backup og meta

အရိပ်တကြည့်ကြည့် စောင့်ရှောက်သင့်တဲ့ သင့်အသည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိပ်တကြည့်ကြည့် စောင့်ရှောက်သင့်တဲ့ သင့်အသည်း

    အသည်းက လူခန္ဓါကိုယ်ရဲ့အကြီးဆုံးကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး အရေးကြီးဆုံးအစိတ်အပိုင်းလည်းဖြစ်ပါတယ်။သွေးထဲမှာရှိတဲ့အဆိပ်အတောက်ဓါတ်တွေအားလုံးကို စစ်ထုတ်ပေးတဲ့တာဝန်ကိုယူထားရုံမက စားလိုက်သမျှအစားအစာတွေကိုချေဖျက်ပြီး ခွန်အားအဖြစ်သိုလှောင်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အသည်းဆိုတာ ထိခိုက်လွယ်ဆုံးကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်နေတာကိုရော သင်သိရဲ့လား။

    ဒီလိုအရေးကြီးတဲ့ အသည်းရဲ့ကျန်းမာရေးအတွက် စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်သင့်တဲ့အချက်တွေရှိပါတယ်။ ဒါ့ကြောင့် အသည်းမှာ ရောဂါဖြစ်လာမှ ကုသတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။နေ့စဉ်ဘဝမှာ သတိထားပေးရင်ပဲ အသည်းရောဂါကို ကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေက အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

    ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းပါ – အဝလွန်ေနရင် ဒါမှမဟုတ် ကိုယ်အလေးချိန်ကများနေရင် အသည်းအဆီဖုံးလာနိုင်တယ်။ အဲဒီကနေ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါအဆင့်ကိုရောက်လာနိုင်ပါတယ်။

    အာဟာရမျှတစွာ စားသုံးပါ– ကယ်လိုရီများတဲ့အစားအစာတွေ၊ပြည့်ဝဆီ၊ပြုပြင်ထားတဲ့ကာဗိုဟိုက်ဒရိတ်ေတွ(ဥပမာ – ဂျုံနုပေါင်မုန့်၊ ဆန်လုံးဖြူ)နဲ့ အချိုတွေကို အများကြီးမစားပါနဲ့။ အခွံမာငါးတွေ၊ ပင်လယ်စာတွေကို အစိမ်း သို့မဟုတ် မကျက်တကျက်တွေမစားပါနဲ့။ အမျှင်ဓါတ်များတာ၊ အာဟာရဓါတ်ပြည့်တာတွေစားပါ။ လတ်ဆတ်တဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေပိုစားပါ။ အနီရောင်ရှိတဲ့အသားလည်း စားလို့ရပေမယ့် အကန့်အသတ်နဲ့စားပါ၊နို့ထွက်ပစ္စည်း( အဆီထုတ်နို့ )၊ အဆီဓါတ်လည်းလိုအပ်ပါတယ်(ဟင်းရွက်ဆီ၊နေကြာဆီစတဲ့ အကျိုးပြုအဆီတွေကိုသုံးပါ)။

    ပြုပြင်စီမံထားတဲ့ အစားအစာတွေမှာ လတ်ဆတ်မှုကို ထိန်းနိုင်ဖို့ ဓါတုပစ္စည်းတွေပါဝင်တတ်လို့ အသည်းကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့် အသည်းကိုကျန်းမာစေချင်ရင် တာရှည်ခံဆေးေတွပါတဲ့ အသင့်စားတွေ၊ပြုပြင်စီမံထားတာတွေ၊ စည်သွပ်အစားအစာတွေကိုတတ်နိုင်သလောက်လျှော့စားတာ၊ရှောင်တာ အကောင်းဆုံးပါပဲ။

    ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ –ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိတယ်ဆိုရင် အဆီပိုတွေကိုလောင်ကျွမ်းစေပြီး အသည်းအဆီဖုံးခြင်းကိုလျှော့နည်းစေပါတယ်။လေ့ကျင့်ခန်းလုပ်ပေးတာက ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်ရုံမက အသည်းအတွက်လည်းကောင်းပါတယ်။ တစ်ပတ်ကို လှုပ်ရှားမှု မိနစ် ၁၅၀ ပဲလုပ်ဦးတော့၊ အသည်းအင်ဇိုင်းလုပ်ဆောင်ချက်ကိုပိုကောင်းစေပြီး အသည်းကျန်းမာရေးအတွက်လုံလောက်ပါတယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်။

    တခြားအဆိပ်အတောက်တွေကိုရှောင်ပါ –ပိုးသတ်ဆေးတွေ၊လေထုညစ်ညမ်းတဲ့အခိုးအငွေ့တွေလိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေက အသည်းဆဲလ်ေတွကိုသေစေပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ဖျန်းဆေးတွေ၊ ဓါတုပစ္စည်းတွေဆီက အဆိပ်အတောက်တွေနဲ့တိုက်ရိုက်မထိတွေ့မိအောင် ကြိုးစားရှောင်ပါ။ ဥပမာ အခန်းထဲမှာခြင်ဆေးဖျန်းလိုက်ရင် လူကရှောင်နေပါ၊ ဒါမှမဟုတ် နှာခေါင်းစည်းတပ်ပါ။ မရှူမိအောင်ရှောင်ပါ။

    အရက်သောက် ဆင်ခြင်ပါ – အရက်ကြောင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေနိုင်တဲ့အပြင် အသည်းဆဲလ်တွေကို ဖျက်ဆီးနိုင်ပြီး အသည်းရွတ်ဖြစ်စေပါတယ်။ အရက်သောက်လိုက်တဲ့အချိန်မှာ အဆိပ်ဓါတ်ပစ္စည်းတွေအများကြီးထွက်ရှိလာပြီး အသည်းကိုထိခိုက်စေတာဖြစ်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့အသည်းရောဂါဟာ အတော်ကိုအဖြစ်များတဲ့အမျိုးအစားလည်းဖြစ်ပါတယ်။

    အသည်းရောင်ရောဂါ ကာကွယ်ပါ– အသည်းရောင်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး အဓိကအဖြစ်များတဲ့ အမျိုးအစားသုံးခုကတော့ အသည်းရောင် A ၊B နဲ့ Cရောဂါတွေဖြစ်ပါတယ်။ သုံးမျိုးလုံးက ကူးစက်ပြန့်ပွားလွယ်ပေမယ့် C ဗိုင်းရပ်စ်ကတော့သွေး သို့မဟုတ် ခန္ဓါကိုယ်ကထွက်တဲ့အရည် ကတဆင့်ပဲ ကူးစက်နိုင်တာဖြစ်ပါတယ်။ A နဲ့ B အတွက်ကတော့ ကာကွယ်ဆေးတွေရှိနေပြီဖြစ်ပါတယ်။ သတိထားနိုင်တာက –

    • တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ လက်ဆေးတဲ့ အကျင့်လုပ်ပါ။
    • အသည်းရောင် B ပိုးက အသုံးအဆောင်တွေအတူသုံးရာကနေ ကူးနိုင်သလို အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကတဆင့်လည်း ကူးစက်နိုင်ပါတယ်။
    • တခြားသူရဲ့သွေးနဲ့ မထိမိစေဖို့ ဂရုစိုက်ပါ (ဥပမာ -အပ် သို့မဟုတ် ဘလိတ်ဓါး စတာတွေဆို တစ်ခါသုံးပဲ သုံးတာမျိုး)။

    ကာကွယ်ဆေးထိုးပါ –အသည်းရောင် A ပိုးနဲ့ B ပိုး ကာကွယ်ဆေးထိုးထားပါ။ အသည်းရောင် C ဗိုင်းရပ်စ်အတွက်တော့ ကာကွယ်ဆေးမရှိသေးပါဘူး။

    တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တခြားသူတွေနဲ့မျှမသုံးပါနဲ့ – မုတ်ဆိတ်ရိတ်ဓါး၊ သွားပွတ်တံ၊ လက်သည်းညှပ် စတာတွေမှာ မမြင်နိုင်တဲ့ရောဂါပိုးတွေ၊ သွေးအပါအဝင် ခန္ဓါကိုယ်အရည်တွေထိပေထားနိုင်ပါတယ်။ရောဂါပိုးရှိသူနဲ့ အသုံးအဆောင်ပစ္စည်းအတူသုံးမိတဲ့အခါ ကူးစက်မိရောပေါ့။

    အကာအကွယ်သုံးပါ – အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော်များတာတွေက အသည်းရောင် B နဲ့ C ကူးစက်ခံရနိုင်ခြေ ပိုများစေပါတယ်။

    ဆေးကို ကြည့်သောက်ပါ –ဆေးကို မျက်စိနဲ့သေချာကြည့်ပြီးသောက်ဖို့ပြောတာမဟုတ်ဘူးနော်။ ဘယ်ဆေးဖြစ်ဖြစ် ဆေးညွှန်းအတိုင်း သောက်သုံးသင့်တဲ့ပမာဏမဟုတ်ဘဲ လွန်ကဲနေရင်၊ဆေးတွေရောထွေးသောက်မိနေရင် အသည်းကိုသွားထိခိုက်မှာပါ။ အရက်သောက်ထားရင်လည်းဆေးသောက်ချိန်နဲ့ မနီးပါစေနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement