backup og meta

ခဏခဏ ခေါင်းမကိုက်ချင်ရင် လိုက်နာသင့်တဲ့ လူနေမှုပုံစံ


Ye Zon Aung မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခဏခဏ ခေါင်းမကိုက်ချင်ရင် လိုက်နာသင့်တဲ့ လူနေမှုပုံစံ

    ဘယ်သူမှ ခေါင်းမကိုက်ချင် ကြပေမယ့် လူတိုင်းနီးပါး ခေါင်းကိုက်ဝေဒနာကို ကြုံဆုံရတတ်တယ်။ များသောအားဖြင့် ခေါင်းကိုက်ရင် နှိပ်နယ်တာနဲ့ ဆေးဝါးမှီဝဲတာတွေ အသုံးပြုပြီး ကုစားကြတာများတယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာဟာ ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်နိုင်သလို လူနေမှုပုံစံ မှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်တယ်။

    ကျန်းမာရေးပြဿနာကြောင့်မဟုတ်တဲ့ ခေါင်းကိုက်ဝေဒနာတွေဟာ ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူနေမှုပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင် ခေါင်းကိုက်ဝေဒနာကို ဖြစ်မလာအောင် တားဆီးနိုင်ပါတယ်။ တချို့နည်းလမ်းတွေက ကာကွယ်ရုံတင်မကပါဘူး။ ခေါင်းကိုက်နေချိန်မှာလည်း အသုံးချလို့ပါရပါသေးတယ်။

    ခေါင်းကိုက်ဝေဒနာကို ဘယ်လိုတားဆီးကြမလဲဆိုရင်တော့

    နှိပ်နယ်ပါ – ခေါင်းကိုက်တတ်သူတွေဟာ ဦးခေါင်းကို မကြာခဏအနှိပ်ခံပေးဖို့ လိုအပ်ပါတယ်။ လေ့လာချက်တွေအရ ခေါင်းကိုက်တဲ့အခါမှာ နှိပ်နယ်ပေးတာက ဝေဒနာကို အများကြီးသက်သာစေတတ်ပါတယ်။ နှိပ်နယ်ပေးတာက ခေါင်းကိုက်ဝေဒနာအပြင် စိတ်ဖိစီးမှုကိုပါ လျော့ကျစေပါတယ်။

    စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေ သုံးပါ – များသောအားဖြင့် စိတ်ဖိစီးတာက ခေါင်းကိုက်စေတဲ့အဓိကအချက်ပါ။ စိတ်ရောကိုပါပြေလျော့စေမယ့် အသက်ရှူလေ့ကျင့်ခန်းမျိုး၊ အာရုံစူးစိုက်မှု အလေ့အထမျိုးတွေ ပုံမှန်လုပ်ရင် ခေါင်းကိုက်ဝေဒနာကို လျော့ပါးသက်သာအောင်ကူညီနိုင်ပါတယ်။

    လေ့ကျင့်ခန်း – ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုကိုရော ခေါင်းကိုက်တာကိုရော သက်သာစေမယ့် နည်းပါ။ အထူးသဖြင့် နှလုံးသွေးလည်ပတ်မှုအားကောင်းစေတဲ့ Cardio exercise မျိုးကို တစ်နေ့ မိနစ် ၄၀ လောက် ပြုလုပ်သင့်ပါတယ်။

    Spinal Manipulation – ကျောရိုးမကြီးကို ကျွမ်းကျင်သူတွေနဲ့ နှိပ်နယ်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

    စကားပြောဆိုဆွေးနွေးတာ – တစ်ခါတစ်လေတော့ အာရုံလွှဲတဲ့နည်းကို အသုံးချပြီး စကားပြောဆိုဆွေးနွေးတဲ့ နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ ဒီနည်းလမ်းကလည်း ခေါင်းကိုက်ဝေဒနာကို လျော့ပါးမေ့ပျောက်သွားဖို့ ကူညီနိုင်ပါတယ်။

    အစေားအသောက် ပုံစံပြောင်းလဲပါ – တချို့သောခေါင်းကိုက်ဝေဒနာတွေက အစားအသောက်ပုံစံတွေနဲ့ အများကြီးဆက်နွယ်နေပါတယ်။ ခေါင်းကိုက်တာကို တွန်းအားပေးတဲ့ ငါးပိထောင်းတို့၊ မျှစ်တို့၊ ဓညင်းသီးတို့၊ ကော်ဖီတို့၊ ချောကလက်တို့၊ စည်သွပ်ဘူးတို့၊ အေးခဲအသားတို့၊ ဒိန်ခဲတို့၊ အချိုမှုန့်တို့ကို ရှောင်ကျဉ်ဖို့ တိုက်တွန်းလိုပါတယ်။

    ဖိနှိပ်ကြည့်ပါ – တခါတစ်လေကျရင် ကိုယ့်ဘာသာကိုယ် ခေါင်းကိုက်သက်သာစေဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဥပမာ –

    • မျက်ခုံးရိုးနဲ့ မျက်လုံးလောက်ခြေက အရိုးတွေကို ဖိနှိပ်ပေးတာ၊
    • မေးရိုးနဲ့ ပါးရိုးတွေကို ဖိဆွဲပေးတာ၊
    • ဦးခေါင်းရဲ့ အောက်တည့်တည့် ကြမ်းပြင်မှာ တင်းနစ်ဘောလုံးကိုခံပြီး မိနစ်အနည်းငယ်လှဲအိပ်တာမျိုးတွေပေါ့။

    အိပ်ရေးဝဝ အိပ်ပါ – အိပ်ရေးပျက်ခြင်းဟာ ခေါင်းကိုက်စေနိုင်ပါတယ်။ အိပ်ရေးဝဝအိပ်ရင် ခေါင်းကိုက်နိုင်ခြေလျော့သွားပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement