backup og meta

အဖြစ်အများဆုံး ခေါင်းကိုက်ခြင်း တွေကို သင်ဘယ်လိုသိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်အများဆုံး ခေါင်းကိုက်ခြင်း တွေကို သင်ဘယ်လိုသိနိုင်မလဲ

    ခေါင်းကိုက်ခြင်း ဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ဝေဒနာတစ်ခုဖြစ်သလို မဖိတ်ခေါ်ဘဲ အချိန်မရွေးရောက်လာနိုင်တဲ့ ဧည့်ဆိုးလည်းဖြစ်ပါတယ်။ ဘယ်လောက်ဒုက္ခပေးလဲဆို နည်းနည်းလေးခေါင်းကိုက်နေတာနဲ့ လူကစိတ်မကြည်တော့ဘူး၊ အာရုံစိုက်မရတော့ဘူး။ ပိုဆိုးတာကခေါင်းကိုက်နေရင် အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ နားနေရတာ၊ လှဲအိပ်နေရင်တောင် ဆက်ပြီးထိုးကိုက်နေတာမျိုးဖြစ်ပါတယ်။

    ခေါင်းကိုက်တယ်ပဲ အလွယ်ပြောလိုက်ပေမယ့် တကယ်တမ်းက ကိုက်တဲ့နေရာ၊ အကြောင်းရင်းတွေမတူတဲ့ အမျိုးအစားတွေကွဲပြားတယ်ဆိုတာလေး ဆက်ပြီးပြောပြချင်ပါတယ်။ အဖြစ်များကြတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားတွေထဲက (၉) မျိုးကိုလေ့လာကြည့်ရအောင်။ ကိုယ်ဖြစ်ဖူးတာတွေ အများကြီးပါနေတာတွေ့ရပါလိမ့်မယ်။

    အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း များ

    (က) ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲဖြစ်တဲ့ ခေါင်းကိုက် ခြင်းများ။

    Primary headaches လို့ခေါ်တဲ့ ခေါင်းကိုက်မှုတွေက ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့်မဟုတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ရောဂါအခံကြောင့် မဟုတ်ဘူးဆိုတော့ ဘယ်လိုခေါင်းကိုက်တာမျိုးကိုခေါ်တာဖြစ်မလဲ –

    (၁) ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း

    အဖြစ်များဆုံးဖြစ်တဲ့ ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့အမျိုးအစား(Tension headache)ဆိုရင် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ခေါင်းတစ်ခုလုံးအုံခဲပြီး ကိုက်နေတော့တာပဲ။ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေများနေတဲ့အခါ ခေါင်းမကြည်ဘူး၊ တဒုတ်ဒုတ်နဲ့ ထိုးကိုက်နေပြီး ဇက်ကြော၊နဖူး၊ ဦးရေပြား၊ပခုံးကြွက်သားတွေပါ တောင့်တင်းတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးစရာတွေရှိနေတဲ့အခါ ဒီအမျိုးအစားကို ခံစားရနိုင်ပါတယ်။

    (၂) ဆက်တိုက်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း

    ဆက်တိုက်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Cluster headache) အမျိုးအစားက ခေါင်းထဲ ထိုးပြီးကိုက်တဲ့ဝေဒနာမျိုးပါ။ တစ်ခါတလေ မျက်လုံးတစ်ဖက်ရဲ့ အနောက်ဘက်က သို့မဟုတ် မျက်နှာတစ်ခြမ်းလုံး ကိုက်ခဲမှုဖြစ်တတ်ပါတယ်။ တစ်ခါတလေကျ ခေါင်းကိုက်တဲ့ဘက်ခြမ်းမှာ ရောင်ရမ်းတာ၊ နီမြန်းတာ၊ ချွေးထွက်တာ၊ နှာစေးနှာပိတ်တာ၊ မျက်ရည်ကျတာတွေဖြစ်လာနိုင်တယ်။

    ဒီအမျိုးအစားက ဆက်တိုက်ဖြစ်တတ်ပြီး အနည်းဆုံး ၁၅ မိနစ်ကနေ ၃ နာရီအထိကြာမြင့်နိုင်ပါတယ်။ ဒီအမျိုးအစားဖြစ်သူတွေဟာ တစ်နေ့ကိုလေးကြိမ်အထိ ခေါင်းကိုက်ဝေဒနာခံစားရနိုင်ပါတယ်။ ဒါမှမဟုတ် နောက်နေ့မှာလည်း ဒီအချိန်မှာပဲ ဖြစ်လာတာမျိုး၊ သက်သာသွားပြီးတော့ နောက်တစ်ခေါက်ထပ်ကိုက်လာတာမျိုးရှိနိုင်ပါတယ်။ လနဲ့ချီပြီးလည်း နေ့တိုင်းဆက်တိုက်ခေါင်းကိုက်တာတွေရှိတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာတော့ လက္ခဏာခံစားရတာမရှိဘဲလည်းဖြစ်နိုင်တယ်။ များသောအားဖြင့် နွေဦးနဲ့ ဆောင်းရာသီတို့မှာ ပိုအဖြစ်များတတ်ပါတယ်။

    (၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း

    ဒါကတော့ လူသိများတဲ့မင်းသားကြီးဖြစ်တဲ့ Migraine အမျိုးအစား ဖြစ်ပါတယ်။ သူဟာလည်း ရက်တွေချီပြီးခံစားရနိုင်တဲ့ ခေါင်းကိုက်ဝေဒနာဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာခေါင်းအတွင်းထဲကနေ ပြင်းထန်စွာ ကိုက်ခဲတဲ့ဝေဒနာပါ။ ဒီလိုကိုက်ခဲမှုကြောင့် တစ်နေ့တာအလုပ်တွေမလုပ်နိုင်တော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ တဒုတ်ဒုတ်နဲ့ ခေါင်းတစ်ခြမ်းတည်းကိုက်နေပြီး အလင်းရောင်နဲ့ အသံတွေကို လုံးဝမခံနိုင်တော့ပါဘူး။ မအီမသာဖြစ်တာ၊အော့အန်တာတွေလည်း ခံစားရလေ့ရှိပါတယ်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်းက မိသားစုမျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို တခြားအာရုံကြောစနစ်ပြဿနာတွေနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်Migraine ခံစားရနိုင်ခြေ သုံးဆပိုများတယ်လို့ဆိုကြပါတယ်။ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အကြောင်းရင်းတွေကတော့ အိပ်ရေးပျက်တာ၊ ရေဓာတ်ဆုံးရှုံးတာ၊ အစားမမှန်တာ၊ အစားအစာတချို့၊ ဟော်မုန်းအတက်အကျဖြစ်တာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာတို့ပါဝင်ပါတယ်။

    (ခ) တဆင့်ခံဖြစ်တဲ့ ခေါင်းကိုက်ခြင်း ဝေဒနာများ။

    Secondary headaches လို့ခေါ်တဲ့ တဆင့်ခံခေါင်းကိုက်ဝေဒနာဆိုတာ ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်လာတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားပါ။ တဆင့်ခံရင်းမြစ်ကြောင့်ခေါင်းကိုက်ခြင်းမှာ ပိုဆိုးတာက ရောဂါအခံမသက်သာမချင်း နာတာရှည်လို ခေါင်းကိုက်တတ်တာပါ။ တခြားနည်းလမ်းတွေထက် ရောဂါအခံကို ကုသတာကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    (၄) ဓာတ်မတည့်ခြင်း သို့မဟုတ် ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း

    ဓာတ်မတည့်မှုတစ်ခုခုကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ ဒီအမျိုးအစားဆိုရင် နှာခေါင်းဘေးလေအိတ်တဝိုက်နဲ့ ဦးခေါင်းအရှေ့ခြမ်းမှာ ကိုက်ခဲတာပါ။ ကုသတဲ့အခါမှာလည်း လေအိတ်ထဲက ချွဲသလိပ်တွေကိုလျော့ပါးအောင်၊ ကျဲအောင်အရင်လုပ်ရတာဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေသုံးပြီး ရောဂါပိုးသေမှ ခေါင်းကိုက်ခြင်းနဲ့ တခြားလက္ခဏာတွေပါ သက်သာမှာပါ။

    (၅) ဟော်မုန်းကြောင့် ခေါင်းကိုက်ခြင်း

    ဟော်မုန်းအတက်အကျမငြိမ်ခြင်းနဲ့ ဆက်နွယ်တဲ့ ခေါင်းကိုက်ခြင်းတွေကို အများအားဖြင့် အမျိုးသမီးတွေ ခံစားရတတ်ပါတယ်။ ရာသီလာခြင်း၊ သန္ဓေတားဆေးနဲ့ ကိုယ်ဝန်ဆောင်ခြင်းစတဲ့အချက်တွေက အီစထရိုဂျင်ပမာဏအပေါ်သက်ရောက်မှုရှိပြီး ခေါင်းကိုက်စေနိုင်တာပါ။ အမျိုးသမီးတွေမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ ၆၀ ရာခိုင်နှုန်းက ရာသီလာချိန်ခေါင်းကိုက်ခြင်းတွေဖြစ်တယ်လို့ ခန့်မှန်းရပြီး သောက်ဆေးတွေအပြင် ယောဂ၊ တရားထိုင်၊ အကြောလျှော့နည်းလမ်းတွေနဲ့ သီးသန့်ဂရုစိုက်တဲ့ စားသောက်မှုပုံစံတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုသက်သာစေနိုင်ပါတယ်။

    (၆) ကဖင်းကြောင့်ခေါင်းကိုက်ခြင်း

    ကဖင်းက ဦးနှောက်ကို သွေးရောက်ရှိမှုအပေါ် သက်ရောက်နိုင်စွမ်းရှိတာကြောင့် ကဖင်းသောက်သုံးမှုလွန်ကဲရင် ခေါင်းကိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်လေ့ရှိသူတွေ ကဖင်းသောက်သုံးရင် ခေါင်းကိုက်ဖို့ ပိုလွယ်စေပါတယ်။ ကဖင်းသောက်နေကျလူအတွက်လည်း ရုတ်တရက်ဖြတ်လိုက်တဲ့အခါ withdrawal headache လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ကော်ဖီဆိုလည်း တော်သင့်ရုံသာသောက်ပါ။

    (၇) အားစိုက်ခြင်းကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ခြင်း

    ပြင်းပြင်းထန်ထန်အားစိုက်ရတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်မိပြီးရင် ဒီခေါင်းကိုက်ခြင်းအမျိုးအစားကို ချက်ချင်းခံစားရနိုင်ပါတယ်။ အလေးမခြင်း၊ ပြေးခြင်း၊ လိင်ဆက်ဆံခြင်းတို့လို လှုပ်ရှားမှုတွေက exertion headache အမျိုးအစားကို အဖြစ်များစေတဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။ ဦးခေါင်းခွံအတွင်းကို သွေးရောက်ရှိမှုပိုတိုးစေတဲ့ ဒီလှုပ်ရှားမှုတွေကြောင့် နားထင်နှစ်ဖက်မှာ တဒုတ်ဒုတ်နဲ့ သွေးခုန်ပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအမျိုးအစားက သိပ်အကြာကြီးမဖြစ်တတ်ပါဘူး။ မိနစ်အနည်းငယ်သာဖြစ်လေ့ရှိပြီး ကြာခဲ့ရင်လည်း နာရီအနည်းငယ်သာဖြစ်နိုင်ပါတယ်။

    (၈) သွေးတိုးလို့ ခေါင်းကိုက်ခြင်း

    သွေးပေါင်ချိန်တက်နေချိန်မှာ ခေါင်းကိုက်တာလည်းအဖြစ်များပါတယ်။ အရေးပေါ်ဖြေရှင်းကုသမှုလိုအပ်တဲ့လက္ခဏာမို့ မပေါ့ဆသင့်ပါဘူး။ သွေးဖိအားက အန္တရာယ်ရှိတဲ့အဆင့်ထိ မြင့်တက်နေတဲ့အချိန်မှာ ဒီလက္ခဏာဖြစ်လာတတ်ပါတယ်။ ဒီအမျိုးအစားမှာ အမြင်အာရုံဝေဝါးခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတို့လည်းဖြစ်လာနိုင်ပါတယ်။ သွေးတိုးပြီး ခေါင်းကိုက်နေတယ်ဆိုရင် ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။သွေးပေါင်ချိန်ပုံမှန်ဖြစ်တာနဲ့ ခေါင်းကိုက်ဝေဒနာသက်သာသွားပါလိမ့်မယ်။

    (၉) ဒဏ်ကြောင့်ဖြစ်တဲ့ခေါင်းကိုက်ခြင်း

    ဦးခေါင်းထိခိုက်မှု ဒဏ်တစ်ခုခုနောက်ပိုင်းမှာဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းကို Post-traumatic headache လို့ခေါ်ပါတယ်။ ဒီအမျိုးအစားမှာလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် ဖိစီးမှုခေါင်းကိုက်ခြင်းတို့လို ဆင်တူပြီး ၆လ ကနေ ၁၂ လ အထိ နာတာရှည်ဖြစ်သွားနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

    ခေါင်းကိုက်ခြင်းဟာ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသသက်သာနိုင်တဲ့ ရိုးရိုးဝေဒနာတင်မကဘဲ တကယ်ရောဂါကြီးတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် အမြန်ဆုံးဆရာဝန်ပြပြီး ကုသမှုခံယူပါ။

    • ဇက်ကြောတောင့်တင်းခြင်း
    • ခန္ဓာကိုယ်မှာ အနီကွက်တွေ ထွက်လာခြင်း
    • အော့အန်ခြင်း
    • အာရုံရှုပ်ထွေးခြင်း
    • စကားပြောသံ ဗလုံးဗထွေးဖြစ်ခြင်း
    • အဖျား 100.4°F (38°C) အထက်ရှိနေခြင်း
    • ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု လှုပ်ရှားမရခြင်း သို့မဟုတ် အမြင်အာရုံဆုံးရှုံးခြင်း တို့ကို သတိထားပါ။

    ခေါင်းကိုက်တာ ၁၅ ရက်ကျော်လာတယ်ဆိုရင် နာတာရှည်ခေါင်းကိုက်ခြင်းဖြစ်နေနိုင်လို့ ဆရာဝန်နဲ့ကုသမှုခံယူသင့်ပါတယ်။

    Takeaways

    ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးထဲကမှ အဖြစ်အများဆုံး ၉မျိုးကို ရှင်းပြထားတာ ဖြစ်ပါတယ်။ ခေါင်းခဏခဏ ကိုက်တိုင်း ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့ သတ်မှတ်ဖို့ ခက်ပါတယ်။ လူနာကို စစ်ဆေးစမ်းသပ်ပြီးမှပဲ ရောဂါအမျိုးအစားခွဲလို့ ရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement