backup og meta

ဆီးပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ

    ဆီးပိုးဝင်တယ်ဆိုတာ အရမ်းကို အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ သန့်ရှင်းတဲ့ ပုံစံ မှားယွင်းတာ၊ ဆီးသွားနည်းတာ၊ ရေသောက်နည်းတာ စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    များသောအားဖြင့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဆီးပို့ပြွန် တိုတဲ့အတွက် ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ ပြဿနာကို ပိုကြုံတွေ့ရတတ်ပါတယ်။ ယောက်ျားလေးတွေမှာလည်း ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေး၊ လူကြီး အသက်အရွယ်မရွေး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။

    ဆီးလမ်းကြောင်း ပိုးဝင်ကာစမှာ သိပ်ပြီး ပြဿနာမရှိပေမဲ့ ကုသမှုမခံယူဘဲ ပစ်ထားလိုက်တဲ့အခါ ကျောက်ကပ်နဲ့ ဆီးအိမ်အထိ ဘက်တီးရီးယားပိုးတွေ ပြန့်သွားပြီး ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားသည်အထိ အန္တရာယ်ကြီးနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် စောစီးစွာ ကုသတာ အကောင်းဆုံးပါပဲ။

    ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေ ဘာတွေလဲ။

    အဓိက အတွေ့များတဲ့ လက္ခဏာရပ်တွေကတော့

    • ဆီးသွားစဉ် နာကျင်ခြင်း

    • မကြာခဏ ဆီးသွားခြင်း

    • ဆီးကျန်နေတဲ့ ခံစားချက်မျိုး ရခြင်း

    • ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း

    • ဆီးလမ်းကြောင်း တစ်လျှောက် ယားယံနေသလို ခံစားရခြင်း

    • ဆီးထဲ သွေးပါနေခြင်း တွေပဲ ဖြစ်ပါတယ်။

    ဘယ်လို ကုသလို့ ရမလဲ။

    အရင်ဆုံး မိမိကိုယ်ကိုယ် ဆီးလမ်းကြောင်း ပိုးဝင်နေတယ်လို့ သံသယရှိတယ်၊ အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင် ဆရာဝန်ဆီ အရင်သွားပြပြီး ဆီးစစ်ကြည့်ပါ။ ပိုးဝင်နေတယ်ဆိုတဲ့ Positive အဖြေ ထွက်တယ်ဆိုရင် ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်အနေနဲ့ ပဋိဇီဝဆေး သောက်ဖို့ အကြံပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ အခြေအနေက အရမ်းဆိုးရွားတာမဟုတ်ဘူး၊ ဖြစ်ကာစပဲ ရှိသေးတယ်၊ ဒါမှမဟုတ် ဆေးပြင်းတွေ သောက်လို့ မရဘူးဆိုရင်လည်း အိမ်မှာပဲ ကုသလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

    ၁။ ခရမ် ဘယ်ရီသီး များများ စားပေးပါ။

    ခရမ် ဘယ်ရီသီး (Cranberry) ဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုလာတဲ့ ဆေးဝါးတစ်မျိုးပါပဲ။ ချဉ်တဲ့ အရသာရှိပြီး ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးလို့ ဆီးလမ်းကြောင်းထဲမှာ ရှိနေတဲ့ ပိုးတွေကို ဆီးနဲ့ အတူ အပြင်ကို စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် အရည်ရွှမ်းတဲ့ အသီးဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ဖြည့်ပေးသလို ဆီးများများ သွားအောင်လည်း ကူညီပေးနိုင်မှာပါ။ ခရမ် ဘယ်ရီသီးကို အစိမ်းလိုက် စားလို့ ရသလို ဖျော်ရည်အနေနဲ့ ကြိတ်ပြီး သောက်တာ၊ ဖျော်ရည်ဘူး ဝယ်တာ၊ ခရမ် ဘယ်ရီသီး ပါဝင်တဲ့ ဖြည့်စွက် အားဆေး သောက်တာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

    ၂။ ရေများများ သောက်ပါ။

    ဆီးလမ်းကြောင်း ပိုးဝင်ကာစမှာ ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းတွင်းမှာသာ ရှိနေပြီး လူကို သိပ်ပြီး ဒုက္ခမပေးနိုင်သေးပါဘူး။ ဒါကြောင့် ဆီးသွားမှသာ ဒီ ဆီးလမ်းကြောင်းထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရေကို များများ သောက်ပေးပါ။ နာရီဝက်ခြား တစ်ငုံ၊ နှစ်ငုံလောက် သောက်ပေးပါ။ ရေသောက်ဖို့ မမေ့ပါနဲ့။ ရေဆာမှ ထသောက်တာမျိုး မလုပ်ပါနဲ့။ ရေများများသောက်ပြီး ဆီးများများ သွားပါ။

    ၃။ ဆီးမအောင့်ထားပါနဲ့။

    ဆီးအောင့်ထားတတ်တဲ့ အကျင့်ဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေတဲ့၊ ပိုးဝင်သွားခဲ့ရင်လည်း ပိုပြီး ဆိုးရွားလာစေတယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆီးသွားချင်တယ်လို့ ခံစားရရင် ထပြီး သွားလိုက်ပါ။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်နေပါစေ၊ လုံးဝ ဆီးမအောင့်ထားပါနဲ့။

    ၄။ အချဉ်ဓာတ် များများ စားသုံးပါ။

    ဗီတာမင် စီ မှာ အသားအရေနဲ့ ဆံသားအတွက် ကောင်းကျိုးများစွာ ပေးတာအပြင် ကိုယ်ခံအားကောင်းစေခြင်း၊ ဆီးကို သန့်စင်ပေးခြင်း စတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နေချိန်မှာ အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေ၊ ခရမ်းချဉ်သီးလို ဗီတာမင် စီ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေလည်း စားပေးသင့်ပါတယ်။

    ခုပြောပြပေးခဲ့တဲ့ အချက်တွေက ရောဂါနုသေးတဲ့အချိန်မှာ ဆေးမလိုဘဲ ကိုယ့်အိမ်မှာ အလွယ်တကူ လုပ်လို့ ရတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ရောဂါအခြေအနေ ပြင်းထန်လာရင်တော့ ဒီအချက်တွေကို ပုံမှန်လုပ်ပေးဖို့ လိုတဲ့အပြင် ပဋိဇီဝဆေးတွေပါ သောက်ဖို့ လိုအပ်ပါလိမ့်မယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement