backup og meta

HIV/AIDS နဲ့ ပတ်သတ်ပြီး လူတွေ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်များနဲ့ ချေပရှင်းလင်းချက်


Arkar Hein မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV/AIDS နဲ့ ပတ်သတ်ပြီး လူတွေ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်များနဲ့ ချေပရှင်းလင်းချက်

    HIV/ AIDS ဟာ လူအများစု ရောထွေးစွာ နားလည်ထားကြတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အခြေခံအချက်တွေက စရှင်းရမယ်ဆိုရင် HIV ဟာ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး AIDS ကတော့ ရောဂါ အမည်ဖြစ်ပါတယ်။ HIV ရဲ့ အရှည်ကောက်ဟာ human immunodeficiency virus ဖြစ်ပြီး ဒီဗိုင်းရပ်စ်က သွေးဖြူဆဲလ်တွေကို ဖျက်ဆီးပြီး ကိုယ်ခံအား စနစ်ကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ HIV ဗိုင်းရပ်စ်ဟာ ခန္ဓါကိုယ်ရဲ့ CD4 ဆဲလ်တွေလို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ထိန်းသိမ်းရာမှာ အရေးကြီးဆုံးဆဲလ်တွေကို တိုက်ခိုက်လိုက်ပါတော့တယ်။ အဲ့ဒီအချိန် ခန္ဓါကိုယ်ထံ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။ HIV ဗိုင်းရပ်စ် ကူးစက်ခံရတာ ကြာပြီး မကုသဘဲ ထားမယ်ဆိုရင် AIDS ရောဂါ ဖြစ်လာပါတယ်။ AIDS ရဲ့ အရှည်ကောက်ကတော့ acquired immunodeficiency syndrome ဖြစ်ပြီး ဒီရောဂါဟာ HIV ဗိုင်းရပ်စ် ကူးစက်ခံရခြင်းရဲ့ နောက်ဆုံး အဆင့်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဆေးတွေကိုပုံမှန်သောက်သုံးမယ်၊ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်လက်လှုပ်ရှားမှုရှိမယ်ဆိုရင် HIV ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပြီး AIDS အဆင့်ကို မရောက်ဘဲ သက်တမ်းစေ့နေနိုင်မှာ ဖြစ်ပါတယ်။

    ၁။ HIV ဗိုင်းရပ်စ်ရှိတယ်ဆိုတာနဲ့ သင့်မှာ AIDS ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ (အမှား)

    Human immunodeficiency virus (HIV) ဆိုတာ ခန္ဓါကိုယ်ရဲ့ CD4 ဆဲလ်ဆိုတဲ့ ရောဂါပိုးကို တိုက်ဖျက်ပေးတဲ့ ကိုယ်ခံအား ဆဲလ်တွေကို တိုက်ခိုက် ဖျက်ဆီးတဲ့ဗိုင်းရပ်စ် တစ်မျိုးပါ။ မှန်မှန်ကန်ကန် ဆေးကူသမှု ခံယူထားမယ်ဆိုရင် သင့်အနေနဲ့ HIV ဗိုင်းရပ်စ်တွေကို AIDS ရောဂါအဆင့်ထိ ရောက်မလာအောင် ဆယ်စုနှစ် တစ်ခု အထိ ထိန်းထားလို့ရပါ်တယ်။ AIDS (acquired immunodeficiency syndrome) ဆိုတာကတော့ HIV ဗိုင်းရပ်စ် အပြင် တစ်ခြား ကူးစက်ရောဂါတွေကိုပါ ခံစားနေရတဲ့ ရောဂါစုကို ခေါ်တာ ဖြစ်ပြီး သင့်ရဲ့ CD4 ဆဲလ်က ၁ ကုဗမီလီမီတာမှာ CD4 ဆဲလ် ၂၀၀ (200 cells per cubic millimeter) အောက်ရောက်သွားပြီဆိုဖြစ်လာပါတယ်။ ၁ ကုဗ မီလီမီတာမှာ CD4 ဆဲလ် ၂၀၀ အောက်ကျသွားတဲ့ အခြေအနေကို အဆင့်သုံး HIV ဗိုင်းရပ်စ် အခြေအနေလို့လည်း သတ်မှတ်ကြပါတယ်။

    ၂။ HIV နဲ့ ပတ်သတ်တဲ့ ကူးစက်ရောဂါတွေ Opportunistic infections (OIs) ကို ရှောင်ရှားလို့ မရဘူး။

    (အမှား)

    HIV ဗိုင်းရပ်စ်ရှိနေတဲ့ သူတွေ အနေနဲ့ အဆုတ်ရောင် ရောဂါ (pneumonia)၊ TB ရောဂါ (tuberculosis)၊ ရေယုန်ရောဂါနဲ့ တစ်ခြား ကူးစက်ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ဒီအန္တရာယ်တွေကို ကာကွယ်ဖို့ အတွက် အကောင်းဆုံးကတော့ HIV ဆေးဝါးတွေပါပဲ။ ခန္ဓါကိုယ်ရဲ့ CD4 ဆဲလ်တွေ ၁ ကုဗမီလီမီတာ မှာ CD4 ဆဲလ် ၂၀၀(200 cells per cubic millimeter) အောက်ရောက်လာပြီး AIDS ဆိုတဲ့ HIV ဗိုင်းရပ်စ်အခြေအနေရင့်လာချိန်အထိမရောက်ခင် antiretroviral ကုသမှု လို့ခေါ်တဲ့ HIV ဗိုင်းရပ်စ်ကုသမှု နည်းလမ်းတွေနဲ့ ဆေးဝါးများကို သောက်သုံးရင် ဒီရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကူးစက်ခံထားရသူအနေနဲ့ ထပ်လုပ်နိုင်တာကတော့ ကျက်အောင် မချက်ပြုတ်ထားတဲ့ အသားတွေကို ရှောင်ခြင်း၊ ညစ်ပတ်သော ရေများကို မသောက်သုံးခြင်းဖြင့်လည်း ကူးစက်ရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

    ၃။ ဆေးဝါးတွေက အရမ်းဈေးကြီးတယ်။ (အမှား)

    HIV/AIDS ဆေးဝါးတွေကို အခမဲ့ ဝေမျှပေးနေတဲ့ အစိုးရအဖွဲ့တွေ၊ NGO တွေနဲ့ ဆေးကုမ္ပဏီများစွာရှိပါတယ်။ ဒီဆေးတွေက တစ်နှစ်စာ အတွက်ဆိုရင် ဈေးကြီးပေမဲ့ ကျန်းမားရေး အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီဆေးဝါးတွေကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။

    ၄။ HIV ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်မှာ သိပ်ကြာကြာ အသက်မရှင်ရတော့ဘူး။ (အမှား)

    ဘာကြောင့်လဲဆိုတော့ အခုဆိုရင် HIV နဲ့ပတ်သတ်တဲ့ ဆေးဝါးတွေကို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် HIV ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူတွေ အနေနဲ့ သာမန်လူတွေရဲ့ သက်တမ်း အောက် အနည်းငယ် (သို့) သာမန် သက်တမ်း နီးပါးနေထိုင်နိုင်ကြပါတယ်။ ဆရာဝန်ထံ ပုံမှန်သွားပြခြင်း၊ သောက်သုံးရမယ့် ဆေးတွေကို ပုံမှန်သောက်သုံးခြင်းနဲ့ ဆရာဝန်ရဲ့လမ်းညွန်ချက်တွေ

    အတိုင်း နေထိုင်ခြင်းဖြင့် HIV ဗိုင်းရပ်စ်မှ AIDS ရောဂါ အဆင့် အထိ မပြန့်ပွားလာအောင် ထိန်းထားလို့ရပါတယ်။

    ၅။ HIV ဗိုင်းရပ်စ် ကူးစက်ခံထားရလားဆိုတာကို ရောဂါလက္ခဏာတွေကြောင့် သိရှိနိုင်ပါတယ်။ (အမှား)

    လူတော်တော်များများက HIV ဗိုင်းရပ်စ်ပိုးရဲ့ လက္ခဏာများကို ကူးစက်ခံရပြီး နှစ်ပေါင်းများစွာ ကြာသည် အထိ မသိကြပါဘူး။ ဒါပေမဲ့ တစ်ချို့တွေကျတော့ ကူးစက်ခံရပြီး တစ်ပတ်မှ ၁၀ ရက်အတွင်းမှာ ရောဂါလက္ခဏာတစ်ချို့ကို စတင်ခံစားလာရမှာ ဖြစ်ပါတယ်။ ဒီရောဂါ လက္ခဏာတွေက တုပ်ကွေး ရောဂါနဲ့ mononucleosis လို့ခေါ်တဲ့ Epstein-Barr virus (EBV) ကြောင့် ဖြစ်ရတဲ့ နာတာရှည် အားနည်းတဲ့ ရောဂါတွေရဲ့ လက္ခဏာတွေ နဲ့ တူပြီး အဖျားဝေဒနာ၊ သွေး့ဖြူတစ်ရှုးများ ရောင်ကိုင်းလာခြင်း၊ လည်ချောင်းနာခြင်း၊ အရေပြားတွင် အနီကွက်များထခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဝေဒနာတွေဟာ ရက်သတ္တပတ် အတွက် ပြန်လည်ပျောက်ကင်းသွားတတ်တာမို့ HIV ဗိုင်းရပ်စ် ရှိ၊ မရှိ သိစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ သွေးစစ်ဖို့ပဲ ဖြစ်ပါတယ်။

    ၆။ နှစ်ယောက်လုံးမှာ HIV ဗိုင်းရပ်စ်ရှိနေတယ်ဆိုရင် လိင်ဆက်ဆံဖို့ စိုးရိမ်စရာမလိုတော့ဘူး။ (အမှား)

    သင်ရော သင်အဖော်ဖြစ်သူမှာ ရော HIV ဗိုင်းရပ်စ်ရှိနေတာနဲ့ပဲ လိင်ဆက်ဆံချိန်မှာ အကာအကွယ်တွေ သုံးစရာမလိုတော့ဘူး ဆိုတာ လုံးဝမှားနေပါတယ်။ ဒီလိုမျိုး အဖြစ် ဖြစ်နေတယ်ဆိုရင် ကွန်ဒုံးများကို အသုံးပြုခြင်းဖြင့် လိင်မှ တဆင့် ကူးစက်တဲ့

    ရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်သလို ဆေးရင့်နေတဲ့ HIV ဗိုင်းရပ်စ်ပိုးများကူးစက်ခြင်းမှလည်း ကာကွယ်နိုင်မှာပါ။

    ၇။ HIV ဗိုင်းရပ်စ်ကို ကုသလို့ ရတယ်။ (အမှား)

    လက်ရှိအချိန်ထိ HIV ဗိုင်းရပ်စ်ကို အပြီးသတ်ကုသလို့ရတဲ့ နည်းလမ်း မရှိသေးပါဘူး။ ဒါပေမဲ့ မှန်ကန်တဲ့ ကုသမှု ခံယူမယ်ဆိုရင် ဗိုင်းရပ်စ် အကောင်ရည် ပမာဏ ကို ထိန်းချုပ်ထားနိုင်ပြီးကိုယ်ခံအားစနစ်ကိုလည်း အပျက်အဆီးမများအောင် ထိန်းပေးထားနိုင်ပါတယ်။ HIV ဆေးဝါးတွေထဲမှာ တစ်ချို့ကတော့ HIV ဗိုင်းရပ်စ်ပိုး ပုံတူပွားဖို့ အတွက် လိုအပ်တဲ့ ပရိုတင်းတွေ မရအောင် တားမြစ်ပေးနိုင်ပြီး တစ်ချို့ဆေးဝါးတွေကျတော့ HIV ဗိုင်းရပ်စ်က သူ့ရဲ့ မျိုးရိုးဗီဇတွေကို ကိုယ်ခံအား စနစ်တွင်းမှ ဆဲလ်တွေထဲ ထည့်သွင်းခြင်းကို တားမြစ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ သူတွေ အနေနဲ့ ကုသမှုကို အမြန်ဆုံး ခံယူမယ်ဆိုရင် ဆရာဝန်တွေက HIV ဗိုင်းရပ်စ်တွေရဲ့ လုပ်ဆောင်ပုံတွေကို ထိန်းချုပ်ဖိနှိပ်ပေးနိုင်တဲ့ antiretroviral therapy ကုသမှု ပေးနိုင်မှာ ဖြစ်ပါတယ်။

    ၈။ သာမန် ထိတွေ့ခြင်းကနေပြီး HIV ကူးစက်ခံဖို့ ခက်ခဲတယ်။ (အမှန်)

    HIV ရှိတဲ့ လူတစ်ယောက်ကို ပွေ့ဖက်ခြင်း၊ သဘတ်ကို အတူတကွ သုံးခြင်း၊ ရေခွက် တစ်ခွက် တည်းသောက်ခြင်းကနေ HIV ဗိုင်းရပ်စ် မကူးစက်နိုင်ပါဘူး။ ဒါ့အပြင် သွေးများကို ဆေးရုံများက အထူးဂရုစိုက်ပြီး စစ်ဆေးထားတတ်ကြတဲ့ အတွက် HIV ဗိုင်းရပ်စ်ကို သွေးသွင်းရာမှကူးစက်နိုင်ခြေ တော်တော်နည်းပါးပါတယ်။ သု့်ပေမဲ့ HIV ဗိုင်းရပ်စ်ကို အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးသွားခြင်းနဲ့ သေချာပိုးမသတ်ထားတဲ့ ကိရိယာများနဲ့ တက်တူးထိုးခြင်းတို့ ပြုလုပ်တဲ့ အခါမျိုးမှာတော့ HIV ဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။

    ၉။ ဘယ်သူမဆို HIV ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တယ်။ (အမှန်)

    အမေရိကန်နိုင်ငံမှာဆိုရင် တစ်နှစ်မှာ လူပေါင်း ၃၇၆၀၀ ခန့်က HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရပြီး လူပေါင်း ၁၂၀၀၀ ခန့်ကလည်း AIDS ရောဂါကြောင့် သေဆုံးနေကြပါတယ်။ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ်၊ ကလေးပဲ ဖြစ်ဖြစ်၊ လိင်တူ စိတ်ဝင်စားသူပဲ ဖြစ်ဖြစ်၊ လိင်ကွဲစိတ်ဝင်စားသူပဲ ဖြစ်ဖြစ် အကုန်လုံး HIV ကူးစက်ခံရနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ လိင်တူ ဆက်ဆံသူ အမျိုးသားတွေဟာ တစ်နှစ်ကို ၂၆၃၀၀ ခန့် HIV ဗိုင်းရပ်စ် ကူးစက်ခံနေရပြီး အမျိုးသမီးတွေဟာ ၇၄၀၀ ခန့် HIV ဗိုင်းရပ်စ် ကူးဆက်ခံနေရပါတယ်။ ဒီအထဲမှာမှ လူမျိုးနွယ်အရ ပြောရမယ်ဆိုရင် အာဖရိကန်- အမေရိကန် လူမျိုးတွေဟာ တစ်ခြား လူမျိုးတွေထက် HIV ဗိုင်းရပ်စ် ကူးစက်တာကို ခံစားနေရဆုံးသူတွေ ဖြစ်ကြပါတယ်။

    ၁၀။ HIV-Positive ဆိုရင် ကလေးယူလို့ရတယ်။ (အမှန်)

    မိခင်ဖြစ်သူက HIV ဗိုင်းရပ်စ်ရှိနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားတွေထံ ကူးစက်စေနိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ဆရာဝန်နဲ့ သေချာပြသမယ်၊ မှန်ကန်တဲ့ ဆေးကုသမှု ခံယူမယ်ဆိုရင်တော့ ဒီအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ HIV ဗိုင်းရပ်စ်ကို ဆေးကုသမှု ခံယူနိုင်ပြီး ရင်သွေးများထံ HIV ဗိုင်းရပ်စ် မပြန့်ပွားစေရန်လည်း ကာကွယ်နိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement