backup og meta

ဒူးအစားထိုးကုသတယ်ဆိုတာ ဘယ်လိုမျိုးလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒူးအစားထိုးကုသတယ်ဆိုတာ ဘယ်လိုမျိုးလဲ
    ဒူးအစားထိုးကုသမှုဆိုတာ ထိခိုက်ထားတဲ့၊ အရွတ်စုတ်ပြဲထားတဲ့၊ လုပ်ဆောင်ချက်ပျက်ယွင်းနေတဲ့ ဒူးဆစ်ကိုပြန်လည်ကောင်းမွန်အောင် ခွဲစိတ်ကုသတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နာကျင်မှုသက်သာစေဖို့နဲ့ အရင်လိုပြန်လှုပ်ရှားနိုင်ဖို့ပါပဲ။

    ခွဲစိတ်မှုမှာ ဆရာဝန်က ဒူးဆစ်ရိုးတွေကို သတ္တု သို့မဟုတ် ပလတ်စတစ်အလွှာနဲ့ဖုံးအုပ်ပေးတာ ဒါမှမဟုတ် ဒူးဆစ်ရိုးပုံသဏ္ဍာန် အဆစ်တုကိုအစားထိုးထည့်သွင်းပေးတာဖြစ်ပါတယ်။ အများအားဖြင့် အသက် ၅၀ နဲ့ ၈၀ ကြားအရွယ်တွေ လုပ်ဆောင်ကြတဲ့ ခွဲစိတ်မှုဖြစ်ပြီး ကုသမှုခံယူသူ ၉၀ ရာခိုင်နှုန်းကျော်က နာကျင်မှုနဲ့ လှုပ်ရှားနိုင်စွမ်းတို့မှာ သိသိသာသာထူးခြားလာတာတွေ့ရပါတယ်။

    ခွဲစိတ်မှုခံယူထားတဲ့လူနာတစ်ယောက်ဟာ ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်သရွေ့နောက် ၁၅ နှစ်လောက်အထိ အစားထိုးဒူးဆစ်ရဲ့လုပ်ဆောင်ချက်ကောင်းမွန်နေဦးမှာဖြစ်သလို ကုသမှု ၈၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်က နှစ် ၂၀ ထိ တာရှည်ခံနိုင်ပါတယ်။

    ဒူးအစားထိုးခွဲစိတ်မှု ဘာကြောင့်လိုအပ်တာလဲ

    ဒီကုသမှုကို ခံယူဖို့ လိုအပ်လာတဲ့ အဖြစ်များဆုံးအကြောင်းရင်းသုံးခုရှိပါတယ် –

    အရိုးအဆစ်ရောင်ရောဂါ – ဒီအရိုးအဆစ်နာရောဂါက အသက်အရွယ်နဲ့ဆိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဒူးဆစ်မှာ ယိုယွင်းပျက်စီးလာတာကြောင့် အရိုးအဆစ်ရောင်၊ အဆစ်နာတွေဖြစ်လာတတ်ပါတယ်။ ဒီလူနာတွေအများစုက အသက် ၅၀ကျော်တွေဖြစ်ပေမယ့် လူငယ်တွေမှာလည်းဖြစ်နိုင်ပါတယ်။

    လေးဖက်နာအဆစ်ရောင်ရောဂါ – ဒူးဆစ်ပတ်လည်ကအမြှေးပါးမှာ ထူပြီးရောင်ရမ်းလာတဲ့အခါဖြစ်လာတဲ့အဆစ်နာပါ။ နာတာရှည်ရောင်ရမ်းမှုကြောင့် အရိုးနုလွှာကိုထိခိုက်ပျက်စီးစေလို့ နာကျင်မှုနဲ့တောင့်တင်းမှုတွေဖြစ်စေနိုင်ပါတယ်။

    ထိခိုက်မှုနောက်ပိုင်းအဆစ်နာရောဂါ – ဒီအမျိုးအစားကတော့ပြင်းထန်တဲ့ဒူးဆစ်ထိခိုက်မှုကြောင့်ဖြစ်လာတာပါ။ ဒူးနားတဝိုက်အရိုးအဆစ် ကျိုးအက်ခြင်း ဒါမှမဟုတ် အရွတ်ပြားစုတ်ပြဲခြင်းကြောင့် ဒူးဆစ်အရိုးနုလွှာကိုထိခိုက်စေတာဖြစ်ပါတယ်။

    ဒီကုသမှုကို ဘယ်သူတွေခံယူဖို့ လိုအပ်လဲ

    • လမ်းလျှောက်တာ၊လှေကားတက်တာ၊ ကားပေါ်အတက်အဆင်း၊ အထိုင်အထ တို့လိုနေ့စဉ်လုပ်နေကျတွေမှာ အဆင်မပြေတော့တဲ့အထိ ဒူးနာဝေဒနာပြင်းထန်နေသူတွေ၊ အကွေးအဆန့်အဆင်မပြေတော့သူတွေ…
    • အရမ်းကြီးမဟုတ်ပေမယ့် အိပ်နေတဲ့အချိန် ဒါမှမဟုတ် နားနေချိန်မှာတောင် ဆက်တိုက်ဒူးနာနေသူတွေ…
    • ဆရာဝန်ညွှန်တဲ့ဆေးတွေသောက်၊ အနားယူတာတောင် မသက်သာဘဲ ဒူးနာ၊ရောင်ရမ်းနေသူတွေ…
    • ဒူးဆစ်နေရာမှာ သိသိသာသာ ချိုင့်နေတာ၊ဖောင်းနေတာလိုမျိုး ဒူးဆစ်ပုံသဏ္ဍာန်ပြောင်းလဲနေသူတွေ…
    • ဒူးဆစ်ရောင်ရမ်းနာကြောင့် နေ့စဉ်လှုပ်ရှားမှုတွေမလုပ်နိုင်၊ မသွားမလာနိုင်၊ အလုပ်မလုပ်နိုင်လို့ စိတ်ဓါတ်ကျနေရသူတွေမှာ တခြားရွေးချယ်စရာကုထုံးတွေနဲ့ အဆင်မပြေတဲ့အခါ ခွဲစိတ်ကုသမှုက အသင့်တော်ဆုံးဖြစ်လာနိုင်ပါတယ်။

    ဒူးအစားထိုးကုသမှု ဘယ်နှမျိုးရှိလဲ

    ဒူးအစားထိုးကုသမယ်ဆိုရင် အမျိုးအစားတွေအများကြီးရှိပေမယ့် ဒူးဆစ်ရဲ့တစ်စိတ်တစ်ပိုင်းကိုအစားထိုးကုသမှုနဲ့ ဒူးဆစ်တစ်ခုလုံးကို အစားထိုးကုသမှုတို့ကို လုပ်ဆောင်ကြတာများပါတယ်။

    ဒူးဆစ်တစ်ခုလုံးအစားထိုးကုသမှု (TKR)– ခွဲစိတ်မှုက ၁ နာရီကနေ ၃ နာရီအထိကြာမြင့်နိုင်ပါတယ်။ ထိခိုက်ယိုယွင်းနေတဲ့ ဒူးဆစ်မှာ သတ္တုအစားထိုးပစ္စည်း သို့မဟုတ် ပလတ်စတစ်အလွှာနဲ့အစားထိုးခွဲစိတ်ပေးတာဖြစ်ပါတယ်။

    ဒူးဆစ်တစ်စိတ်တစ်ပိုင်းအစားထိုးကုသမှု (PKR)– ထိခိုက်ယိုယွင်းတဲ့ဒူးဆစ်အပိုင်းကိုပဲ ခွဲစိတ်အစားထိုးတာဖြစ်ပါတယ်။ အစားထိုးရတဲ့အပိုင်းနည်းလေ ခွဲစိတ်မှုသေးငယ်လေဖြစ်ပါတယ်။ ဒါ့ကြောင့်TKRလောက်တော့ ခွဲစိတ်ချိန်မကြာသလို ဆေးရုံမှာနေရချိန်ပိုနည်းတယ်၊ပြန်သက်သာလာချိန်လည်းမြန်ပါတယ်။

    ခွဲစိတ်မှုအတွက် ဘာတွေပြင်ဆင်ရမလဲ

    ခွဲစိတ်ကုသမှုမခံယူခင်မှာ လိုအပ်တဲ့စစ်ဆေးမှုတွေ၊ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ရပါဦးမယ်။ ခွဲစိတ်ကုသမှုအတွက်လိုအပ်တာတွေကို ဝန်ဆောင်မှုရယူထားတဲ့ဆေးရုံနဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။ ခွဲစိတ်ပြီးတဲ့အခါ လူနာအနားယူနိုင်ဖို့ အိမ်မှာ ကြိုတင်ပြင်ဆင်၊ ရှင်းလင်းထားပါ။ လူနာကို စိတ်အေးအေးထားဖို့ မစိုးရိမ်အောင်ပြောပြထားပါ၊ အားပေးပါ၊ဝေဒနာပျောက်ကင်းပြီးကောင်းကောင်းလှုပ်ရှားနိုင်မယ့် အခြေအနေကို ကြိုပြီးပုံဖော်ပြောပေးပါ။

    ပြန်လည်ကျန်းမာခြင်းကာလ

    ဒူးဆစ်ခွဲစိတ်ကုသမှုခံယူထားတဲ့လူနာတစ်ယောက်ဟာ အခြေအနေကိုအရပ်ရပ်ကိုမူတည်ပြီး ၁ ရက်ကနေ ၃ ရက်လောက်တော့ဆေးရုံတက်ရပါလိမ့်မယ်။

    နာကျင်မှုရှိနိုင်ပေမယ့် ကုသမှုအပြီးနောက်တစ်ရက်မှာ အထိန်းကိရိယာတစ်ခုခုနဲ့ဖြစ်ဖြစ် ထဖို့၊ လမ်းနည်းနည်းလျှောက်ကြည့်ဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေက တိုက်တွန်းပါလိမ့်မယ်။ ဝန်ဆောင်မှုပေးတဲ့ ဆေးရုံမှ ကျွမ်းကျင်သူတွေရဲ့ပြန်လည်ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒူးသန်မာစေဖို့ရည်ရွယ်တဲ့ပြန်လည်သန်စွမ်းရေးကုထုံးတွေ၊လေ့ကျင့်ခန်းတွေရှိမယ်၊ ဒါတွေက အနည်းငယ်နာကျင်ရနိုင်ပေမယ့်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ခြေနည်းစေပါတယ်။

    အိမ်မှာ နားမယ်ဆိုရင်

    ဒူးအစားထိုးခွဲစိတ်ထားသူအနေနဲ့ လုံးဝပြန်လည်ကျန်းမာဖို့က အချိန် ၃လအထိ ကြာနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့အစည်းတွေကပြောပါတယ်။ လူနာတွေက ခွဲစိတ်ပြီး ၄ ပတ်ကနေ ၆ ပတ်နောက်ပိုင်း ကားပြန်မောင်းနိုင်မယ်၊ ၆ ပတ်ကနေ ၈ ပတ်နောက်ပိုင်း အလုပ်ပြန်ဆင်းနိုင်ပါမယ်။ပြန်လည်သန်စွမ်းရေးကုထုံးကိုတော့ ၃ လခံယူရနိုင်ပါတယ်။

    အခြေခံအားဖြင့် လိုက်နာရမယ့်အကြံပြုချက်တွေကတော့ –

    • အနာကျက်မြန်စေဖို့နဲ့ ကြွက်သားသန်မာစေဖို့အထောက်အကူဖြစ်မယ့် သံဓါတ်အားဆေးသောက်ပါ။
    • အစောပိုင်းသီတင်းပတ်တွေအတွင်းမှာ ဒူးကွေးမချဖို့၊ အလေးအပင် မ မ ဖို့ သတိထားပါ။
    • အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့။ခြေကျင်းဝတ်တွေရောင်လာနိုင်တယ်။
    • ကိုယ်အလေးချိန်ကို ဒူးကသေချာထမ်းနိုင်လောက်တဲ့အနေအထားမရောက်မချင်း လမ်းလျှောက်အကူကိရိယာ၊ ချိုင်းထောက်၊ တုတ်ကောက် တို့ကိုသုံးပါ။
    • ညွှန်ကြားချက်အတိုင်းဆေးသောက်ပါ။
    • လုပ်ခိုင်းတဲ့လေ့ကျင့်ခန်းတွေ လုပ်ပါ။
    • ထိုင်ခုံမှာထိုင်တဲ့အခါ ခွဲစိတ်ထားတဲ့ခြေထောက်ကိုခွေးခြေခုံလေးနဲ့မြှင့်ထားပါ။
    • အနာသေချာမကျက်သေးဘဲရေစိုမခံပါနဲ့။ အနာပိုးဝင်ဖို့ လွယ်စေနိုင်ပါတယ်။
    • နီမြန်း၊ ရောင်ရမ်း၊ သွေးထွက်၊ ပြည်တည်၊ အရည်ထွက်၊ ကိုယ်ပူတာတွေ အပါအဝင် အနာပိုးဝင်တဲ့လက္ခဏာတွေရှိလာသလား သတိထား စောင့်ကြည့်ပါ။
    • ချော်လဲတာမျိုး ထပ်ပြီးထိခိုက်တာ မဖြစ်စေဖို့ ဂရုစိုက်ပါ။

    အများစုက ခွဲစိတ်ပြီး ၆ ပတ်အကြာမှာ ပုံမှန်လှုပ်ရှားမှုတွေပြန်လုပ်နိုင်ပါပြီ။ ဒါပေမယ့် ၃ လလောက်ထိတော့ နာကျင်မှုနဲ့ရောင်ရမ်းမှုတချို့ရှိနိုင်တယ်၊ တစ်ရှူးနဲ့ကြွက်သားအမာရွတ်တွေပျောက်ကင်းဖို့ ၂ နှစ်ကြာနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement