက်မှုပမာဏကလည်း ၄၀% နဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာသောက်သုံးမှုကလည်း ၅၅% စီ မြင့်တက်လာပါတယ်။

    ဒီလိုအရာတွေကို နေ့စဉ်နဲ့အမျှစားမိတဲ့အခါ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း၊ သွေးတွင်းကို လက်စထရောမြင့်မားမှုကြောင့် သွေးကြော ထိခိုက်တာနဲ့ နှလုံးကျန်းမာရေးအန္တရာယ်တွေ ပိုမိုမြင့်တက်လာနေပါတယ်။

    အိမ်မှာနေပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါ

    ကိုဗစ်ကာလမှာ နေအိမ်မှာ နေထိုင်ပြီး ရောဂါကို ကာကွယ်တာဟာ မှန်ကန်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာလည်း ရောဂါတစ်ခုကို ကာကွယ်ရင်း တခြားရောဂါတွေကို ဖိတ်မခေါ်မိအောင် သတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။

    အဝလွန်ခြင်းဟာ အန္တရာယ်ကြီးတဲ့ ရောဂါတစ်ခုဖြစ်ပြီး တခြား ကျန်းမာရေးပြဿနာတွေကိုပါ ဖိတ်ခေါ်လာနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

    ဒါကြောင့် ကိုဗစ်ကာလမှာ အစားအသောက်မှီဝဲစားသောက်မှုနဲ့ ပတ်သက်ပြီး အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားသောက်ဖြစ်ဖို့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ဖို့ ကြိုးပမ်းသင့်ပါတယ်။

    ကိုယ်အလေးချိန်ကို လိုအပ်တာထက် ပိုပြီးတိုးပွားမလာစေဖို့ အောက်ပါနည်းလမ်းတွေကိုလည်း လိုက်နာကျင့်သုံးနိုင်ပါတယ်။

    • အချို အငန်ကဲတဲ့အစားအစာတွေကို လျှော့စားတာ၊
    • အစားအစားရာမှာ Diet အစီအစဉ်ပြုလုပ်ပြီးစားတာ၊
    • အပြင်စာတွေ မှာယူစားသောက်တဲ့ အကျင့်ကို လျှော့ချတာ၊
    • အိပ်ရေးဝဝ အိပ်တာ၊
    • စိတ်ဖိစီးမှုနဲ့ ပူသင်သောကတွေကို လျှော့ချတာ၊
    • ကိုယ်တတ်နိုင်သလောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊
    • Work from Home ကာလမှာ တောက်လျှောက်ထိုင်ပြီး အလုပ်မလုပ်ပဲ မကြာခဏအညောင်းအညာဖြေ လမ်းထလျှောက်ပေးတာ၊
    • အရက်နဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာသောက်သုံးမှုကို ရပ်တန့်ပစ်တာစတာတွေပါပဲ။

    ကိုဗစ်ရောဂါကို တိုက်ထုတ်ဖို့ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ပေါ်ထွက်လာခြင်းမရှိသေးပါဘူး။ ဒီရောဂါဆိုးကြီးဟာ နောက်ထပ် ၁ လ၊ ၁ နှစ်စသဖြင့် ဘယ်လောက်မဆို အချိန်ကြာသွားနိုင်ပါတယ်။

    ဒီလိုအခြေအနေမှာ ရောဂါဆိုးကိုရှောင်ကြဉ်ရင်း တခြားရောဂါဆိုးတွေ ထပ်ဝင်မလာအောင် ဂရုတစိုက်နေထိုင်သင့်ပါတယ်။ ကိုဗစ်ကြီးပြီးတဲ့အခါ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စရာ ပုံမှန်ဘဝကို ပြန်လည် ရယူနိုင်ဖို့လည်း လိုအပ်တယ်မဟုတ်လား။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement