backup og meta

ကိုယ်တစ်ခြမ်းအားပျော့ခြင်း နဲ့ ကိုယ်တစ်ခြမ်းသေခြင်း


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်တစ်ခြမ်းအားပျော့ခြင်း နဲ့ ကိုယ်တစ်ခြမ်းသေခြင်း

    မြန်မာစကားမှာ ‘ ကိုယ်တစ်ခြမ်းအားပျော့ခြင်း ‘နဲ့ ‘ ကိုယ်တစ်ခြမ်းသေခြင်း ‘ရယ်လို့ ရှိပါတယ်။ စာလို ပြောရင်တော့ Hemiparesis နဲ့ Hemiplegia ပါ။ မြန်မာလိုပဲ ကြည့်ကြည့်၊ အင်္ဂလိပ်လိုပဲ ကြည့်ကြည့် တူတူပဲလို့ ထင်စရာရှိပါတယ်။ တကယ်လည်း သိပ်မကွာပါဘူး။ ဖြစ်တဲ့ အကြောင်းရင်းကလည်း အတူတူပါပဲ။ အဓိကက ခံစားရတဲ့ ပုံစံချင်းပဲ ကွာတာပါ။ ဒီအကြောင်းကို အောက်မှာ အသေးစိတ် ရှင်းပြပေးပါမယ်။

    ကိုယ်တစ်ခြမ်းအားပျော့ခြင်း နဲ့ ကိုယ်တစ်ခြမ်း သေခြင်း

    ကိုယ်တစ်ခြမ်းအားပျော့ခြင်း – ဆိုလိုတာက ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းပဲဖြစ်ဖြစ်၊ ညာဘက်ခြမ်းပဲဖြစ်ဖြစ် အားနည်းတာပါ။ ကြွက်သားအားနည်းတာပဲဖြစ်ဖြစ်၊ ခံစားမှုမရှိတာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။

    ကိုယ်တစ်ခြမ်း သေခြင်း – ကိုယ်တစ်ခြမ်း သေတာကတော့ အားပျော့တာထက် ပိုပြင်းထန်ပါတယ်။ လုံးဝကို မလှုပ်နိုင်တာပါ။ အာရုံခံစားမှု ရှိကောင်း ရှိနိုင်ပါသေးတယ်။ တစ်ခါတစ်လေတော့ ဒီနှစ်ခုက ခွဲရခက်တတ်ပါတယ်။

    ကိုယ်တစ်ခြမ်းအားပျော့ခြင်း နဲ့ ကိုယ်တစ်ခြမ်း သေခြင်းရဲ့ လက္ခဏာများ

    ကိုယ်တစ်ခြမ်း အားပျော့ခြင်း – အတွေ့ရများတဲ့ လက္ခဏာကတော့ ကိုယ်တစ်ခြမ်း မလှုပ်နိုင်တာပါ။ သာမန်ကနေ ပြင်းထန်တဲ့အထိ ဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့

    • လှုပ်ရှားဖို့ခက်ခဲတာ (အထူးသဖြင့် မတ်တပ်ရပ်ဖို့ ခက်ခဲတာ)
    • လက်မြှောက်ဖို့ခက်ခဲတာ
    • Pusher syndrome –  လူနာက ကြာလာရင် ကိုယ်တစ်ခြမ်းစောင်းလာပါတယ်။ ခန္ဓာကိုယ်မျှခြေကို မထိန်းနိုင်တဲ့အတွက် လမ်းလျှောက်ရင် တစ်ဖက်ကို ယိုင်နေပါတယ်။
    • ဖြစ်တဲ့ဘက်မှာ ခံစားမှုမရှိတာ၊ ကျဥ်တာ ဖြစ်တတ်ပါတယ်။

    ကိုယ်တစ်ခြမ်း သေခြင်း- ကံကောင်းတာက သူက တစ်သက်လုံး လှုပ်လို့မရ၊ ခံစားမှုမရှိ ဖြစ်နေမှာ မဟုတ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ လေ့ကျင့်ခန်းပြန်လုပ်ရင် ကောင်းလာနိုင်ပါတယ်။ ကိုယ်တစ်ခြမ်း သေတာရဲ့ လက္ခဏာတွေကတော့

    • ကိုယ်တစ်ခြမ်း လှုပ်လို့မရပါဘူး။
    • ဆီးထိန်း ဝမ်းထိန်းရခက်တာ
    • ကိုယ်တစ်ခြမ်းမှာ ခံစားမှုမရှိတာ၊ ခံစားမှု ပြောင်းလဲတာ
    • ဖြစ်တဲ့ဘက်မှာ လက်သီးကျစ်ကျစ်ဆုပ်ထားတာ
    • စကားပြောရခက်တာ
    • အစာမျိုရခက်တာ
    • အသက်ရှူရခက်တာ စတာတွေဖြစ်တတ်ပါတယ်။

    ဘာကြောင့် ဖြစ်ရတာလဲ။

    နှစ်ခုလုံး ဖြစ်ရတဲ့ အကြောင်းရင်းကတော့ အတူတူပါပဲ။ ဖြစ်တာက ကြွက်သား မလှုပ်ရှားနိုင်တာဆိုပေမယ့် တကယ့်ပြဿနာက ဦးနှောက်နဲ့ အာရုံကြောမှာ ရှိနေတာပါ။ ဒီထဲမှာ အဖြစ်များဆုံး အကြောင်းရင်းကတော့ လေဖြတ်တာပါ။ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်တဲ့အခါ အဲ့ဒီမရောက်တဲ့ အစိတ်အပိုင်းကပုပ်ပြီး သူနဲ့သက်ဆိုင်တဲ့ အခြမ်းက မလှုပ်နိုင်တော့တာ၊ ခံစားမှုမရှိတာဖြစ်တာပါ။ ပြီးတော့ ဖြစ်တဲ့ဘက်နဲ့ ခံရတဲ့ဘက်ကလည်း ဆန့်ကျင်ဖက်ပါ။ ဥပမာပြောရရင် ညာဘက် ဦးနှောက်က သွေးကြောပေါက်ရင် ဘယ်ဘက်ခြမ်းက မလှုပ်နိုင်တာပါ။ တခြားအကြောင်းရင်းတွေကတော့

  • ပိုးဝင်တာ (ဦးနှောက် အမြှေးပါးရောင်တာ၊ ဦးနှောက် ရောင်တာ)
  • ဦးနှောက် အကျိတ်ဖြစ်တာ
  • ပါကင်ဆန်ရောဂါလိုမျိုး အာရုံကြောတွေပျက်စီးတာ
  • ဦးခေါင်းကို ထိခိုက်ဒဏ်ရာရတာ
  • Cerebral palsy လိုမျိုး ဦးနှောက်ချို့ယွင်းချက်ရှိတာ စတာတွေပဲဖြစ်ပါတယ်။
  • ကုသလို့ရလား။

    ကိုယ်တစ်ခြမ်း အားပျော့တာပဲ ဖြစ်ဖြစ်၊ ကိုယ်တစ်ခြမ်း သေတာပဲဖြစ်ဖြစ် ခံစားရတာလက္ခဏာသာ ကွာတာ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ကုသနည်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသဖို့ပါပဲ။ ကုသတာရဲ့ ရည်ရွယ်ချက်ကတော့ ပြန်ပြီးလှုပ်ရှားနိုင်အောင်နဲ့ နေ့စဥ်အလုပ်တွေကို ပြန်လုပ်နိုင်အောင်ပါ။ ကုသနည်းတွေကတော့

    • ထိခိုက်ထားတဲ့ ဦးနှောက်အစိတ်အပိုင်းပြန်ပြီး အလုပ်လုပ်နိုင်အောင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။
    • လတ်တလောမှာ သွားလာဖို့ လွယ်ကူအောင် ချိုင်းထောက်၊ ဝှီးချဲတွေ သုံးလို့ရပါတယ်။
    • ရောဂါကြောင့် စိတ်မထိခိုက်သွားအောင်၊ စိတ်ဓာတ်မကျသွားအောင် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ရပါမယ်။

    ပြန်ကောင်းနိုင်ပါ့မလား။

    ကိုယ်တစ်ခြမ်း အားပျော့တာရော ကိုယ်တစ်ခြမ်း သေတာရောက ဘယ်လိုဖြစ်သွားမယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ လက္ခဏာတွေက ပြောင်းလဲလာပါတယ်။ မြန်မြန်ကုသနိုင်လေလေ မြန်မြန်သက်သာလေလေပါပဲ။ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုကလည်း အရေးကြီးပါတယ်။ လူနာတစ်ယောက်နဲ့ တစ်ယောက် ပြန်ကောင်းပုံခြင်းကလည်း မတူပါဘူး။ တချို့ကလည်း သူ့ဟာသူ အလိုလိုပြန်ကောင်းသွားတာလည်း ရှိပါတယ်။ တချို့ကျတော့လည်း ပြန်သက်သာတာ နှေးတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမလုပ်တာထက်စာရင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းလုပ်တဲ့သူတွေက မြန်မြန် ပြန်ကောင်းနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement