backup og meta

ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ

    ကျောက်ကပ်မှာ ဆီးကျောက်တည်တဲ့ ပြဿနာဆိုတာ တော်တော်များများ ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါပဲ။ လှုပ်ရှားမှုနည်းတယ်၊ ရေသောက်နည်းရာကနေ ဆီးသွားနည်းလာတဲ့အခါ ဆီးက ပုံမှန်ထက် ဝါပြီးအနံ့ပြင်းလာသလို အနည်အနှစ် စွန့်ပစ်ပစ္စည်းတွေကလည်း ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ စုပုံလာပါတယ်။ ဒီအနည်အနှစ်တွေက တဖြည်းဖြည်းများလာတဲ့အခါ စုသွားပြီး ကျောက်လို အခဲပုံစံမျိုးဖြစ်သွားပါတယ်။ ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ ။

    ဆီးကျောက်တည်ခြင်းကြောင့် ဆီးသွားရာမှာ အခက်အခဲဖြစ်သလို နာကျင်ခြင်း၊ အော့အန်ခြင်းအပြင် ဆီးလမ်းကြောင်းမှာ သွေးထွက်တဲ့အထိ ထိခိုက်စေပါတယ်။ ဆီးကျောက်အသေးလေးတွေကတော့ သိပ်ပြီးဒုက္ခမပေးနိုင်ဘူးဆိုပေမဲ့ ကြီးလွန်းတဲ့ ကျောက်အဆင့်ထိ ဖြစ်လာရင်တော့ ဆီးလမ်းကြောင်းပိတ်သွားတဲ့အထိ အခြေအနေဆိုးလာနိုင်ပါတယ်။

    ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆီးသွားနည်းတယ်၊ ဆီးသွားရတာ အခက်အခဲဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်ပြီး ကျောက်ကပ်မှာ တည်နေတဲ့ဆီးကျောက်တွေ ရှိမရှိဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီး သောက်ဆေးနဲ့ ကုသရတာလည်း ရှိသလို လေဆာနဲ့ ဆီးကျောက်ချေဖျက်တဲ့ ကုထုံးတွေလည်း ရှိပါတယ်။ အဲ့လိုကုသမှုခံယူနေတဲ့အချိန် ဝေဒနာသက်သာစေဖို့နဲ့ နောက်ထပ် ဆီးကျောက်မတည်စေဖို့ ခုပြောပြပေးမယ့် သဘာဝနည်းလမ်းတွေကို လိုက်နာကြည့်ပါ။

    ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ

    ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတော့

    ၁။ ရေများများသောက်ပါ။

    ဆီးကျောက်တည်တယ်ဆိုတဲ့ ပြဿနာက ဆီးသွားနည်းရာကနေ အဓိကစတင်လာတာပါ။ ရေသောက်နည်းတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုများတယ်၊ ဆီးသွားဖို့လည်း အချိန်ပိုကြာတဲ့အတွက် ကျောက်ကပ်အတွင်းမှာ အနည်အနှစ်တွေများလာပြီး အခဲအနေနဲ့ စုပုံသွားရာကနေ ကျောက်ဖြစ်တာပါ။

    ဒီတော့ ဆီးကျောက်ကို သဘာဝအတိုင်းကြေစေဖို့ ရေများများသောက်ပေးပါ။ နာရီဝက်ခြားတစ်ခါ တစ်နေ့ကို ရေ ၃လီတာလောက် အနည်းဆုံးသောက်ပေးပါ။ အားကစား၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေဆိုရင် ရေပိုသောက်ပေးသင့်ပါတယ်။

    ၂။ အချဉ်ဓာတ်များတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စားပေးပါ။

    Citric acid တစ်နည်းအားဖြင့် အချဉ်ဓာတ်ပါဝင်မှုများတဲ့ အသီးအနှံတွေက ဆီးကျောက်တည်နေတဲ့သူတွေအတွက် အကောင်းဆုံးဓာတ်စာပါပဲ။ အချဉ်ဓာတ်ရဲ့ အဓိကအားသာချက်ကတော့ ကျောက်ဖြစ်စေတဲ့ ဆီးထဲက ကယ်လ်စီယမ်ဓာတ်နဲ့ ဓာတ်ပြုပေးတာကြောင့် ကျောက်ကပ်မှာ ကျောက်အခဲပုံစံ မဖြစ်လာစေဖို့ ကာကွယ်ပေးတယ်။

    ကျောက်အသေးလေးတွေ ရှိနေရင်လည်း ဆက်ပြီးကြီးထွားမလာစေဖို့ ဖြည်းဖြည်းချင်း ချေဖျက်ပေးနိုင်ပါတယ်။ သံပရာသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီးတွေကို များများစားပေးနိုင်သလို ဖျော်ရည်အနေနဲ့ ညှစ်ပြီးသောက်ရင်လည်း ရပါတယ်။

    ၃။ Oxalic Acid များတဲ့အစားအစာတွေကို လျှော့စားပါ။

    Oxalic Acid ဆိုတာ အစားအစာတချို့မှာ ပါဝင်နေတဲ့ သဘာဝဓာတ်ပစ္စည်းတစ်မျိုးပါ။ ကျွန်တော်တို့ ကိုယ်ခန္ဓာကနေလည်း Oxalic Acid ကို ထုတ်လုပ်ပေးပါတယ်။ ဒီအက်စစ်ဓာတ်ကို အစာအိမ်၊ အူမကြီး၊ ကျောက်ကပ်၊ ဆီးလမ်းကြောင်းတွေမှာ အများဆုံးတွေ့ရပါတယ်။

    အစာစားလိုက်လို့ ဒီအာဟာရဓာတ်တွေဟာ အရည်ပျော်ပြီး ဆီးအဖြစ်နဲ့ စွန့်ထုတ်လိုက်ပေမယ့် ဆီးသွားနည်းလာတဲ့အခါ ဒီအက်စစ်ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံပြီး ကျောက်တည်စေပါတယ်။

    နောက်တစ်ခုက Oxalic Acid ပါတဲ့ အစားအစာ အများစုသည် ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာတွေဖြစ်တာကြောင့် လုံးဝမစားတာထက် ပုံမှန်စားနေကျထက် လျှော့စားပါ။ Oxalic Acid ကို ဟင်းနုနွယ်ရွက်၊ သကြားမုန်လာ၊ ကိုက်လန်ရွက်၊ ကန်စွန်းဥ၊ မြေပဲ၊ မုန်လာရွက်တွေမှာ အများဆုံးတွေ့ရပါတယ်။

    ၄။ ဗီတာမင် စီ အားဆေးတွေကို ပမာဏအများကြီး မသောက်ပါနဲ့။

    ဗီတာမင် စီကို ကျန်းမာစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးဖို့အတွက် စားသုံးကြပါတယ်။ အစားအစာအများစုမှာလည်း ဗီတာမင် စီ ပါသလို အားဆေးအနေနဲ့ သောက်လို့လည်း ရပါတယ်။

    အဓိကပြဿနာကတော့ ဗီတာမင် စီ တချို့ဟာ ကိုယ်ခန္ဓာထဲကို ရောက်သွားတဲ့အခါ Oxalic Acid အဖြစ် ဓာတ်ပြုပြီး ကျောက်ကပ်မှာ သွားပြီးအနည်းထိုင်နေတတ်ပါတယ်။

    ဒါကြောင့် ဆီးကျောက်တည်နေတဲ့သူတွေဆိုရင် ဗီတာမင် စီ အားဆေးကို ပမာဏအများကြီး မသောက်သုံးသင့်ပါဘူး။ အကောင်းဆုံးကတော့ ဗီတာမင် စီဓာတ်ကို လုံလောက်စွာရဖို့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့ပါပဲ။

    ၅။ ကယ်လ်စီယမ်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ကို လုံလောက်စွာ ရပါစေ။

    ကယ်လ်စီယမ်ဓာတ်သည် သွားနဲ့ အရိုးအဆစ်တွေ သန်မာစေပြီး မဂ္ဂနီဆီယမ်ကတော့ တစ်နေ့တာအတွက် လိုအပ်တဲ့ အားအင်တွေနဲ့ ကြွက်သားတွေကို ကောင်းစွာလှုပ်ရှားနိုင်စေဖို့ ကူညီပေးတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ အာဟာရဓာတ်စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးသလို Oxalic Acid ကိုလည်း ဖြိုခွဲပေးနိုင်တဲ့အတွက် ဆီးကျောက်တွေကိုလည်း ဆက်ပြီးကြီးမလာစေဖို့ ကူညီပေးပါတယ်။

    ဒါကြောင့် ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရဖို့ နွားနို့၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ် သောက်ပေးပါ။ မဂ္ဂနီဆီယမ်ဓာတ်အတွက် ထောပတ်သီး၊ ပဲအမျိုးမျိုး၊ တို့ဟူးတွေကို စားပေးပါ။

    ၆။ ဆားရှောင်ပါ။

    အငန်ဓာတ်က သွေးတိုးရောဂါသည်တွေအတွက်သာမက ဆီးကျောက်တည်နေသူတွေအတွက်လည်း အဆင်မပြေပါဘူးနော်။ ဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာ အစာအာဟာရမှာ ဆားကို တတ်နိုင်သလောက် လျှော့စားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အသင့်စားအစားအစာတွေ၊ အကင်တွေ၊ လမ်းဘေးစာတွေကိုလည်း ရှောင်ပေးပါ။

    ၇။ အသားတွေကို လျှော့စားပါ။

    ပရိုတင်းဓာတ် ပါဝင်မှုများတဲ့ အသားတွေဟာ ကိုယ်ခံအားစနစ်နဲ့ ကြွက်သားထုတည်ဆောက်တဲ့နေရာမှာ ကူညီပေးနိုင်မယ့် ခုလို ဆီးကျောက်တည်နေတဲ့အချိန်တွင်း နည်းနည်းလျှော့စားပေးနိုင်ရင် ပိုကောင်းပါတယ်။ အထူးသဖြင့် အနီရောင်အသားတွေကို လျှော့စားပါ။ အသားအစား ပဲအမျိုးမျိုး၊ နွားနို့တွေကို ပိုစားသုံးပေးပါ။

    ဆီးကျောက်တွေဆိုတာ မကုသဘဲ ပစ်ထားလို့ ပျောက်သွားမယ့်အရာတွေ မဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ မဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့လိုသလို ကုသပျောက်ကင်းသွားရင်လည်း နောက်တစ်ကြိမ် ထပ်မဖြစ်ရလေအောင် ခုပြောပြခဲ့တဲ့ နေထိုင်စားသောက်မှုပုံစံတွေအတိုင်း သေချာလိုက်နာဖို့ ထပ်မံအကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement