backup og meta

အတက်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်ကင်းအောင်လုပ်ဆောင်သင့်သည်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတက်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်ကင်းအောင်လုပ်ဆောင်သင့်သည်များ

    ဝက်ရူးပြန်ရောဂါဟာ မကြာခဏတက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကိုယ်ဝန်ရှိခြင်း နဲ့ ဝက်ရူးပြန်ရောဂါ ရှိခြင်း နှစ်ခုပေါင်းလိုက်တဲ့အခါ အန္တရာယ်အလွန်များတယ်လို့ ထင်ရပါတယ်။ သို့သော် သင့်ရဲ့ပြုမူနေထိုင်ပုံ တွေကို ကြည့်ပြီး ကံတရားက အလေးသာသွားမှာပါ။ အောက်ဖော်ပြပါ အချက်အလက်များက ကိုယ်ဝန်ဆောင်စဉ် တက်ခြင်းအကြောင်း ဖော်ပြပေးထား တာဖြစ်ပါတယ်။

    အတက်ရောဂါရှိတဲ့ မိခင်ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အတက်ရောဂါရဲ့ အချို့သော နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်မှာ ဝက်ရူးပြန်ရောဂါရှိခြင်းဟာ မိခင်ကို ဘယ်ရောဂါနှင့်မှ မတူတဲ့ သောကအချို့ ပေးနိုင်ပါတယ်။ သို့သော်လည်း ဝက်ရူးပြန်ရောဂါရှိသော အမျိုးသမီးအများစုဟာ ကျန်းမာရေး ကောင်းမွန်တဲ့ ကလေးတွေကို မွေးလေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တက်ခြင်းဟာ မိခင်အတွက် အချို့သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်ပါတယ်။ ၎င်းတို့ကတော့

    • သန္ဓေသားတွင် နှလုံးခုန်နှုန်း လျော့ကျခြင်း

    • သန္ဓေသားတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ လမစေ့ခင် သားအိမ်မှ အချင်းကွာခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်း စတာတွေဟာ တက်နေတဲ့ အချိန်မှာ ထိခိုက်ဒဏ်ရာ ရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    • လမစေ့ပဲ ကလေးမွေးဖွားခြင်းလည်း ဖြစ်နိုင်ပါတယ်။

    ဒါ့အပြင် အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိလာတဲ့အခါမှာ အမျိုးမျိုး တုံ့ပြန်ကြပါတယ်။ ဝက်ရူးပြန်ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုမှာလည်း တက်လာတဲ့အခါမှာ ထိုနည်းတူစွာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး အနည်းငယ်ကတော့ ကိုယ်ဝန်ဆောင်စဉ် အတက်ရောဂါဖြစ်နိုင်ခြေ များသူတွေရှိပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ အထူးသဖြင့် အိပ်ရေးပျက်သော မိခင်များ သို့မဟုတ် ဆရာဝန်ညွှန်ကြားထားသည့် အတိုင်းဆေးမသောက် သူများ စတဲ့ သူတွေမှာ ဖြစ်ပါတယ်။ အခြားသူများမှာတော့ အတက်ရောဂါဟာ အဖြစ်နည်းလေ့ရှိပါတယ်။ ဒါ့အပြင် အတက်ရောဂါအတွက် ကုတဲ့ဆေးဝါးအချို့ဟာ ကိုယ်ဝန်မဆောင်နိုင်ပဲ မြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။ သို့သော် အချို့သောအတက်ရောဂါ အတွက်သောက်တဲ့ ဆေးတွေဟာ ဟော်မုန်းအားဖြင့် ကိုယ်ဝန်တားသော နည်းလမ်းများရဲ့ အသုံးဝင်မှုကို လျော့ကျစေပါတယ်။ ပိုပြီးအသေးစိတ် သိရှိစေရန်အတွက် သင့်ဆရာဝန် သို့မဟုတ် သင့်ရဲ့ ဆေးဝါးကျွမ်းကျင် ပညာရှင်ကို ဆက်သွယ်ဖို့ရာလိုအပ်ပါတယ်။

    ကလေးနှင့် ပတ်သက်ပြီး အချို့သော အန္တရာယ် များလည်း ရှိနေနိုင်ပါတယ်။

    သင်ကိုယ်ဝန်ဆောင်ချိန်မှာ သောက်တဲ့ဆေးတွေ အားလုံးဟာ သင့်ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးရဲ့ အာနိသင်များကြောင့်အပြင် ဝက်ရူးပြန်မိခင်မှ မွေးသော ကလေးများဟာ အတက်ရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ သင်သောက်နေတဲ့ ဆေးအမျိုးအစားနှင့် ဆေးပမာဏပေါ် မူတည်ပြီး ကလေးမှာ မွေးရာပါချို့ယွင်းချက်များ ဖြစ်လာနိုင်ခြေများပါတယ်။

    • ဆီးလမ်းကြောင်း မူမမှန်ချို့ယွင်းမှုများ
    • မွေးရာပါ နှလုံးရောဂါ ရှိခြင်း၊
    • အရိုးအဆစ်များ ပုံမှန် မဟုတ်ခြင်း၊
    • ဉာဏ်ရည် ဉာဏ်သွေး နိမ့်ခြင်း၊
    • ဘာသာစကားဆိုင်ရာ စွမ်းရည် လျော့နည်းခြင်း၊ (စကားပြောခြင်းနှင့် နားလည်ခြင်းဆိုင်ရာ မှတ်ဉာဏ်ပိုင်းတွင် ပြဿနာများ ရှိခြင်း)
    • လူမှု ဆက်ဆံရေးပိုင်းဆိုင်ရာ ပြဿနာရှိခြင်း၊
    • လမ်းလျှောက်နှေးခြင်းနှင့် စကားပြော နှေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    အတက်ရောဂါ ရှိတဲ့ မိခင်ဟာ ဘာတွေလုပ်သင့်သလဲ။

    သင်ဟာ ကိုယ်ဝန်မဆောင်ခင်မှာ ဆရာဝန်နှင့် အရင်ဆုံး သွားရောက် ဆွေးနွေးသင့်ပါတယ်။ ဒါမှ ဆရာဝန်များက သင့်ကို အခြားသောကုသမှု ပေးနိုင်ရန် စဉ်းစားနိုင်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ်မှ ဆေးကုသမှုပြောင်းလဲခံယူခြင်း ထက်စာရင် ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆေးကုသမှု ပြောင်းလဲခံယူခြင်းက ပိုပြီးကောင်းမွန်စေပါလိမ့်မယ်။

    သင်ဟာအတက်ရောဂါ ပျောက်ဆေးတွေ သောက်နေစဉ်မှာ ကိုယ်ဝန်ရခဲ့မယ်ဆိုရင် ဆေးကို ဆက်သောက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ဆေးကုသမှု ဆိုင်ရာအကြောင်းဆွေးနွေး ပေးရန် အထူးကုဆရာဝန်နှင့် ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် အတောအတွင်းမှာ သင့်ရဲ့ အထူးကုဆရာဝန် ညွှန်ကြားချက်မပါပဲ ဆေးကိုရပ်ခြင်း၊ ဆေးပြောင်းခြင်း မပြုလုပ်သင့်ပါဘူး။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ပြင်းပြင်းထန်ထန် တက်ခြင်းဟာ အန္တရာယ် ရှိသောထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့ အပြင် သေစေနိုင်တဲ့အတွက် သင့်ကလေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

    သင့်ရဲ့ အတက်ပျောက်ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း တိတိကျကျ သောက်ပေးပါ။ သင့်သဘောနှင့် သင် ဆေးကိုရပ်လိုက်ခြင်း သို့မဟုတ် ဆေးပမာဏကို ချိန်ဆခြင်း မပြုလုပ်ပါနှင့်။ ဆေးကြောင့် ဖြစ်သော ဆိုးကျိုးထက်စာလျှင် ရောဂါကြောင့် မထိန်းချုပ်နိုင် ဖြစ်မှသာ သင့်ကလေးအတွက် ဆိုးကျိုး အလွန်ကြီးမားနိုင်တယ်ဆိုတာ သတိရသင့်ပါတယ်။ သင်ဟာ ကလေး စ ယူဖို့ ကြိုးစားနေတယ်ဆိုတာနှင့် folic acid အပြင်းစား ၅ မီလီဂရမ်ကို နေ့တိုင်းသောက်ဖို့ အကြံပေးပါတယ်။ ဒါပေမယ့် ဒီ ၅ မီလီဂရမ် ဆေးပြားတွေဟာ ဆရာဝန်ညွှန်ကြားချက် မပါပဲမရနိုင်တဲ့ အတွက် ဆရာဝန်က သင့်ကို ညွှန်ကြားပေးဖို့ လိုပါလိမ့်မယ်။

    ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင်မှုများ ရှိခြင်းကလည်း အလွန်ပဲ အရေးကြီးပါတယ်။

    • ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကို စားပါ။
    • ကိုယ်ဝန်ဆောင် အားဆေးများ သောက်ပါ။
    • လုံလုံလောက်လောက် အိပ်စက်ပါ။
    • ဆေးလိပ်၊ အရက်နှင့်ဘေးဥပဒ်ဖြစ်စေသော ဆေးများကို ရှောင်ကြဉ်ပါ။

    ဆရာဝန်က အာထရာဆောင်း ရိုက်ပြီးသင့်ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုပြဿနာတွေကို တွေ့နိုင်အောင် ကူညီပေးပါလိမ့်မယ်။ သင်သောက်ထားတဲ့ အတက်ရောဂါ ဆေးတွေပေါ်မူတည်ပြီး သင့်ရဲ့သွေးထဲမှာ ဒီဆေးတွေရဲ့ ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာ စစ်ဆေးဖို့အတွက် သွေးစစ်ဆေးမှုတွေကို ပိုပြီးလိုအပ်လာနိုင်ပါတယ်။

    ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ လျှပ်စီး လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ တက်ခြင်းကိုဖြစ်စေပါတယ်။ ဒီလိုတက်လာပြီဆိုရင် ခန္ဓါကိုယ်ဟာ ထိန်းချုပ် မရနိုင်ပဲ လှုပ်ရှားနေမှာဖြစ်ပါတယ်။ ဒါ့အပြင် ခဏလောက်မေ့သွားပါတယ်။ သင်ဟာအတက်ရောဂါ ရှိနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်မိခဲ့ရင် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement