backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ကဘာလဲ။

အသည်းပျက်စီးခြင်း သို့မဟုတ် အသည်းခြောက်ခြင်း သည် အသည်း၏ အစိတ်အပိုင်း ကြီးကြီးမားမား ပျက်စီးပြီး အသည်း၏ လုပ်ဆောင်ချက်များပျက်စီးခြင်းဖြစ်သည်။ အသည်းပျက်စီးခြင်းသည် အရေးပေါ် ဆေးကုသရန်လိုအပ်သော အသက်အန္တရာယ်ရှိသည့် အနေအထားဖြစ်သည်။

အသည်းပျက်စီးခြင်းသည် တဖြည်းဖြည်းနှင့် နှစ်ပေါင်းများစွာအကြာတွင် ဖြစ်လာခြင်းဖြစ်သည်။ သို့သော် တခါတရံ ခဏတာ ၄၈ နာရီအတွင်း မြန်ဆန်စွာ အသည်း၏ လုပ်ဆောင်ချက်များမရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် အစပိုင်းတွင် သိနိုင်ရန်ခက်ခဲသည်။

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

၎င်းသည် အမျိုးသားများတွင် အမျိုးသမီးများထက်ပိုအဖြစ်များသည်။ သို့သော် ဖြစ်နိုင်ချေကို များစေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများသည် ရောဂါ၏ ပြင်းထန်မှုအဆင့်အရ ပြောင်းလဲနိုင်သည်။ အစပိုင်းတွင် ရောဂါလက္ခဏာမပြတတ်ပြီး ရောဂါကိုသိရှိနိုင်ရန် ခက်ခဲသည်။

ရောဂါအခြေအနေဆိုးရွားလာသည့်အခါ ဖြစ်နိုင်သောရောဂါ လက္ခဏာများသည် အောက်ပါအတိုင်းဖြစ်သည်။

-အင်အားမရှိပဲ နုံးချည့်ပင်ပန်းခြင်း၊

-အလွယ်တကူသွေးထွက်ခြင်း၊ သွေးခြည်ဥခြင်း၊

-အစားအသောက်ပျက်ခြင်း

-ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းခြင်း

-အသား၊ မျက်လုံးဝါခြင်း

-အရေပြားယားယံခြင်း

-ခန္ဓါကိုယ် ဖောယောင်ခြင်း၊ ခြေမျက်စိ၊ ခြေထောက်၊ ဝမ်းဗိုက်များဖောယောင်ခြင်း။

-ဆီးအရောင်မည်းခြင်း၊ ဝါခြင်း၊

-ဝမ်းအရောင်ဖျော့ခြင်း

-စိတ်ရှုပ်ခြင်း၊ စိတ်ထွေပြားခြင်း၊ အမူအကျင့်ပြောင်းလဲခြင်း

ဝမ်းသွားလျင်သွေးပါခြင်း

-ပျို့အန်ခြင်း

-သွေကြောများ ပင့်ကူကဲ့သို့ ရှုပ်ထွေးခြင်း

-အမျိုးသားများတွင် ရင်သားကြီးလာခြင်း။

အထက်တွင် ဖော်ပြမထားသော လက္ခဏာများလည်း ရှိနိုင်သည်။ သင့်တွင် စိတ်ပူပန်နေသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အထက်ပါလက္ခဏာများရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် မတူညီသောတုံ့ပြန်မှုများရှိသည့်အတွက် သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသည်းရောင် စီပိုး၊ အသည်းအဆီဖုံးခြင်း၊ နှင့် အရက်အလွန်အကျွံသောက်ခြင်း၊ များသည် အဓိကအကြောင်းရင်းများဖြစ်ကြသည်။

သို့သော် အခြားသော အသည်းကို ထိခိုက်စေသောအကြောင်းရင်းများကလည်း အသည်းကို ပျက်စီးစေပါသည်။

-အသည်းအဆီဖုံးခြင်း သည် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါများနှင့် သက်ဆိုင်သည်။

-ရေရှည်ဗိုင်းရပ်စ်ရောဂါပိုးများဖြစ်သော အသည်းရောင် B,C နှင့် D ရောဂါပိုးများ။ အသည်းရောင် D သည် အလွန်ရှားသည်။

-နှလုံးရောဂါထပ်ခါထပ်ခါ ဖြစ်ခြင်းကြောင့် အသည်းတွင် အရည်စုခြင်း။

-သည်းခြေပြွန်ပိတ်ခြင်းကြောင့် အသည်းမှ အူသို့သယ်ဆောင်သော သည်းခြေရည်များသည်အသည်းတွင် စုနေခြင်း။ လူကြီးများတွင် အခြားသော အသည်းရောဂါများကြောင့်လည်း သည်းခြေပြွန်သည်ရောင်နိုင်ပြီး ပိတ်နိုင်သည်။

-မွေးရာပါ အသည်းရောဂါများမှာ

-cystic fibrosis အသည်းတွင် ဆဲလ်များသည် ပုံမှန်မဟုတ်ပဲ မာလာခြင်းကြောင့် ပုံမှန်လုပ်ဆောင်ချက်များပျက်ခြင်းဖြစ်သည်။

-glycogen storage disease သည် ခန္ဓါကိုယ်သည် သကြားဓါတ်ပုံစံတစ်မျိုးကို ခန္ဓါကိုယ်မှ စွမ်းအင်ဖြစ်ရန်လိုအပ်သော ပုံစံသို့မပြောင်းပေးနိုင်ခြင်းဖြစ်သည်။

-Alpha 1 antitrypsin deficiency ဟုခေါ်သော အသည်းတွင် ရှိရမည့် အင်ဇိုင်းတစ်ခုမရှိခြင်း

-အသည်း လုပ်ဆောင်ချက်များ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်သော ရောဂါများ။ သံဓါတ်များလွန်းခြင်းကြောင့် အသည်းနှင့် အခြားအင်္ဂါများတွင် အနည်ထိုင်ခြင်း၊ (hemochromatosis)၊ အသည်းတွင် သတ္တုဓါတ်များ ပုံမှန်ထက်ပို၍ သိုလှောင်ခြင်း (Wilson’s disease)

အဖြစ်နည်းသော်လည်း အသည်းခြောက်ခြင်ကို အခြားနည်းလမ်းများဖြစ်သော ဆေးများ၊ အဆိပ်အတောက်များထိတွေ့ခြင်းနှင့် ကပ်ပါးပိုးများ ကြောင့်လည ်း ဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသည်းပျက်စီးခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းရင်းများတွင် အောက်ပါတို့ပါဝင်သည်။

-အရက်သောက်ခြင်းကြောင့်ဖြစ်သော အသည်းရောဂါသည် အရက်ကိုအလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဖြစ်အများဆုံးသော ကာကွယ်လို့ရသည့် ရောဂါဖြစ်သည်။

-အသည်းရောင်ရောဂါ B ပိုးသည် ခန္ဓါကိုယ်မှထွက်သော အရည်များမှ ကူးစက်နိုင်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။

-မွေးရာပါ အသည်းရောဂါသည် မျိုးဆက်တစ်မျိုးမှ တစ်မျိုးသို့ ဆက်လက်သယ်ဆောင်နိုင်သည်။

-ဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်းကြောင့် အသည်းပျက်စီးနိုင်သည်။ အသည်းဆဲလ်များကိုရောင်ရမ်းစေပြီး၊ သည်းခြေရည်စီးဆင်းမှုကို လျော့နည်းစေသောကြောင့် အသည်းတွင် သည်းခြေရည်များစုခြင်းနှင့် အဆီဓါတ်များစုခြင်းကိုဖြစ်စေနိုင်သည်။ ဓါတုပစ္စည်းများဖြစ်သော anabolic steroids, vinyl chloride and carbon tetrachloride တို့သည်အသည်းကင်ဆာကို ဖြစ်စေနိုင်သည်။

-Acetaminophen ကို ပမာဏများများသုံးစွဲခြင်းသည်လည်း အသည်းကို ပျက်စီးစေသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အသည်းပျက်စီးခြင်းကို နည်းလမ်းများစွာဖြင့် ရောဂါရှာဖွေသိရှိနိုင်သည်။

  • လူနာကို စမ်းသပ်စစ်ဆေးခြင်း
  • ဆရာဝန်မှအသည်း ကို စမ်းသပ်ခြင်းဖြင့် အသည်း၏ပမာဏနှင့် အနေအထားပြောင်းလဲမှုများကိုသိရှိနိုင်သည်။

    -သွေးစစ်ခြင်းအားဖြင့် အသည်းရောဂါရှိမရှိကိုလည်း သိရှိနိုင်သည်။

    -အခြားသော စစ်ဆေးမှုများတွင် ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း (CT)၊ Ultrasound, သို့မဟုတ် အခြားသော ဓါတ်မှန်နှင့် စစ်ဆေးခြင်းများပြုလုပ်နိုင်သည်။

    • အသားစယူခြင်း။

    သင့်ဆရာဝန်သည် အသည်းရောဂါကို အတည်ပြုရန်အတွက် အသည်းမှအသားစယူခြင်းကို ပြုလုပ်ခိုင်းနိုင်သည်။

    • ခွဲစိတ်ခြင်း။

    အချို့တွင် ခွဲစိတ်နေစဉ်တွင် အသည်းခြောက်ခြင်းကို သိရှိရသည်။ အသည်းကို မှန်ပြောင်းဖြင့် ဝမ်းဗိုက်မှ အပေါက်ဖောက်ပြီးလည်း သိရနိုင်သည်။

    Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ကို ဘယ်လိုကုသပါသလဲ

    အသည်းပျက်စီးခြင်းကို ကုသရန် နည်းလမ်းမရှိသော်လည်း ရောဂါဆက်လက်မဆိုးလာစေရန်၊ အသည်းဆဲလ်များ ပျက်စီးခြင်းကို နည်းစေရန်၊ နောက်ဆက်တွဲ ပြသနာများနည်းစေရန် အချို့သော ကုသမှုများပြုလုပ်နိုင်သည်။

    အသည်းခြောက်ခြင်း၏ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုများ ကွဲပြားနိုင်သည်။

    -အရက်သောက်ခြင်းကြောင့်ဖြစ်သော အသည်းခြောက်ခြင်းအတွက် အရက်သောက်ခြင်းကိုရပ်ရမည်။

    -အသည်းရောင်ပိုးကြောင့်ဖြစ်လျင် ဗိုင်းရပ်စ်ပိုးအတွက်လိုအပ်သောဆေးများကို အသည်းပျက်စီးခြင်းနည်းစေရန် သောက်ရန်လိုအပ်သည်။

    -Wilson’s disease, hemochromatosis နှင့် ခုခံအားစနစ်မှ အသည်းဆဲလ်များကို တိုက်သဖြင့်ဖြစ်သော အသည်းခြောက်ခြင်းတို့အတွက် ကုသမှုသည် ကွဲပြားသည်။

    -အသည်းခြောက်ခြင်း၏ ရောဂါလက္ခဏာများသက်သာစေရန် ဆေးများပေးနိုင်သည်။ ဖောရောင်ခြင်းနှင့် ဝမ်းဗိုက်ရေဖျဉ်းစွဲခြင်းတို့ကိုလည်း အစားအစာထဲတွင် ဆားကို လျော့ချခြင်းဖြင့် အနည်းငယ် သက်သာစေသည်။ ဆီးဆေးများကိုလည်း အသုံးပြုနိုင်သည်။

    အစားအသောက်နှင့် ဆေးများသည် အသည်းခြောက်ခြင်းကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို သက်သာစေနိုင်သည်။ ဝမ်းနှုတ်ဆေးများပေးခြင်းဖြင့် အူထဲမှ အဆိပ်အတောက်များ စုပ်ယူခြင်းကို ဖယ်ရှားပေးနိုင်သည်။

    -အသည်းအစားထိုးကုသခြင်းသည် ပြင်းထန်သော အသည်းခြောက်ရောဂါသည်များအတွက် လိုအပ်သည်။

    ဘဝနေထိုင်နည်းပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    အောက်ပါတို့သည် အသည်းရောဂါအခြေအနေကို သက်သာစေနိုင်ပါသည်။

    -အရက်စွဲနေခြင်းကို ဖြတ်ပါ။ တစ်နေ့လျင် နှစ်ကြိမ်ထက်ပိုသောက်လျင် သင်သည် သင့်ကိုယ်ကို အန္တရာယ်ရှိအောင်လုပ်နေခြင်းဖြစ်သည်။ တစ်ခါသောက်လျှင် ဝိုင် 5 အောင်စ၊ ဘီယာ ၁၂ အောင်စ၊ အရက် ၁.၅ အောင်စ ဖြင့်တိုင်းတာခြင်းဖြစ်သည်။

    -အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို ရှောင်ပါ။ လိင်ဆက်ဆံဖော်များခြင်းကို ရှောင်ပါ။

    -ဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်းကို ရှောင်ပါ။ ၎င်းတို့ိုကို အသုံးပြုရမည်ဆိုလျင် အကာအကွယ်ပေးနိုင်သော အဝတ်အစားများ၊ ပစ္စည်းများကို အသုံးပြုပါ။

    -အသည်းရောင်ရောဂါပိုးအတွက် ကာကွယ်ဆေးထိုးပါ။

    -အဆီနည်းသော၊ မျှတသော အာဟာရကို စားသောက်ပါ။ အသီးအရွက်များနှင့် သစ်သီးများကို စားပါ။ ဗီတာမင်သောက်ပါ။

    -ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ခန္ဓါကိုယ်တွင် အဆီဓါတ်များခြင်းသည် အသည်းအဆီဖုံးခြင်းကို ဖြစ်စေပြီး အသည်းရောဂါများကိုဖြစ်စေသည်။

    သင့်တွင် မေးလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Su Sandy မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement