backup og meta

ခြေ ဖနောင့်အတက် ထွက်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေ ဖနောင့်အတက် ထွက်နေပြီလား

    လမ်းလျှောက်လိုက်တိုင်း ဖနောင့်က နာနာနေတာ ဖနောင့်အတက် များ ထွက်နေသလား မသိဘူးလို့ သူများတွေ ပြောတာကြားဖူးပါသလား။ ဒါကို အရိုး အတက်ထွက်တယ်လို့ ခေါ်ပါတယ်။ အတက်ထွက်တယ်ဆိုပေမယ့် တကယ်တော့ အရိုးမှာ ကယ်ဆီယမ်တွေ စုပုံလာတာကို ခေါ်တာပါ။ အများအားဖြင့်တော့ ဖနောင့်နဲ့ ခြေချောင်းနား တစ်လျှောက်မှာ အတက်ထွက်လေ့ရှိပါတယ်။

    အရိုးအတက်က မမြင်ရလောက်အောင် သေးတဲ့ အရွယ်ကနေ လက်မဝက်အရွယ်လောက်ထိ ရှိတတ်ပါတယ်။ ဒါကြောင့် အရိုးအတက်ထွက်တိုင်း နာချင်မှ နာမှာပါ။ ဖနောင့်အရိုးအတက်ထွက်တာနဲ့ ပတ်သတ်ပြီး ထပ်သိဖို့ လိုတာလေးတွေကို ဆက်ပြောပြပါ့မယ်။

    ဖနောင့်အတက် ထွက်ခြင်းရဲ့ လက္ခဏာများ

    ဖနောင့်အတက် ထွက်တာက သေးသေးလေးပဲ ဆိုရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ နာလည်း မနာပါဘူး။ တခြားအကြောင်းနဲ့ ပတ်သတ်ပြီး စမ်းရင်း ပြုရင်းနဲ့မှ မတော်တဆ တွေ့တတ်တာမျိုးပါ။  တစ်ခါတစ်လေတော့လည်း အတက်ထွက်တာကြောင့်

    • နာတာ
    • ရောင်ရမ်းတာ
    • ခြေဖမိုး ဖောင်းလာတာ
    • ကိုင်ကြည့်လိုက်ရင် ပူတာ
    • အရိုးအတက်လေးကို စမ်းမိတာမျိုးတွေ ရှိတတ်ပါတယ်။

    ဘာလို့ ဖနောင့်အတက် ထွက်ရတာလဲ။

    ဖနောင့်အတက်ထွက်ရတာ ဖနောင့်မှာ ရှိတဲ့ ကြွက်သားတွေ၊ အရွတ်တွေ နာတာရှည် ဒဏ်ဖြစ်သွားလို့ပါ။ ဒီလိုနဲ့ ကြာလာတော့ ဖနောင့်မှာ အတက်ထွက်လာတော့တာပေါ့။ သူက အခု ဒဏ်ဖြစ် အခု အတက်ထွက် မဟုတ်ပါဘူး။ အချိန်တော်တော်ကြာမှ ဖြစ်လာတာပါ။ ဒါကြောင့် ဘာကြောင့်မှန်းမသိ ဖနောင့်နာတာ ကြာနေပြီဆိုရင် ပစ်မထားသင့်ပါဘူး။

    မျက်နှာပြင် မာမာပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်တာ၊ ပြေးတာ၊ ခုန်တာတွေက ကြာလာရင် အရိုးအတက် ထွက်စေပါတယ်။ ခြေထောက်နဲ့ မတော်တဲ့၊ သက်တောင့်သက်သာ မဖြစ်တဲ့ ဖိနပ်တွေ စီးတာကလည်း ရေရှည်မှာ အတက်ထွက်စေပါတယ်။ အရိုးအတက်ထွက်စေတဲ့ အခြားအကြောင်းရင်းတွေကတော့

    • အဆစ်ရောင်တာ
    • ဖနောင့်ပွန်းတာ
    • အဝလွန်တာ
    • ဖိနပ်က စီးရတာ သက်တောင့်သက်သာ မဖြစ်တာ
    • ဖိနပ်ပါးလွန်းတာ စတာတွေပဲဖြစ်ပါတယ်။

    ဖနောင့်အတက်ထွက်တဲ့သူ တော်တော်များများမှာ plantar fasciitis လို့ခေါ်တဲ့ ခြေဖဝါး အရွတ်မြှေးရောင်တာကိုလည်း တွဲတွေ့ရတတ်ပါတယ်။ ဒီအရွတ်မြှေးရောင်တာကလည်း အရိုးအတက်ထွက်စေတဲ့ အကြောင်းရင်း တစ်ခုပဲ ဖြစ်ပါတယ်။

    ဖနောင့်အတက် ထွက်မှန်း ဘယ်လို သိမလဲ။

    ဖနောင့်နာတိုင်း ဖနောင့်အတက်ထွက်တယ်လို့ တထစ်ချ ပြောလို့မရပါဘူး။ ဒီလိုပဲ ဖနောင့်မနာဘဲ ဖနောင့်အတက်သေးသေးလေးတွေ ထွက်တာလည်း ရှိပါတယ်။ ကိုယ့်ဟာကိုယ် ခွဲဖို့ မလွယ်ပါဘူး။ အရိုးအထူးကု ဆရာဝန်နဲ့ ပြပြီး စမ်းသပ်စစ်ဆေးတာ၊ ဓာတ်မှန်ရိုက်ကြည့်မှ သိနိုင်တာမျိုးပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရိုးအတက်ထွက်တယ်လို့ သံသယရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပေးလိုပါတယ်။

    ဘယ်လိုကုသနိုင်မလဲ။

    ကိုယ့်ဟာကိုယ် အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့

    • ရေခဲကပ်ပေးပါ – နာတဲ့နေရာကို ရေခဲတတ်လေး ၁၅မိနစ်လောက် ကပ်လိုက်တာက ထုံသွားစေပြီး အနာသက်သာစေပါတယ်။ အရောင်လည်း ကျစေပါတယ်။
    • အကိုက်အခဲ ပျောက်ဆေးသောက်တာ – ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေ သောက်နိုင်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး အများစုက အစာအိမ် ထိခိုက်နိုင်လို့ အစာစားပြီးမှ သောက်ပါ။ နောက်ပြီး ကျောက်ကပ်လည်း ထိခိုက်နိုင်လို့ ရေရှည်သောက်ဖို့ အဆင်မပြေပါဘူး။ တခြားဆေးတွေ သောက်နေရင် ဆေးတည့်မတည့် ဆရာဝန်နဲ့ ဆွေးနွေးပါ။
    • လေ့ကျင့်ခန်း လုပ်ပါ – သက်တောင့်သက်သာ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဝိတ်ကျသွားရင် အရိုးအတက်ကြောင့် နာတာလည်း သက်သာသွားပါတယ်။  အကြောလျှော့ပါ။ အထူးသဖြင့် ညမအိပ်ခင် အကြောလျှော့ပြီးမှ အိပ်ပါ။
    • အနားယူပါ – အရိုးအတက်ထွက်တာ အတွက် အကောင်းဆုံး နည်းလမ်းပါ။ခြေဖနောင့်ကို အနားပေးတာက အရိုးအတက်ကြောင့် နာတာကို သက်သာစေသလို ထပ်ပြီး မဆိုးအောင်လည်း ကာကွယ်ပေးပါတယ်။ အထူးသဖြင့် မတ်တပ်အကြာကြီးရပ်ပြီးတိုင်း၊ ဖနောင့်ကို ဝန်ပိစေမယ့် အလုပ်တွေ လုပ်ပြီးတိုင်း သေချာအနားယူပေးပါ။

    တခြား နည်းလမ်းတွေကတော့

    • ဖိနပ်ထဲကို ကူရှင်ခံစီးတာ
    • နာတာ သိပ်ပြင်းထန်ရင် အရောင်ကျဆေးတွေ ထိုးတာ
    • နောက်ဆုံး ခွဲစိတ်ကုသတာတွေ အထိ လုပ်လို့ရပါတယ်။ (ကံကောင်းတာက ၁၀၀မှာ ၉၀လောက်က ခွဲစိတ်စရာမလိုဘဲ ပြန်ကောင်းသွားကြပါတယ်။)

    ဘယ်လို ကာကွယ်ကြမလဲ။

    ကာကွယ်ဖို့ဆိုရင်

    • ကိုယ်နဲ့ တော်တဲ့ သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်ကို ရွေးစီးပါ။
    • လေ့ကျင့်ခန်း မလုပ်ခင်၊ အားကစား မလုပ်ခင် အကြောလျှော့ပါ။
    • ဝိတ်ချပါ။
    • ခြေဖနောင့်ကို ဒဏ်ဖြစ်စေမယ့် အလုပ်မျိုး ရှောင်ပါ။
    • တစ်နေကုန် မတ်တပ် အလုပ်လုပ်ပြီးသွားရင် ခြေထောက်ကို အနားပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement