သင့်အနေနဲ့ဆရာဝန်နဲ့တွေ့တဲ့အခါစိတ်လှုပ်ရှားသလား။ သင့်အလှည့်မရောက်မချင်းထိုင်စောင့်နေပြီးအလှည့်ကျဖို့နီးလာလေလေစိတ်လှုပ်ရှားလေဖြစ်လား ။ ဒါတွေကပုံမှန်ပါပဲ။ ကျွန်တော်တို့အများစုကကိုယ်သိနေတဲ့ပတ်ဝန်းကျင်မှာအေးဆေးဖြစ်ပေမယ့်ဆေးဘက်ဆိုင်ရာပတ်ဝန်းကျင်ကိုရောက်သွားရင်စိတ်လှုပ်ရှားတတ်ပါတယ်။
လူတိုင်းရဲ့ သွေးတိုးနှုန်းကတစ်နေ့လုံးမတူညီနိုင်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းကနေ စကားပြောခြင်း အဆုံး သင့်ရဲ့သွေးတိုးနှုန်းကို ပြောင်းလဲစေပါတယ်။ စိတ်ဖိစီးမှုနဲ့စိုးရိမ်မှုတို့ကလည်းသွေးတိုးနှုန်းကိုမြင့်လာစေပါတယ်။ ဒီလိုတွေဖြစ်နေချိန်မှာ ဆေးခန်းထဲတိုင်းတဲ့ သွေးတိုးနှုန်းကအိမ်မှာတိုင်းတဲ့ သွေးတိုးနှုန်းထက်မြင့်နေတတ်ပါတယ်။ ဒီအခြေအနေကို White coat hypertension လို့ခေါ်ပါတယ်။
ဒီလိုဖြစ်လာချိန်မှာတော့သင့်ရဲ့ဆရာဝန်ကသင့်သွေးတိုးကိုသူ့ရဲ့ဆေးခန်းမှာမတိုင်းစေတော့ဘဲတခြားနေရာတွေမှာပါတိုင်းခိုင်းပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းကသင်တကယ်သွေးတိုးနေတာလားဒါမှမဟုတ်White coat hypertension ကြောင့်လားဆိုတာခွြဲခါးသိနိုင်ပါတယ်။ ဆရာဝန်အနေနဲ့သင့်ကိုAmbulatory monitoring လို့ခေါ်တဲ့သင့်ရဲ့သွေးပေါင်ချိန်ကိုမတူညီတဲအချိန်နဲ့ နေရာတွေမှာတိုင်းပေးတဲ့ စက်ပစ္စည်း (device) ကိုတပ်ဆင်ဖို့အကြံပေးပါလိမ့်မယ်။ ဒါမှမဟုတ်သင့်ကို ဆေးခန်းမှာတိုင်းခဲ့တဲ့ သွေးတိုးတိုင်းစက်နဲ့ပဲအိမ်မှာတိုင်းဖို့ညွှန်ကြားချင်ညွှန်ကြားပါလိမ့်မယ်။
White coat hypertension လူ၂၅ရာခိုင်နှုန်းမှာဖြစ်နိုင်ပါတယ်။ သင်ဟာကိုယ်ဝန်ဆောင်တစ်ယောက်ဒါမှမဟုတ်အသက်အရွယ်ကြီးတဲ့သူတစ်ယောက်ဆိုရင်ဒီအခြေအနေမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့သင့်မှာ white coat hypertension ရှိနေမယ်ဆိုတာကိုသတိမပြုမိခဲ့ရင်သင် ဆေးတွေကိုမလိုအပ်ပဲ သောက်နေရပါလိမ့်မယ်။
သင့်မှာ White coat hypertension ရှိနေမယ်ဆိုရင်တော့အနာဂတ်မှာသင်သွေးတိုးဖြစ်နိုင်ချေတော့များပါတယ်။ ဒါကြောင့်သင့်အနေနဲ့အနည်းဆုံး၆လကနေ၁၂လတစ်ကြိမ်ဆရာဝန်ဆီမှာ သွေးတိုးသွားတိုင်းဖို့တော့လိုပါမယ်။ သူတို့ကသင့်ကိုသွေးတိုးကာကွယ်ဖို့အတွက် ပြောင်းလဲရမယ့် နေထိုင်မှုပုံစံကိုအကြံပေးပါလိမ့်မယ်။
Hypertension (သွေးတိုးခြင်း)ဆိုတာဘာလဲ
ဆေးခန်းမှာတိုင်းတဲ့သင့်ရဲ့သွေးပေါင်ချိန်က ၁၄၀/၉၀ ဆိုရင်တော့သင့်မှာသွေးတိုးရှိနေပြီဖြစ်ပြီးပျှမ်းမျှ နေ့ခင်းဘက်အိမ်မှာမိမိဘာသာတိုင်းတဲ့ သွေးတိုးနှုန်းက ၁၃၅/၈၅ နဲ့အထက်ရှိပါလိမ့်မယ်။ သွေးတိုးခြင်းက လေဖြတ်ခြင်းနဲ့နှလုံးရောဂါ၊နာတာရှည်ကျောက်ကပ်ရောဂါနဲ့Dementia ရောဂါတို့ကိုဖြစ်နိုင်ချေများစေပါတယ်။ သွေးတိုးခြင်းက အရေးကြီးသောကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါတယ်။ အဝလွန်ခြင်း၊အာဟာရအချိုးမျှအောင်မစားခြင်း၊ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့မျိုးရိုးလိုက်ခြင်းတို့ကြောင့် သွေးတိုးဖြစ်နိုင်ပါတယ်။
White coat hypertension ကိုဘယ်လိုကာကွယ်ရမလဲ
White coat hypertension ကိုကာကွယ်ဖို့နည်းလမ်းတွေတော့ရှိပါတယ်။
- စိတ်ပြေလျော့စေမယ့်နည်းလမ်းတွေကို ဆေးခန်းသွားတဲ့လမ်းမှာသုံးသွားပါ။ဥပမာ – အသက်ရှူခြင်းနည်းလမ်း
- ဆရာဝန်ဆီသွားတဲ့အခါသင့်မိသားစုတစ်ယောက်ယောက်ဒါမှမဟုတ်သင့်သူငယ်ချင်းတစ်ယောက်ယောက်ကို ခေါ်လိုက်ပါ။ သင်သိတဲ့သူတစ်ယောက်ယောက်သင့်ဘေးမှာရှိနေတာကသင့်စိတ်ကိုတည်ငြိမ်စေပါတယ်။
- ဆရာဝန်တစ်ယောက်တည်းနဲ့ပြပါ။ အမြဲတမ်းအတွက်မဖြစ်နိုင်ပေမယ့် တွေ့ဖူးနေကျဆရာဝန်မျက်နှာကိုမြင်ရတာကသင့်စိတ်ကို ပြေလျော့စေပါတယ်။
- ကျန်းမာမျှတစွာစားပါ။ ဆားစားတာ လျှော့ခြင်းက သွေးတိုးကျစေပါတယ်။ သင်ဟင်းချက်နေချိန်ပဲဖြစ်ဖြစ်စားပွဲမှာစားဖို့ပြင်နေတာပဲဖြစ်ဖြစ်စားစရာတွေထဲကိုဆားမထည့်ပါနဲ့။ ဈေးဝယ်ထွက်တဲ့အရာဆားပါဝင်မှုနည်းတဲ့စားစရာတွေကိုပဲ ရွေးဝယ်ပါ။ ဒါကသင့်ကိုသွေးတိုးကျစေပါတယ်။ အသီးအရွက်များများစားခြင်းနဲ့အရက်လျှော့သောက်ခြင်းကလည်းသင့်သွေးတိုးကိုထိန်းညှိပေးပါလိမ့်မယ်။
- လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ တစ်ပတ်ကိုငါးရက် တစ်ရက်ကိုမိနစ်သုံးဆယ်လောက် လေ့ကျင့်ခန်းလုပ်ပါ။ မိနစ်သုံးဆယ်ကိုဆယ်ငါးမိနစ်တစ်ခါခွဲပြီးလည်းလုပ်နိုင်ပါတယ်။ မပြင်းထန်တဲ့လေ့ကျင့်ခန်းကိုလုပ်ပါ။ ဒီလိုလုပ်ခြင်းကသင့်ကိုယ်ကို နွေးလာစေပြီး မောလာစေပေမယ့်စကားပြောနိုင်ပါသေးတယ်။ သင်လေ့ကျင့်ခန်းမလုပ်တာကြာပြီဆိုရင်တော့ဆရာဝန်နဲ့ဆွေးနွေးပါ။
- ကိုယ်အလေးချိန်ထိန်းပါ။ သင်ကအဝလွန်နေတယ်ဆိုရင်ဝိတ်ချတာကသင့်ရဲ့သွေးတိုးကိုလျော့စေပါတယ်။ စားသောက်မှုပုံစံတစ်ခုလုံးမပြောင်းဘဲနည်းနည်းချင်းစီစပြောင်းပါ။ လေ့ကျင့်ခန်းကိုလည်း တော်သင့်ရုံလောက်လုပ်ပြီးထိန်းသွားပါ။ သေးငယ်သောအရာကနေ ဖြည်းဖြည်းမှန်မှန်စလုပ်တာက နောက်ဆုံးမှာ အောင်မြင်ပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။