backup og meta

HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ အခု (၂၀)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ အခု (၂၀)

    HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ တော်တော်များများ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    HIV ဗိုင်းရပ်စ် အကြောင်း ခြုံငုံသုံးသပ်ချက်

    HIV ဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲမှာရှိရင် ကိုယ်ခံအားစနစ် လျော့နည်းလာပါတယ်။ ဒါကြောင့် အဲ့ဒီအချိန် ခန္ဓာကိုယ်ထံ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။ အချိန်ကြာလာတာနဲ့ အမျှ HIV ဗိုင်းရပ်စ်ဟာ ခန္ဓ,ကိုယ်ရဲ့ CD4 ဆဲလ်တွေလို့ခေါ်တဲ့ ကျန်းမာတဲ့ ကိုယ်ခံအားစနစ် ထိန်းသိမ်းရာမှာ အရေးကြီးဆုံးဆဲလ်တွေကို တိုက်ခိုက်လိုက်ပါတော့တယ်။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဆေးတွေကိုပုံမှန်သောက်သုံးမယ်၊ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်လက်နေထိုင်မှုရှိမယ်ဆိုရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ပါတယ်။

    HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ အခု (၂၀)

    Opportunistic infections (OIs) တွေက အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကြောင့်ဖြစ်ရတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် HIV နဲ့ဆက်နွယ်နေတဲ့ ကူးစက်ရောဂါ (OI) တွေဟာ ခန္ဓာကိုယ်ရဲ့ CD4 ဆဲလ်တွေ ၁ ကုဗ မီလီမီတာမှာ ဆဲလ် ၅၀၀ ရှိနေသေးရင် မဖြစ်သေးပါဘူး။ တကယ့် အသက်အန္တရာယ် ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ ၁ ကုဗမီလီမီတာ မှာ CD4 ဆဲလ် ၂၀၀(200 cells per cubic millimeter) အောက်ရောက်သွားပြီဆိုဖြစ်လာပါတယ်။

    OI ဖျားနာမှုတွေဟာ ကိုယ်ခံအားစနစ်ကောင်းနေတဲ့ လူတစ်ယောက်အပေါ် နည်းနည်းပါးပါး သက်ရောက်တာမျိုး၊ လုံးဝမသက်ရောက်တာမျိုးပဲ ဖြစ်စေနိုင်ပေမဲ့ HIV ဗိုင်းရပ်စ်ရှိနေတဲ့ လူတွေအတွက်တော့ သက်ရောက်မှုက ပြင်းထန်ပါတယ်။ OI ရဲ့ ရောဂါလက္ခဏာတွေဟာ ၁ ကုဗ မီလီမီတာမှာ CD4 ဆဲလ် ၂၀၀ အောက်ကျသွားရင်ဖြစ်ပေါ်လာပြီး ဒီအခြေအနေကို အဆင့်သုံး HIV ဗိုင်းရပ်စ် အခြေအနေလို့ သတ်မှတ်ကြပါတယ်။ ပုံမှန်အားဖြင့် HIV ဗိုင်းရပ်စ်ရှိနေတဲ့ လူဆိုရင်တောင် CD4 ဆဲလ် ၁ ကုဗမီလီမီတာမှာ ၅၀၀ ရှိနေမယ်ဆိုရင် OI ရဲ့ ရောဂါလက္ခဏာတွေကို မခံစားရပါဘူး။

    အောက်မှာတော့ Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် Centers for Disease Control and Prevention အဖွဲ့မှ HIV အဆင့်သုံးဆိုရင် ဖြစ်ပွားတဲ့ ရောဂါ OI ၂၀ ကိုဖော်ပြပေးလိုက်ပါတယ်။

    ၁။ Candidiasis

    ဒါဟာ မှက္ခရု လို့လည်း သိကြတဲ့ သာမန် မှိုရောဂါ ကူးစက်ခြင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒီရောဂါကို မျက်လုံးနဲ့ စတင် မြင်တွေ့ပြီဆိုတာနဲ့ မှိုသတ်ဆေးများနဲ့ ကုသနိုင်ပါတယ်။

    ၂။ Coccidioidomycosis

    ဒါကလည်း ပုံမှန် မှိုကူးစက်ရောဂါဖြစ်ပြီး မကုသဘဲ ထားမယ်ဆိုရင် နမိုးနီးယား (အဆုတ်ရောင် ရောဂါ) အထိဖြစ်စေနိုင်ပါတယ်။

    ၃။ Cryptococcosis

    ဒါကလည်း အဆုတ်ကနေတစ်ဆင့် ဝင်ရောက်တဲ့ မှိုကူးစက်ရောဂါ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါဟာ ဦးနှောက်အထိ လျင်မြန်စွာပျံ့နှံ့နိုင်ပြီး ဦးနှောက်အမြှေးရောင် cryptococcal meningitis ရောဂါ ဖြစ်စေနိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် ဒီမှိုရောဂါက လူသေစေနိုင်ပါတယ်။

    ၄။ Cryptosporidiosis

    ဒီ diarrheaရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်လာနိုင်ပြီး ပြင်းထန်တဲ့ ဝမ်းလျှောခြင်းနဲ့ ဝမ်းဗိုက်ကိုက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

    ၅။ Cytomegalovirus

    ဒီအတွေ့ရများတဲ့ ဗိုင်းရပ်စ်ဟာ အရွယ်ရောက်သူအများစုကို ကူးစက်စေနိုင်ပြီး မျက်လုံးနဲ့ အစာအိမ်အူလမ်းကြောင်းကူးစက်စေနိုင်ပါတယ်။

    ၆။ HIV နဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်ရောဂါများ

    ဒီရောဂါတွေကို HIV နဲ့ ဆက်နွယ်နေတဲ့ ရောဂါကြောင့်ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါတွေလို့လည်း ခေါ်ကြပါတယ်။ ဒီရောဂါတွေဟာ CD4 ဆဲလ် တွေ ၁ ကုဗ မီလီမီတာမှာ ၁၀၀ ထက်နည်းပါးသွားတဲ့ အခါကျရင် ဦးနှောက် ယိုယွင်းပျက်ဆီးခြင်းကို ဖြစ်စေပါတယ်။

    ၇။ ရေယုန် ရောဂါစုများ ( herpes simplex နဲ့ herpes zoster)

    herpes simplex ကတော့ ရေယုန် ဗိုင်းရပ်စ်ရောဂါပိုးတွေကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါ တစ်မျိုးဖြစ်ပြီး နှုတ်ခမ်းနားတွင် ရေယုန်ဖုများပေါက်ခြင်း၊ လိင်အင်္ဂါရောင်ရမ်းခြင်းနဲ့ မျက်မြှေးရောင်နာတို့ကို ဖြစ်စေနိုင်ပါတယ်။ herpes zoster ကတော့ အရည်ပြားပေါ်မှာ အရည်ကြည်ဖုများပေါက်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါတွေကို အမြစ်ပြတ်ကုသဖို့ နည်းလမ်း ယခုအချိန်ထိမရှိသေးပေမဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးဝါးတွေတော့ ရှိနေပြီဖြစ်ပါတယ်။

    ၈။ histoplasmosis

    histoplasmosis ရောဂါဟာ မှိုကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပြီး ဖျားနာခြင်းနဲ့ သွေးအားနည်းရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေကို ပုံမှန်အားဖြင့် ပဋိဇီဝဆေးတွေနဲ့ ကုသလို့ ရပါတယ်။

    ၉။ Isosporiasis

    Isosporiasis ဆိုတာ ကပ်ပါးကောင်များကြောင့် အူလမ်းကြောင်းတွေကို ကူးစက်တဲ့ရောဂါမျိုးဖြစ်ပြီး ဝမ်းလျှောခြင်းနဲ့ အာဟာရ ချို့တဲ့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာ မစင်များကို ကိုင်ပြီး လက်သေချာမဆေးဘဲ အစာ (သို့) ရေတို့ကို သောက်သုံးတဲ့ အခါ ဖြစ်ပေါ်တဲ့ရောဂါမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဒီရောဂါ ကူးစက်နေတဲ့ လူနဲ့ ပါးစပ်ကပဲ လိင်ဆက်ဆံတာပဲ ဖြစ်ဖြစ်၊ စအိုမှ လိင်ဆက်ဆံတာ ပဲဖြစ်ဖြစ် ကူးစက်စေနိုင်ပါတယ်။ လောလောဆယ်တော့ ဒီရောဂါကို ကပ်ပါးကောင်များကို တိုက်ဖြတ်တဲ့ ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။

    ၁၀။ Mycobacterium avium complex

    Mycobacterium avium complex ဆိုတာ ဘတ်တီးရီးယား ကူးစက်ရောဂါပိုးတစ်မျိုးဖြစ်ပြီး ကိုယ်ခံအားစနစ် အလွန်အမင်း ချို့ယွင်းနေတဲ့ လူတွေမှာ ဖြစ်တတ်ပါတယ်။( ၁ ကုဗမီလီမီတာ မှာ CD4 ဆဲလ် ၅၀ အောက်) ဒီဘတ်တီးရီယား သွေးကြောထဲကို ဝင်ရောက်လာပြီဆိုရင် သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။

    ၁၁။ Pneumocystis carinii pneumonia (PCP)

    Pneumocystis carinii pneumonia (PCP) ဆိုတာကတော့ အဆုတ်ရောင်ခြင်းနဲ့ အဆုတ်တွင် အရည်များစုလာခြင်းကို ဖြစ်စေတဲ့ ပြင်းထန်တဲ့ ကူးစက်ရောဂါမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ လေမှ တစ်ဆင့် ပျံ့နှံ့တတ်တဲ့ Pneumocystis jiroveci ဆိုတဲ့ အတွေ့ရများတဲ့ မှိုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ PCP ကို ကာကွယ်ကုသဖို့ မခက်ခဲပါဘူး။ ကိုယ်ခံအားစနစ် ကောင်းနေတဲ့ လူတစ်ယောက်အနေနဲ့ ဒီရောဂါကို သူ့အလိုလို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ HIV ဖြစ်ပွားတဲ့ လူတွေမှာ ဒီရောဂါကို မတားဆီးနိုင်ကြပါဘူး။ ဒီရောဂါဟာ လတ်တလောအချိန်မှာ HIV ဗိုင်းရပ်စ်ပိုးရှိတဲ့ လူတွေအတွက် သေဆုံးနိုင်ခြေ အများဆုံး ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို သေချာ စစ်ဆေးခြင်း၊ ပဋိဇီဝဆေးများနဲ့ ကုသမှု နည်းစနစ်တွေနဲ့ ဒီရောဂါကို လတ်တလောမှာ ကုသလျက်ရှိပါတယ်။

    ၁၂။ နာတာရှည် အဆုတ်ရောဂါ

    နမိုးနီးယား (အဆုတ်ရောဂါ) ဟာ အဆုတ် ၁ ခု (သို့) ၂ ခုလုံးမှာ ဖြစ်ပွားတဲ့ ကူးစက်ရောဂါဖြစ်ပြီး ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်များနဲ့ မှိုများကြောင့် ဖြစ်စေနိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

    ၁၃။ Progressive multifocal leukoencephalopathy (PML)

    PML ဆိုတာကတော့ ဦးနှောက်ရှိ အာရုံကြော ဖိုင်ကာအကာများ (myelin sheath) များကို ပျက်ဆီးစေတဲ့ ရောဂါဖြစ်ပြီး ဒီလိုနာဗ်ကြော အကာတွေ ပျက်ဆီးသွားရင် အာရုံကြောအချက်ပြစနစ်တွေက ရပ်တန့်သွားနိုင်ပြီး အာရုံကြောဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာ ကိုယ်ခံအားစနစ် ယိုယွင်းနေတဲ့ လူတွေမှာပဲ အများဆုံး ဖြစ်တတ်ပြီး CD4 ဆဲလ် ၁ ကုဗမီလီမီတာမှာ ၂၀၀ အောက်ရောက်နေတဲ့ လူတွေမှာ အဖြစ်များပါတယ်။ လောလောဆယ်တဲ့ ဒီရောဂါကို ကုသနိုင်တဲ့ နည်းလမ်းတွေ မရှိသေးပေမဲ့ antiretroviral ကုသမှုတွေလို့ခေါ်တဲ့ HIV လို retrovirus ဗိုင်းရပ်စ်တွေရဲ့ လုပ်ဆောင်မှုတွေကို တားမြစ်ပေးတဲ့ ကုသမှုတွေ လုပ်ကြည့်တဲ့ အခါမှာ တုံ့ပြန်မှု ရှိလာတယ် လို့ သိရပါတယ်။

    ၁၄။ Toxoplasmosis

    Toxoplasmosis ဆိုတာကတော့ Toxoplasma gondii လို့ခေါ်တဲ့ ပရိုတိုဇိုဝါ သတ္တဝါများ ကူးစက်ခြင်းကြောင့်ဖြစ်ပွားတဲ့ ရောဂါဖြစ်ပြီး ပုံမှန်အားဖြင့် သေချာမချက်ပြုတ် ထားတဲ့ အမဲသားများစားသုံးခြင်းနဲ့ ကြောင်မစင်များနဲ့ ထိတွေ့ခြင်းကြောင့် ကူးစက်ခံရတာ ဖြစ်ပါတယ်။ ဒီ ကပ်ပါးကောင် ကူးစက်ရောဂါဟာ CD4 ဆဲလ် ၁ ကုဗမီလီမီတာမှာ ၂၀၀ အောက်နည်းနေတဲ့ လူတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါကို CD4 ဆဲလ်တွေ နည်းလာတဲ့ လူနာတွေမှာ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးထားခြင်းဖြင့် တားဆီးနိုင်ပါတယ်။

    ၁၅။ အဆုတ်နာ တီဘီ (Tuberculosis)

    ဒီရောဂါဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ်ပြီး HIV ဗိုင်းရပ်စ်ရှိနေတဲ့ လူတွေမှာလည်း အလွယ်တကူ ဖြစ်ပွားနိုင်ပါတယ်။ စောစော သိခဲ့မယ်ဆိုရင် ဒီရောဂါကို အောင်အောင်မြင်မြင်ကုသနိုင်ပါတယ်။

    ၁၇။ HIV ကြောင့် ကိုယ်အလေးချိန်လျော့ကျခြင်း

    ဒီလို ကိုယ်အလေးချိန်လျော့ကျမှုဟာ ဝမ်းလျှောခြင်းနဲ့ အားနည်းခြင်းတို့ကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်း အထိ လျော့ကျတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဒီဝေဒနာကို အာဟာရ စီစဉ်ပြီး စားသုံးခြင်းနဲ့ antiretroviral ကုသမှုတွေလို့ခေါ်တဲ့ HIV လို retrovirus ဗိုင်းရပ်စ်တွေရဲ့ လုပ်ဆောင်မှုတွေကို တားမြစ်ပေးတဲ့ ကုသမှုတွေနဲ့ ကုသပေးနိုင်ပါတယ်။

    ၁၈။ Kaposi’s sarcoma

    Kaposi’s sarcoma ဆိုတာ AIDS ရောဂါနဲ့ ဆက်နွယ်နေတဲ့ ရှားပါးအကျိတ်များဖြစ်ပေါ်တဲ့ ကင်ဆာမျိုး ဖြစ်ပြီး ၁၈၇၂ နှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ Dr. Moritz Kaposi ကို ဂုဏ်ပြုပြီး အမည်ပေးခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်။ Kaposi’s sarcom ဟာ ကိုယ်ခံအားစနစ်က အားနည်းသွားတဲ့ အခါ ပေါ်လာတဲ့ ရောဂါ ဖြစ်ပြီး အနီရောင်နဲ့ ခရမ်းရောင် အပိန့်တွေ အရည်ပြား၊ ခြေထောက်နဲ့ လက်တို့မှာ ဖြစ်ပေါ်စေပါတယ်။ လောလောဆယ်မှာတော့ ဒီရောဂါကို ဓာတုကုထုံးများနဲ့ အကျိတ်များကိုရှုံ့သွားစေရန် ကုသလျက်ရှိပြီး CD4 ဆဲလ် ပမာဏကို တိုးမြှင့်စေရန်အတွက် Antiretroviral ကုသမှုတွေနဲ့လည်း ကုသလျက်ရှိပါတယ်။

    ၁၉။ Lymphoma ( သွေးရည်ကြည်တစ်ရှုးများကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ပေးနိုင်သော အကျိတ်များ )

    HIV ဗိုင်းရပ်စ် ရှိတဲ့ လူတွေမှာ ကင်ဆာရောဂါမျိုးစုံ ဖြစ်ပွားနိုင်ပါတယ်။ ကုသမှုတွေကတော့ လူနာရဲ့ ကင်ဆာအမျိုးအစားနဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။

    ၂၀။ သားအိမ်ခေါင်း ကင်ဆာ (Cervical cancer)

    HIV ဗိုင်းရပ်စ် ရှိနေတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ ဒါ့အပြင် ဒီကင်ဆာကို ကုသတဲ့ အခါမှာလည်း အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကြောင့် ကုသတဲ့ အခါမှာ စိန်ခေါ်မှုတွေရှိနေပါတယ်။

    HIV ဗိုင်းရပ်စ်နဲ့ တွဲပြီး ဖြစ်လေ့ရှိတဲ့ ကင်ဆာများ

    ဒီလို OI တွေ (opportunistic infection) ရောဂါ တစ်ခု နဲ့ အထက်ဖြစ်ပွားနေပြီဆိုရင် CD4 ဆဲလ် ပမာဏကို မထည့်တွက်သေးဘဲ ဒီအခြေအနေကို HIV အဆင့် ၃ လို့ သတ်မှတ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ OI တွေဟာ HIV ဗိုင်းရပ်စ် ရှိနေတဲ့ လူတွေအတွက် သေဆုံးမှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ antiretroviral therapies (HAART) ကုသမှုတွေနဲ့ ကြိုတင်ကာကွယ်ခြင်းတွေက ဒီရောဂါတွေကို တားဆီးပေးနိုင်ပါတယ်။

    HIV ဗိုင်းရပ်စ် ကူးစက်ခံထားရရင်တောင် ကျန်းမာစွာနေထိုင်ခြင်း

    ဆရာဝန်တွေ ညွှန်ကြားထားတဲ့ ဆေးဝါးသောက်သုံးမှု ပုံစံတွေ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်တွေက HIV ရှိနေတဲ့ လူတွေရဲ့ သက်တမ်းကို အများကြီး ရှည်လာစေနိုင်ပါတယ်။ HIV ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေ အနေနဲ့ ဒီ OI တွေကို အောက်ပါ အချက်လေးတွေနဲ့ ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

    • ဆရာဝန်က ညွှန်ကြားတဲ့ antiretroviral ကုသမှုတွေနဲ့ ကြိုတင်ကာကွယ်ဆေးတွေကို ပုံမှန်သောက်သုံးခြင်း၊
    • ကာကွယ်ဆေးထိုးခြင်း၊
    • လိင်ဆက်ဆံမယ်ဆိုရင် တစ်ခြားသော လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံးကို ပုံမှန် အသုံးပြုခြင်း၊
    • တားမြစ်ဆေးများနဲ့ ဆေးထိုးအပ် ဝေမျှ သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း၊
    • လူ အရောက်အပေါက်များတဲ့ နေရာတွေမှာ အလုပ်လုပ်မယ်ဆိုရင် ကာကွယ်မှု အလုံအလောက်ထားခြင်း၊
    • အသားငါး စိမ်းများနဲ့ မကျက်သေးသ၍ မစားသုံးခြင်း၊
    • အစားအစာ စားဖို့ပြင်တဲ့ အခါလက်များကို စင်အောင် ဆေးကြောခြင်း၊
    • သန့်စင်ထားတဲ့ ရေကိုသာ သောက်သုံးခြင်း။

    နိဂုံးချုပ်

    ဗိုင်းရပ်စ် တိုက်ဖျက်ဆေးဝါးတွေ (Antiviral) နဲ့ ကျန်းမာရေးနဲ့ လျော်ညီတဲ့ နေထိုင်မှု ပုံစံတွေက OI ရောဂါတွေ ဖြစ်ပွားခြင်းကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ပေါ်လာခဲ့တဲ့ ဆေးဝါးတွေဟာ HIV ဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေရဲ့ သက်တမ်းကို သိသိသာသာ မြှင့်တင်ပေးလာနိုင်ခဲ့ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement