backup og meta

ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

    ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP) joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီး တဖြည်းဖြည်းနဲ့ ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာ ငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။

    ဂေါက်ရောဂါ နဲ့ ဘာကွာလဲ ဆိုတော့ ဂေါက် ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံး ရောင်ရမ်း၊ နီရဲ၊ ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာ ကျတော့ ခြေမအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာ ကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။

    အများအားဖြင့် ဘူနီယွန် ရှိနေရင် –

    • ခြေမ အဆစ်ပတ်လည်မှာ ရောင်ရမ်း၊ နီမြန်း၊ နာကျင်ရတယ်
    • ခြေမဖုကြောင့် စောင်းပြီး ခြေမနဲ့ ခြေညှိုး ထိနေတဲ့နေရာမှာ အသားမာတွေ ဖြစ်လာမယ်
    • အမြဲ သို့မဟုတ် ကြိုကြားကြိုကြား နာကျင်ကိုက်ခဲမယ်
    • အဆစ်နာကျင်မှုကြောင့် ခြေချောင်းကို ထိခိုက်ပျက်စီးစေခဲ့ရင် ခြေမ လှုပ်ရှားလို့ မကောင်း ဖြစ်စေမယ်။

    ဘယ်လို သက်သာအောင် လုပ်မလဲ

    ဘူနီယွန် ဖြစ်ခြင်းကြောင့် ခြေမအဆစ် ရောင်ရမ်းကိုက်ခဲတာကို သက်သာစေဖို့ ဒါလေးတွေ သိထားသင့်ပါတယ် –

    (၁) ရေခဲ ကပ်ပါ

    ဘူနီယွန် ကြောင့် ခြေမအဆစ်ကို နီမြန်းပြီး ရောင်ရမ်းစေတတ်ပါတယ်။ ဒီလို ဖြစ်တဲ့ အချိန်ဆို အဆစ်က ကိုက်ခဲတာ အတော်ဆိုးပါတယ်။ ဘူနီယွန်ဖုပေါ်မှာ ရေခဲဝတ်(ရေခဲထုပ်ကို အဝတ် ပတ်တာမျိုး) ကပ်ပေးလို့ ရပါတယ်။ အလွယ်ဆုံး ကတော့ ရေခဲရေပုလင်း ကို အဝတ်ပါးလေးအုပ်ပြီး ကပ်လိုက်ပေါ့။

    ခြေမအဆစ်မှာ ရေခဲဝတ် သို့မဟုတ် ရေခဲအိတ်နဲ့ ၅ မိနစ်လောက် အသာအယာ ဖိကပ်ပေးရင် နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။ ရေခဲတုံးနဲ့ တိုက်ရိုက် မကပ်ပါနဲ့။ ကိုယ့်မှာ သွေးလည်ပတ်မှုနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိတယ်ဆိုရင် တခြားနည်းကို သုံးလိုက်ပါနော်။

    (၂) ရေနွေး စိမ်ပါ

    ဇလုံတစ်လုံးထဲမှာ ရေနွေးနွေး ထည့်ပြီး ခြေမျက်စိ မြုပ်တဲ့အထိ စိမ်ပါ။ ဆားခါး ရှိရင် ဆားခါး သင့်တော်သလောက် ထည့်တာ ပိုကောင်းပါတယ်။ မရှိလည်း ရေနွေးရဲ့ အပူကုထုံး ကြောင့် နာကျင်ရောင်ရမ်းမှုတွေ လျော့ပါးစေနိုင်ပါလိမ့်မယ်။

    ရေနွေး သိပ်မပူစေဖို့တော့ သတိပြုပါ။ ရေနွေးစိမ်ဖို့ အကောင်းဆုံးက ညအိပ်ခါနီး အချိန်ပါပဲ။ တစ်နေကုန် လှုပ်ရှားထားရတဲ့ အကြောအခြင်တွေပါ ပြေလျော့စေနိုင်ပါတယ်။

    (၃) ပက်လက်အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ထားပါ

    ခဏဖြစ်ဖြစ် ညအိပ်တဲ့အချိန်ဖြစ်ဖြစ် လှဲအိပ်တဲ့အခါတိုင်း ခြေထောက်ကို နှလုံးထက် ပိုမြင့်စေဖို့ ခေါင်းအုံးခုပြီး မြှင့်ထားပါ။ ဒါဆို ရောင်ရမ်းမှုပါ သက်သာစေနိုင်ပါတယ်။

    (၄) ဆီနဲ့ နှိပ်နယ်ပါ

    ဆီ တစ်ခုခုနဲ့ နှိပ်နယ်လို ရပေမယ့် အားသိပ်မသုံးမိဖို့ သတိထားပါ။ ခပ်ဖွဖွသာ စိမ့်ဝင်အောင် နှိပ်နယ်ရမှာပါ။ အားပြင်းသွားခဲ့ရင် ရောင်ရမ်းပြီး ပုံသဏ္ဍာန်မူမမှန်ဖြစ်နေတဲ့ အဆစ်ကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။

    ဥပမာ သံလွင်ဆီကို နွေးရုံလေး အပူပေးပြီး ဘူနီယွန် အဆစ်ဖု၊ ခြေချောင်းတွေနဲ့ ခြေဖဝါးအောက်ပိုင်းကို ၁၅ မိနစ်လောက် စိမ့်ဝင်အောင် နှိပ်နယ်လိမ်းပါ။ ခြေထောက်အောက်ပိုင်းနဲ့ ခြေချောင်းတွေတဝိုက် သွေးလည်ပတ်မှု ပိုကောင်းစေပြီး အဆစ်တွေ လှုပ်ရှားရ ပိုအဆင်ပြေစေပါတယ်။

    (၅) သင့်တော်မယ့် ဖိနပ် ရွေးချယ်ပါ

    သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကို စီးခြင်းအားဖြင့် ခြေချောင်းတွေအတွက် ဝန်ပိသက်သာစေမယ်။ ဖိနပ် အမြင့်တွေ စီးရင် ခြေထောက် အရှေ့ပိုင်းကို ဝန်ပိစေပြီး ဘူနီယွန်အပြင် တခြားပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ ကျပ်တဲ့ ဖိနပ်တွေ၊ ခြေချောင်းထိပ်တွေကို စုပြီး စည်းထားတဲ့ ဖိနပ်မျိုးတွေကို ရှောင်ပါ။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်တာလဲ

    များသောအားဖြင့် ဆေးသွားကုရတဲ့အထိ မလိုအပ်တတ်ပေမယ့် ဒီအခြေအနေတွေဖြစ်လာရင်တော့ ဆရာဝန်ပြသင့်ပါတယ် –

    • ခြေမ သို့မဟုတ် ခြေထောက်နာကျင်ကိုက်ခဲမှုက လုံးဝမပျောက်ရင်(ဆက်တိုက်နာကျင်နေရင်)
    • ခြေမအဆစ်မှာ အရမ်းသိသာအောင်ဖုထွက်နေရင်
    • ခြေမ သို့မဟုတ် ခြေထောက်လှုပ်ရှားမှု မကောင်းတော့ရင်
    • အဖုကြောင့် ဖိနပ်တွေ စီးရအဆင်မပြေတော့ရင် ဆေးကုသမှုခံယူသင့်ပါတယ်။

    ဘူနီယွန် ရှိနေသူတွေဟာ အများအားဖြင့်တော့ ပုံမှန် နေထိုင်သွားလာနိုင်ပြီး တော်ရုံ သက်သာသွားတတ်ပေမယ့် သိပ်ပြင်းထန်လာရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်တာမို့ ဆေးခန်းပြတာ ကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement