backup og meta

သင့်ရဲ့အသည်း


Yu Wadi Lwin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့အသည်း

    “ဆရာ အဖေ နာနေတယ်ပြောလို့”

    “ဟုတ်ကျွန်တော်လူနာသက်သာအောင်ဆေးတစ်လုံးထိုးပေးပါမယ်”

    “အဖေ့အခြေအနေက ဘယ်လိုရှိလဲ ဆရာရယ်”

    “ဟုတ်ပြောရတာတော့စိတ်မကောင်းပါဘူး၊ သိပြီးသားထင်ပါတယ်။ လူနာက အသည်းကင်ဆာဆိုတော့သိပ်တော့အခြေအနေမကောင်းဘူး။ နောက်ဆုံးအဆင့်ဆိုတော့လေ။ တတ်နိုင်သရွေ့သက်တောင့်သက်သာဖြစ်အောင်တော့လုပ်ပေးနေပါတယ်။”

    “ဟုတ်ဆရာ အဓိကကတော့အရမ်းကြီး မခံစားစေချင်တာပါ။”

    အသည်းကင်ဆာဖြစ်ပွားနေသောလူနာ၏ လူနာရှင်နှင့်သမားတော်တို့ပြောနေသောစကားများဖြစ်သည်။ လူနာက အရက်နှင့်ကြောင့်အသည်းခြောက်ရာမှတဆင့်အသည်းကင်ဆာပြောင်းကာ

    နောက်ဆုံးအဆင့်ရောက်နေခြင်းဖြစ်သည်။ မိသားစုက လုပ်လို့ရသော ကုသမှုတော်တော်များများကိုလုပ်ပေးထားသော်လည်း လူနာအခြေအနေက မကောင်းခဲ့။ ကင်ဆာမှန်းသိချိန်မှာပင်ခွဲစိတ်ကုသ၍မရနိုင်တော့သဖြင့်သွေးကြောအတွင်းသို့ဆေးသွင်းကုသခြင်းကိုသာ လုပ်ဆောင်ပေးခဲ့ရသည်။ သို့သော်အသည်းကင်ဆာ၏ ရောဂါသဘောသဘာဝအတိုင်း ရောဂါအခြေအနေမှာ ပျောက်ကင်းသွားခြင်းမရှိဘဲ

    ခဏသက်သာသွားရုံသာရှိပြီး နောက်ပိုင်းတွင်ပြန်ဆိုးလာခဲ့သည်။ ယခုအနေအထားတွင်ရောဂါမှာအဆိုးဆုံးအနေအထားသို့ရောက်ရှိလာခြင်းဖြစ်သည်။

    အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာအသည်းခြောက်ခြင်းသည်မြန်မာနိုင်ငံတွင်အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။ အသည်းခြောက်စေသော အကြောင်းများတွင်အရက်နှင့်အသည်းရောင်အသားဝါ B ပိုး C ပိုးများသည်အဖြစ်များသော အကြောင်းများအဖြစ်ပါဝင်ပါသည်။ အသည်းရောဂါဖြစ်လာပြီဆိုလျှင်အသည်းရောဂါမှာ စတင်ဖြစ်ပွားစတွင်တစ်ခါတစ်ရံသိသိသာသာ လက္ခဏာမပြဘဲလည်း

    ရှိတတ်သည်။ ပျို့အန်ခြင်း၊ အသားဝါခြင်း၊ ဝမ်းဗိုက်ရင်ခေါင်း ညာဘက်ပိုင်းတွင်နာခြင်းများဖြစ်တတ်သည်။ အသည်းခြောက်လာပြီဆိုလျှင်နောက်ဆက်တွဲ အနေဖြင့်ကိုယ်လက်များဖောယောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊

    အသားဝါခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းနှင့်ဝမ်းအမည်းများသွားခြင်း များ ဖြစ်လာတတ်သည်။ နောက်ပိုင်းတွင်အသည်းဆိပ်များ ဦးနှောက်ရောက်ပြီး သတိမကောင်းတော့ခြင်း၊ ကျောက်ကပ်နှင့်အဆုတ်များပါထိခိုက်လာခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်ပါသည်။

    အသည်းခြောက်ခြင်းမှတစ်ခါတစ်ရံအသည်းကင်ဆာ ဖြစ်ပွားသည်အထိဖြစ်တတ်ပါသည်။ အသည်းကင်ဆာမှာလည်း ကင်ဆာများထဲတွင်ရောဂါအပွားမြန်သော ကင်ဆာတစ်မျိုးဖြစ်သည်။ သိရှိချိန်တွင်ရောဂါအဆင့်မှာ နောက်ကျနေတတ်သည်။ သိသာသော လက္ခဏာမပြဘဲနှင့်လည်းအသည်းကင်ဆာဖြစ်နေတတ်ရာ အသည်းခြောက်သူများ၊ အသည်းကင်ဆာဖြစ်နိုင်ခြေရှိသူများ (အောက်တွင်ဆက်လက်ဖော်ပြထားသော အကြောင်းရှိသူများ) အနေဖြင့်ပုံမှန်Ultrasound ရိုက်စစ်ဆေးခြင်းကဲ့သို့စမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်သင့်ပါသည်။ အရက်နှင့် အသည်းအရက်ကိုအလွန်အကျွံသောက်သုံးခြင်းသည်အသည်းခြောက်ခြင်း အသည်းကင်ဆာဖြစ်ခြင်းနှင့်တိုက်ရိုက်ဆက်နွယ်ပါသည်။ အရက်ကိုတစ်နေ့၂ယူနစ်ထက်ပိုမိုသောက်သုံးခြင်းသည်ကျန်းမာရေးနှင့်ညီညွတ်ပါချေ။ အရက်၂ ယူနစ်သည်အကြမ်းအားဖြင့်ဘီယာခွက်တစ်ခွက်၊ ဝီစကီစပ်ပြီးသား တစ်ခွက်နှင့်ညီမျှသည်။ ပို၍ ပြောရခက်သည်မှာ အရက်ပါဝင်မှု အတိအကျ မရှိသော အရက်များကိုသောက်သုံးနေကြခြင်းဖြစ်သည်။ အရက်ပမာဏကိုတွက်ရခက်၍ ဖြစ်သည်။ ထို့အပြင်များသော အားဖြင့်

    အရက်ကိုစွဲသူအများစုမှာ အရက်ကိုအန္တရာယ်ဖြစ်စေသော ပမာဏအတိင်းသာ သောက်သုံးနေကြခြင်းသာဖြစ်သည်။ တစ်ချို့ဆို မနက်ကတည်းကပင်အရက်သောက်နေကြသည်။ အရက်သောက်ခြင်းကြောင့်အသည်းရောင်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်သည်။

    အသည်းရောင်ပိုးများအသည်းရောင်အသားဝါ ဘီပိုး စီပိုးများသည်လည်း သေချာမကုသပါက အသည်းရောင်ခြင်းမှတဆင့်အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းများဖြစ်ပေါ်စေတတ်ပါသည်။ ယခင်က ထိုပိုးများသည်ကုသရခက်ခဲခြင်း၊ ကုန်ကျစရိတ်များခြင်းများရှိခဲ့သော်လည်း ယခုပေါ်လာသော ဆေးဝါးအသစ်များသည်ယခင်ဆေးများလောက်ဆေးမကြီးတော့ပါချေ။ ယခင်က အသည်းရောင်အသားဝါ စီပိုးဖြစ်လျှင်တစ်နှစ်ခန့်အထိဆေးထိုး သောက်ဆေးသောက်စသည်ဖြင့်လုပ်ရပြီး ကုန်ကျစရိတ်မှာလည်းသိန်းရာချီတတ်ပါသည်။ ယခုအခါ ဆေးဝါးအသစ်များပေါ်လာခြင်းကြောင့်ထိုးဆေးမထိုးဘဲနှင့်လည်းသောက်ဆေးဖြင့်သာ ကုသ၍ ရလာပြီး ကုန်ကျစရိတ်မှာလည်းများစွာသက်သာလာပါသည်။

    ၃လသာကုရသော အနေအထားဆိုလျှင်ကုန်ကျစရိတ်မှာ သုံးရသော ဆေးပေါ်မူတည်ပြီး ၁၀-၂၀ သိန်းခန့်သာကုန်ကျတော့သည်။ ထို့အပြင်ယခုနောက်ပိုင်းတွင်အသည်းဖောင်ဒေးရှင်းစသည်များမှလှူဒါန်းမှုဖြင့်အသည်းရောင်အသားဝါ စီပိုးကိုအခမဲ့ကုသပေးမှုများစတင်လာနေပြီဖြစ်ပါသည်။ အစိုးရဆေးရုံများရှိအသည်းအထူးကုဌာနများတွင်ပြသနိုင်ပါသည်။ အသည်းရောင်အသားဝါ ဘီပိုး စီပိုးများသည်မသန့်ရှင်းသော ဆေးထိုးအပ်နှင့်ပစ္စည်းကိရိယာများမှကူးစက်ခြင်း၊ လိင်ဆက်ဆံမှုမှကူးစက်ခြင်း၊ ရောဂါပိုးရှိသူ၏ သွေးမှတဆင့်ကူးစက်ခြင်း၊ရောဂါပိုးရှိသူမိခင်မှသန္ဓေသားသို့ကူးစက်ခြင်း စသည်တို့မှကူးစက်တတ်ရာ အဆိုပါ အကြောင်းတရားများကိုသတိထားကြရန်လိုပါသည်။ အသည်းရောင်အသားဝါ ဘီပိုးသည်ကာကွယ်ဆေးရှိနေပြီဖြစ်ရာ ရောဂါပိုးရှိမရှိစစ်ဆေးပြီး မရှိပါက ကာကွယ်ဆေးထိုးနိုင်ပါသည်။ ကာကွယ်ဆေးထိုးပြီးလျှင်လည်း ဆရာဝန်၏ညွှန်ကြားချက်နှင့်အညီဆေးအောင်မအောင်စစ်ဆေးခြင်း၊ လိုအပ်ပါက ဆေးထပ်ထိုးခြင်းများကိုလည်းလုပ်ဆောင်သင့်သည်။ ဆေးထိုးပြီးသူများသည်လည်း ၅နှစ်တစ်ခါ ပြန်လည်စစ်ဆေးပြီး လိုအပ်ပါက

    ကာကွယ်ဆေးထပ်ထိုးခြင်းများ လုပ်ဆောင်သင့်ပါသည်။

    တခြားအသည်းရောင်အသားဝါပိုးများ ဥပမာ အသည်းရောင်အသားဝါ A ပိုးသည်လတ်တလောအသည်းရောင်ခြင်းကို ဖြစ်ပေါ်စေတတ်ပြီး ဖြစ်ပွားချိန်တွင်တော့အသည်းကိုပြင်းပြင်းထန်ထန်ထိခိုက်ခြင်းဖြစ်တတ်ပါသည်။ သို့သော်ထိုအဆင့်ကို သေချာကုသပါက နောက်ဆက်တွဲအသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းများတော့ဆက်ဖြစ်ပွားလေ့မရှိပါချေ။ ဆေးဝါးများနှင့် အသည်းအသည်း၏ အဓိကလုပ်ဆောင်ချက်တစ်ခုမှာ ဆေးဝါးနှင့်တခြား အဆိပ်အတောက်များကိုဖယ်ရှားပေးရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တစ်ချို့ဆေးဝါးများကြောင့်အသည်းကိုပြန်လည်ထိခိုက်မှုများလည်း ဖြစ်ပေါ်တတ်ပါသည်။ အသည်းထိနိုင်သော ဆေးအမျိုးအစားများကားများပြားလှပါသည်။ အင်္ဂလိပ်ဆေးများသာမက တစ်ချို့တိုင်းရင်ဆေးများလည်းပါဝင်ပါသည်။ တစ်ချို့သည်အသားဝါလာ၍ဟုဆိုကာ လက်လှမ်းမှီရာ ဆေးများကို သောက်ရာမှအသည်းအခြေအနေပိုဆိုးသွားပြီးအသက်ဆုံးရှံူးရသည်အထိဖြစ်သွားကြရသည်ပင်ဖြစ်သည်။ ထို့ကြောင့်အသည်းမကောင်းသည့်လက္ခဏာများရှိလာပါကလည်း မိမိဘာသာ စပ်ဆေးများ၊ ဆေးမြီးတိုများနှင့်ကုမနေဘဲကျွမ်းကျင်သည့်ဆရာဝန်နှင့်တိုင်ပင်ကုသရန်အရေးကြီးလှပါသည်။ မိမိဘာသာသောက်လိုက်သောဆေးများသည်အခန့်မသင့်လျှင်အသည်းကို ပိုမိုပင်ထိခိုက်သွားတတ်သောကြောင့်ဖြစ်ပါသည်။ အသည်းနှင့် မှိုအသည်းကင်ဆာဖြစ်စေသော အကြောင်းများထဲတွင်မြန်မာလူမျိုးများအတွက်အရေးကြီးသောတစ်ချက်မှာ မှိုတစ်မျိုးမှထွက်သည့် Aflatoxin ဟုခေါ်သော အဆိပ်တစ်မျိုးဖြစ်သည်။ ထိုမှိုပိုးသည်မသန့်ရှင်းသော၊ မှိုတက်နေသော အစားအသောက်များတွင်ပါဝင်တတ်ရာအစားအသောက်သန့်ရှင်းမှုသည်လည်း အရေးကြီးလှပါသည်။ အသည်းအဆီဖုံးခြင်းအသည်းအဆီဖုံးခြင်းသည်လည်း အခန့်မသင့်ပါက အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊အသည်းကင်ဆာဖြစ်ခြင်းတို့ကိုဆက်လက်ဖြစ်ပေါ်စေတတ်ပါသည်။ အသည်းအဆီဖုံးခြင်းသည်အဝလွန်သူများ၊ သွေးချို သွေးတိုးရှိသူများတွင်ပိုမို ဖြစ်ပွားတတ်သဖြင့်သတိထားစစ်ဆေးရန်

    အရေးကြီးပါသည်။

    အသည်းထိစေသော တခြားအကြောင်းများအစားအသောက်တွင်ပါသော ဆိုးဆေးများ၊ မွေးရာပါချို့ယွင်းချက်များကြောင့်ကိုယ်ခန္ဓါအတွင်းသံဓါတ်များခြင်း၊ ကြေးဓါတ်(copper) များခြင်းများ၊ ကိုယ်ခန္ဓါ

    ခုခံအားစနစ်မမှန်ခြင်းကြောင့်ဖြစ်သော အသည်းရောဂါ (autoimmune hepatitis)၊သည်းခြေလမ်းကြောင်းပိတ်ခြင်းကြောင့်ဖြစ်သော အသည်းရောဂါများစသည်ဖြင့်တခြားအသည်းရောဂါများစွာရှိပါသေးသည်။

    အချုပ်အားဖြင့်ဆိုသော်အသည်းရောဂါများသည်မြန်မာနိုင်ငံတွင်အဖြစ်များသောရောဂါအဖြစ်ပါဝင်နေပါသည်။ အသည်းရောင်ခြင်းမှသည်အသည်းခြောက်ခြင်း၊အသည်းကင်ဆာဖြစ်ပွားခြင်းတို့အထိအသည်းရောဂါအမျိုးမျိုးကိုစနစ်တကျ ကာကွယ်ရန်လိုပါသည်။ အစားအသောက်ဆင်ခြင်ခြင်း၊ အရက်ကိုအလွန်အကျွံသောက်ခြင်းမှရှောင်ကြဉ်ခြင်း၊အသည်းရောင်အသားဝါ ကာကွယ်ဆေးထိုးခြင်း၊ မိမိသဘောနှင့်မိမိစပ်ဆေး တိုင်းရင်းဆေးများကိုသောက်ခြင်းမှရှောင်ကြဉ်ခြင်း၊ အသည်းရောင်အသားဝါ B, C ပိုးများကူးစက်နိုင်သည့်အကြောင်းများဖြစ်သည့်လိင်အပျော်အပါး လိုက်စားခြင်း၊ မလိုအပ်ဘဲ (အထူးသဖြင့်တရားဝင်ဆေးကုသခွင့်မရှိသူနှင့်) ဆေးထိုးခြင်းစသည့်အချက်များ ကို ရှောင်ကြဉ်ကြရပါမည်။ အသည်းရောဂါ ဖြစ်လာပြီဟုထင်ပါကလည်း ဆေးမြီးတိုနှင့်ကုသခြင်းမလုပ်ဘဲ ကျွမ်းကျင်သူနှင့်စနစ်တကျ တိုင်ပင်ကုသခြင်းအားဖြင့်အသည်းရောဂါပိုမိုဆိုးရွားလာခြင်းများကိုကာကွယ်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yu Wadi Lwin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement