backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လူတိုင်းသိသင့်တဲ့ အဆုတ်ကင်ဆာ အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လူတိုင်းသိသင့်တဲ့ အဆုတ်ကင်ဆာ အန္တရာယ်

အဆုတ်ကင်ဆာ ဆိုတာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ အဖြစ်အများဆုံးကင်ဆာ‌တွေရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်နှုန်းက ဆီးကျိတ်ကင်ဆာ (အမျိုးသမီးတွေမှာတွေမှာဆိုရင် ရင်သားကင်ဆာ)၊ အူမကြီးကင်ဆာပန်ကရိယကင်ဆာအသည်းကင်ဆာ(အမျိုးသမီးတွေမှာဆိုရင် သားဥအိမ်ကင်ဆာ)စတာတွေ ပေါင်းထားတာထက်တောင်များပါသေးတယ်။ ဒီနေ့ခေတ်မှာ ဆေးလိပ်တွေ အသောက်များလာတာကတစ်ကြောင်း၊ လေထုညစ်ညမ်းလာတာကတစ်ကြောင်း အဆုတ်ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းပိုများလာပါပြီ။ ဒါကြောင့် အဆုတ်ကင်ဆာ အန္တရာယ် နဲ့ ပတ်သတ်ပြီး သိထားသင့်တာတွေကို ‌ပြောပြပေးသွားပါမယ်။

အဆုတ်ကင်ဆာ ဘာကြောင့်ဖြစ်တာလဲ။

ဆေးလိပ်သောက်တိုင်း အဆုတ်ကင်ဆာ မဖြစ်သလို အဆုတ်ကင်ဆာဖြစ်တိုင်းလည်း ဆေးလိပ်သောက်တာကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် အဆုတ်ကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းက ဆေးလိပ်သောက်လို့ပါ။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ တစ်ခါတစ်လေ အကြောင်းရင်း ရှာမရတာတွေလည်း ရှိနိုင်ပါတယ်။

  • ဆေးလိပ်သောက်ခြင်း
  • ဆေးလိပ်မှာကင်ဆာဖြစ်စေတဲ့ဓာတ်ပေါင်းစုံပါဝင်ပါတယ်။ ဒါတွေက အဆုတ်မှာရှိတဲ့ ဆဲလ်တွေကိုပျက်စီးစေပါတယ်။ ခန္ဓာကိုယ်က စစချင်းတော့ ပြန်ပြင်နိုင်ပါသေးတယ်။ ဒါပေမယ့်ကြာလာတဲ့အခါ ပြန်မပြင်နိုင်တော့ဘဲ အဆုတ်ကင်ဆာအဖြစ်ကို ပြောင်းသွားပါတယ်။ သောက်တဲ့ ဆေးလိပ်များလေလေ နှစ်ကြာလေလေ ဖြစ်နိုင်ချေများလေလေပါပဲ။

    ကိုယ်က ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်သောက်တဲ့သူနဲ့ အတူနေတဲ့ အခါ ဆေးလိပ်သောက်သလိုပဲ ဆေးလိပ်ငွေ့ရှူမိပြီး ‌အဆုတ်ကင်ဆာဖြစ်တတ်ပါတယ်။

    ရေဒွန်ဓာတ်‌ငွေ့က ယူရေနီယမ်ကို ဖြိုခွဲရာက ထွက်လာတာပါ။ ကိုယ့်ပတ်ဝန်းကျင်က လေထုထဲမှာ ရေဒွန်ဓာတ်တွေများနေရင်လည်း ရှူမိပြီး အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ရင် ဖြစ်နိုင်‌ခြေပိုများပါတယ်။

    • ကျောက်မှုန့်တွေ၊ တခြားဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိခြင်း

    လုပ်ငန်းခွင်မှာ ကျောက်မှုန့်တွေရှူမိတာ၊ ခရိုမီယမ်၊ အာဆင်းနစ် စတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာများရင်လည်း အဆုတ်ကင်ဆာဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်ရင် ဖြစ်နိုင်‌ချေပိုများပါတယ်။

    • မျိုးရိုးရှိခြင်း

    မိသားစုထဲမှာအဆုတ်ကင်ဆာဖြစ်ဖူးတဲ့သူရှိရင် ကိုယ်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ မျိုးရိုးကြောင့် မဟုတ်ဘဲ တစ်အိမ်တည်းနေထိုင်ခြင်း (လေထုညစ်ညမ်းတဲ့နေရာမှာအတူတူနေတာ၊ အိမ်ထဲမှာဆေးလိပ်သောက်တာ၊ အိမ်တွင်းလေထုညစ်ညမ်းတာ) စတာတွေကြောင့် ဖြစ်တာမျိုးလည်း ရှိပါတယ်။

    • နာတာရှည်အဆုတ်‌‌ရောဂါ

    နာတာရှည်လေပြွန်ရောင်ရမ်းတာ၊ အဆုတ်အမာရွတ်ဖြစ်တာ (pulmonary fibrosis) ရောဂါတွေမှာ အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။

    ကား၊စက်ရုံအလုပ်ရုံတွေကထွက်တဲ့ မီးခိုးတွေ၊ ကျပ်ခိုးတွေ၊ အိမ်တွင်းလေထုညစ်ညမ်းတာကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။

    • ဓာတ်ရောင်ခြည်ကုထုံး

    မကြာမကြာရင်ဘတ်ကို ဓာတ်ရောင်ခြည်ထိရင် အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

    ဘာလက္ခဏာတွေပြမှာလဲ။

    ကင်ဆာတွေရဲ့ ထုံးစံအတိုင်း ကနဦးအဆင့်ဆို ဘာလက္ခဏာမှမပြပါဘူး။  နည်းနည်း‌ရောဂါရင့်လာရင်တော့

    • ချောင်းဆိုးတာ (ကြာလေပိုဆိုးလေ၊ ဘာနဲ့မှမသက်သာ)
    • ချောင်းဆိုးရင် သွေးစပါတာ
    • မောတာ
    • ရင်ဘတ်အောင့်တာ
    • အသံသြလာတာ
    • တစ်နေ့တခြားပိန်လာတာ၊ အစားအသောက်ပျက်တာ
    • အရိုးတွေနာတာ
    • ခေါင်းကိုက်တာ
    • အသက်ရှူရင် တရွှီရွှီဖြစ်တာ
    • မကြာခဏအဆုတ်ကိုပိုးဝင်တာ (အဆုတ်အအေးပတ်တာ)
    • အားနည်းပြီး ‌ခြေလက်မသယ်ချင်တာ စတာတွေပဲဖြစ်ပါတယ်။ ဒါတွေခံစားနေရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

    ကုသနည်းများ

    ရောဂါအခြေအနေ လူနာအခြေအနေပေါ်မူတည်ပြီး

    • ခွဲစိတ်တာ
    • ရောင်ခြည်ပြတာ
    • ဆေးသွင်းတာ
    • Targeted therapy
    • Immunotherapyတွေပေးလို့ရပါတယ်။

    နောက်ဆက်တွဲဆိုးကျိုးများ

    အဆုတ်ကင်ဆာ က မကုဘဲထားရင် ရောဂါပိုပျံ့လာပြီး

    • အဆုတ်ကိုရေဝိုင်းတာ၊ အမောဖောက်တာ
    • ချောင်းဆိုးသွေးပါတာ
    • အရိုးထိပျံ့ပြီး နာတာ
    • ကင်ဆာဆဲလ်တွေ တစ်ကိုယ်လုံးကိုပျံ့သွားတာ
    • အဆုတ်ထိပ်မှာ ဖြစ်တဲ့ကင်ဆာဆိုရင် ကင်ဆာကျိတ်က အာရုံကြောကိုဖိပြီး မျက်နှာတစ်ခြမ်းမှာ မျက်ခွံတွဲကျတာ၊ ချွေးမထွက်တာ၊ သူငယ်အိမ်ကျဥ်းတာစတာတွေဖြစ်တတ်ပါတယ်။ သွေးကြောမကြီးကိုဖိမိရင်လည်း ခန္ဓာကိုယ်အပေါ်ပိုင်းကို သွေးကောင်းကောင်းမလျှောက်ဘဲ မျက်နှာအမ်းတာဖြစ်တတ်ပါတယ်။
    • အဆုတ်ကင်ဆာက တစ်ခါတစ်လေ ခန္ဓာကိုယ်က ဟော်မုန်းနဲ့အလားတူတဲ့ ပစ္စည်းတွေကိုထုတ်ပါတယ်။ ဒါကြောင့်

    -ကြွက်သားတွေအားနည်းတာ

    -ပျို့အန်တာ

    -သွေးတက်တာ

    -သွေးတွင်းသကြားဓာတ်တက်တာ

    -သတိလစ်တာ

    -တက်တာတွေဖြစ်တတ်ပါတယ်။

    အဆုတ်ကင်ဆာ အန္တရာယ် ကို ဘယ်လိုကာကွယ်ကြမလဲ။

    • ဆေးလိပ်မသောက်ပါနဲ့။

    ဆေးလိပ်ကို မသောက်တတ်ရင်မသောက်ပါနဲ့။ စွဲနေရင်ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်လိုက်တာက အဆုတ်ကင်ဆာအပါအဝင်တခြားသောကင်ဆာများ၊ ရောဂါများဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ ဆေးလိပ်အပြင် တခြားဆေးပေါ့လိပ်၊ ဆေးတံသောက်တာကိုပါ ဖြတ်ရပါမယ်။

    • အပြင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ဆေးလိပ်သောက်သူတွေနားမသွားပါနဲ့။ ကိုယ့်အိမ်နဲ့ ကားပေါ်မှာ ဆေးလိပ်သောက်တာကို ခွင့်မပြုပါနဲ့။ အိမ်ထဲမှာ အမွှေးတိုင်တွေ၊ ခြင်ဆေးခွေတွေ အလွန်အကျွံ မထွန်းပါနဲ့။
    • အိမ်တွင်းရေဒွန်ပမာဏကိုစစ်ဆေးပါ။
    • အလုပ်ခွင်မှာ ဓာတုပစ္စည်းတွေနဲ့ တတ်နိုင်သမျှမထိတွေ့ပါနဲ့။ အလုပ်ခွင်ကျန်းမာ‌ရေးညွှန်ကြားချက်ကို သေချာလိုက်နာပါ။
    •  အာဟာရရှိတဲ့ အစားအစာတွေစားပါ။ အသီးအရွက်များများစားပါ။
    • လေ့ကျင့်ခန်းလုပ်ပါ။ လေကောင်းလေသန့်ရှူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement