backup og meta

ကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။

    အသက်ကြီးလာတာနဲ့အမျှ ကျောရိုးမှာ ရှိတဲ့ အဆစ်လေးတွေ ပါးပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ဇက်ကြောတွေ တက်တာ၊ ခေါင်းကိုက်တာ၊ လက်ပြင်ကိုက်တာတွေ ဖြစ်လာလပါတယ်။ ဒါကို ကျီးပေါင်း တက်တယ်လို့ ခေါ်ပါတယ်။ အသက် “ကြီး” မှ ဖြစ်လို့ “ကျီး”ပေါင်းလို့ ခေါ်တာပေါ့။

    အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များပြီး အသက်ကြီးလာလေလေ ပိုဆိုးလေပါ။ လေ့လာချက်တွေအရ အသက်၆၀ကျော်တွေရဲ့ ၈၅ရာခိုင်နှုန်းက ဇက်ကျီးပေါင်း ဖြစ်တတ်ပါတယ်။ ဒါဖြစ်လာရင် လူက နေလို့မကောင်းဘူး။ ခေါင်းကြီးလေးနေတဲ့အတွက် လေဖြတ်တော့မှာလား ဆိုပြီး စိုးရိမ်တတ်ပါတယ်။ ဒါကြောင့် ဇက်ကျီးပေါင်း ဆိုတာ စိုးရိမ်ရလား။ ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ကြမလဲ ဆိုတာ ဆက်ကြည့်ရအောင်။

    ဘာလို့ ဇက် ကျီးပေါင်း တက်ရတာလဲ။

    အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံး သုံးလာခဲ့တဲ့ လည်ပင်းဆစ်မှာ ရှိတဲ့ အရိုးတွေ၊ အရိုးနုတွေက ပွန်းပြီး ပါးလာပါတယ်။ ပျက်စီးတဲ့ ပုံတွေကတော့

  • လည်ပင်းဆစ်ကြားရိုးတွေ ပြားလာတာ

  • ဒီဆစ်ကြားရိုးတွေက လည်ပင်းဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ ကူရှင်လိုမျိုး ခံထားပေးပါတယ်၊။ အသက်၄၀လောက်က စပြီး ဒီဆစ်ကြားရိုးတွေက တဖြည်းဖြည်းပိပြီး ပြားလာပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ လည်ပင်းဆစ်တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှုတွေ ဖြစ်လာပါတယ်။

    • လည်ပင်းဆစ်ကြားရိုးတွေ ကျွံတာ

    အသက်ကြီးလာတာနဲ့ အမျှ ဆစ်ကြားရိုးတွေက အက်ကွဲပြီး အပြင်ကို ကျွံထွက်လာပါတယ်။ ဒါကြောင့် အာရုံကြောမကြီးနဲ့ အာရုံကြောကို ဖိတတ်ပါတယ်။

    • အရိုးအတက်ထွက်တာ

    ဒီလို လည်ပင်းဆစ်ကြားရိုးတွေ ပျက်စီးလာတာကြောင့် ကျောရိုးမကြီးကို ထောက်ပံ့ဖို့အတွက် အရိုးအတက်တွေ ထွက်လာပါတယ်။ ဒီအရိုးအတက်ထွက်တာကလည်း အာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ဖိတတ်ပါတယ်။

    • အရွတ်တွေ တောင့်တာ

    အသက်ကြီးလာတော့ အရွတ်တွေ တောင့်ပြီး လည်ပင်းက လှုပ်ရှားရခက်လာပါတယ်။

    • ထိခိုက်ဒဏ်ရာရတာ

    ကားအက်စီးဒင့်ကြောင့် ဖြစ်ဖြစ်၊ ချော်လဲလို့ဖြစ်ဖြစ် လည်ပင်းကို ထိခိုက်မိမယ်ဆိုရင် အရိုးတွေ၊ အရွတ်တွေ ပျက်စီးတဲ့အတွက် ကျီးပေါင်းမြန်မြန်ဖြစ်တတ်ပါတယ်။

    • အသုံးများခြင်း

    တချို့သော အလုပ်တွေက ခေါင်းကို ခဏခဏ လှုပ်ရတာ ဒါမှမဟုတ် အလေးအပင်တွေ မ ရတာ များရင်လည်း ကျောရိုးကို ဖိအားပေးသလို ဖြစ်တဲ့အတွက် အရိုးတွေ အရွတ်တွေကို စောစောပျက်စီးစေပါတယ်။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    • အသက်ကြီးလာလေလေ ကျီးပေါင်းဖြစ်နိုင်ခြေ များလေလေပါပဲ။
    • ခေါင်းခဏခဏ လှုပ်ရတဲ့သူတွေ၊ ဇက်ပေါ်မှာ ဝန်ပိစေတဲ့ အလုပ်တွေ အကြာကြီး လုပ်ရသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
    • ဇက်ကို ထိခိုက်ဒဏ်ရာရဖူး သူတွေက စောစောဖြစ်နိုင်ပါတယ်။
    • မိသားစုထဲမှာ ကျီးပေါင်းတက်ဖူးတဲ့သူ ရှိရင်လည်း ဖြစ်နိုင်ချေများပါတယ်။
    • ဆေးလိပ်သောက်တာကလည်း ကျီးပေါင်းနဲ့ ဆက်စပ်နေပါတယ်တဲ့။
    • အဝလွန်တဲ့ သူတွေ၊ လှုပ်ရှားမှုနည်းတဲ့ သူတွေက ပိုဖြစ်တတ်ပါတယ်။

    ကျီးပေါင်း ရဲ့လက္ခဏာတွေက ဘာလဲ။

    ကျီးပေါင်းဖြစ်တဲ့ သူတော်တော်များများက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ပြခဲ့ရင်တောင် ဇက်ကြောတက်တာ၊ နာတာပဲ ရှိတာပါ။ ဒါက ဖြည်းဖြည်းချင်း ဖြစ်မှာလား၊ ရုတ်တရက် ဖြစ်မှာလား၊ ဆိုးဆိုးဝါးဝါးဖြစ်မှာလား၊ သာမန်ပဲလား ဆိုပြီး ရှိပါသေးတယ်။

    နောက်ထပ် လက္ခဏာ တစ်ခုကတော့ လက်ပြင်နာတာပဲ ဖြစ်ပါတယ်။ တချို့တွေကျတော့လည်း လက်မောင်းတစ်လျှောက် လက်ချောင်းအထိ နာတတ်ပါတယ်။ နာတာကို ပိုဆိုးစေတဲ့ အခြေအနေကတော့

    • အထိုင်အထမှာ
    • နှာချေတာ
    • ချောင်းဆိုးတာ
    • ဇက်ကို နောက်လှန်လိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။

    နောက်တစ်ခုကတော့ ကြွက်သားတွေ မသန်တော့တာပါ။ ဒါကြောင့် လက်မြှောက်ဖို့၊ ပစ္စည်းကို မြဲအောင်ကိုင်ဖို့ ခက်ခဲ လာပါတယ်။

    တခြားလက္ခဏာတွေကတော့

    • အရင်ကလည်း ဇက်ကြောတက်တတ်ပေမယ့် ခုက ပိုဆိုးလာတာ
    • ခေါင်းကိုက်တာ (အထူးသဖြင့် ခေါင်းနောက်ဖက်ကနေ)
    • အာရုံကြောတွေ ဖိမိတဲ့အတွက် ခြေထောက်အပါအဝင် လက်မောင်းနဲ့ ပုခုံးတွေမှာ ထုံတာ ကျဉ်တာ ဖြစ်တာ
    • ရှားရှားပါးပါး ဟန်ချက်မထိန်းနိုင်ဘဲ ယိုင်တိုင်တိုင်ဖြစ်တာ၊ ဆီးမထိန်း၊ ဝမ်းမထိန်းနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါမျိုး ဆိုရင်တော့ ချက်ချင်းကုသမှု ခံယူတာက ပိုကောင်းပါတယ်။

    နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    ကျီးပေါင်းကြောင့် အာရုံကြောတွေ ပိမယ်ဆိုရင် ပိတဲ့ အာရုံကြောပေါ်လိုက်ပြီး လက္ခဏာတွေ ခံစားရမှာပါ။

    ကုသလို့ရလား။

    အသက်ကြီးလို့ ဖြစ်တာကြောင့် အပြီးပျောက်အောင် ကုသလို့ မရပါဘူး။  ကုသနည်းတွေက အနာသက်သာအောင်၊ နောက်ဆက်တွဲတွေ မဖြစ်အောင်၊ ကျီးပေါင်းရဲ့ လက္ခဏာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင်၊ နေ့စဥ်အလုပ်တွေ မထိခိုက်အောင်အတွက် ရည်ရွယ်ပြီး ကုသပေးတာပါ။

    • လေ့ကျင့်ခန်းများ

    ကိုယ်လက်အင်္ဂါပြန်လည် သန်စွမ်းရေး ဆရာဝန်က သင့်လည်ပင်းက ကြွက်သားတွေနဲ့ အရွတ်တွေ ပြန်လည် သန်မာလာအောင်၊ ပျော့ပျောင်းလာအောင် လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ နောက် အလေးဆွဲပြီး အဆစ်ရိုးတွေ ပိမနေအောင်၊ ပိနေတဲ့ အာရုံကြောတွေ လွတ်သွားအောင် လေ့ကျင့်ရပါမယ်။

    • ဆေးဝါးများ

    -ကြွက်သားတွေ ပြေလျော့အောင် အကြောပြေဆေးတွေ

    -အနာသက်သာအောင် အကိုက်အခဲ ပျောက်ဆေးတွေ

    -အကြောညပ်လို့ နာတာတွေအတွက် အာရုံကြောဆေးတွေ

    -အရောင်သက်သာအောင် စတီးရွိုက်တွေ ပေးလို့ရပါတယ်။

    • ခွဲစိတ်နည်းများ

    ဘယ်လိုမှ မသက်သာဘူးဆိုရင်တော့ ခွဲစိတ်မှု လုပ်ရမှာပါ။ နည်းလမ်းတွေကတော့ အရိုးအတက် ဖယ်တာ၊ ပျက်စီးနေတဲ့ အဆစ်ကို ဖယ်တာ၊ ကျွံနေတဲ့ ဆစ်ကြားရိုးကို ဖယ်ထုတ်တာတွေ လုပ်ရမှာပါ။ ဒါပေမယ့် တော်တော်များများက ခွဲစိတ်တဲ့ အခြေအနေအထိ ရောက်ခဲပါတယ်။ ဆေးဝါးတွေ၊ လေ့ကျင့်ခန်းတွေ၊ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားတာ များပါတယ်။

    • အိမ်တွင်းကုထုံးများ

    အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ နည်းတွေကတော့

    -လေ့ကျင့်ခန်း လုပ်ပါ။ လည်ပင်းလေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူတွေက ပိုပြီး မြန်မြန်သက်သာပါတယ်။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် လမ်းတော့လျှောက်ပေးပါ။ လမ်းပုံမှန်လျှောက်တဲ့ သူတွေက ဇက်ကြောတက်တာ၊ ခါးနာတာတွေ သက်သာပါတယ်။

    -ရေနွေးအိတ် ကပ်တာ၊ ရေခဲအုံတာမျိုးတွေလည်း လုပ်လို့ ရပါတယ်။

    -ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ ဒါပေမယ့် တချို့သော ဆေးတွေက အစာအိမ်ထိတာ၊ ကျောက်ကပ်ထိတာ ဖြစ်နိုင်တဲ့ အတွက် ရေရှည် စွဲသောက်လို့ မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

    လည်ပင်းထောက်ဝတ်ပါ။ လည်ပင်းထောက်ဝတ်တာက လည်ပင်းမှာ ရှိတဲ့ အရိုးနဲ့ ကြွက်သားတွေကို အနားရစေပါတယ်။ ဒါပေမယ့် အကြာကြီးဝတ်မယ်ဆိုရင်တော့ လည်ပင်းကြွက်သားတွေ အားပျော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

    အသက်ကြီးရင် ကျီးပေါင်းဖြစ်တာ  သဘာဝပါ။ တော်တော်များများ ဖြစ်တတ်ပါတယ်။ ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတဲ့ အတွက် ကျီးပေါင်းကို အရှင်းမဟုတ်တောင် ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင် ကုသနိုင်နေပါပြီ။ ဒါကြောင့် ကျီးပေါင်းတက်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေ သောက်မယ်ဆိုရင် သက်သာလာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement