backup og meta

HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ

    HIV ပိုးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိပါ လူတွေ မှားယွင်းစွာသိထားတဲ့ အလွဲတွေ အများကြီးရှိပါတယ်။ ဒီအလွဲတွေကြောင့်ပဲ HIV ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေရဲ့ အကြောက်တရားက ပိုလာသလို ပတ်ဝန်းကျင်ရဲ့ နှိမ့်ချဆက်ဆံမှုတွေဟာလည်း ဆိုးသထက် ဆိုးလာပါတယ်။ ဒီဆောင်းပါးလေးမှာ HIV ပိုးကူးစက်ပုံတွေ၊ ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေသိထားတဲ့အလွဲတွေအကြောင်း ဖြေရှင်းပေးချင်ပါတယ်။ ကဲ …. HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ အကြောင်း လေ့လာလိုက်ဦးစို့နော်။

    HIV ဆိုတာဘာလဲ။

    ခုခံအားစနစ်ကို အားနည်းအောင် တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ HIV ပိုးဟာ သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်၊ မိခင်နို့ရည်မှာ ပါရှိတတ်ပြီး ဒီအရည်တွေက တခြားသူတစ်ယောက်ရဲ့ သွေးထဲကို တိုက်ရိုက်ဝင်မှသာ ရောဂါပိုး ကူးစက်ခံရတာဖြစ်ပါတယ်။

    HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ

    HIV ပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တယ်ဆိုပေမယ့် လူတွေသိထားသလို အသားချင်းထိလို့၊ နမ်းလို့၊ ပစ္စည်းတစ်ခုကို အတူသုံးစွဲတာ၊ တစ်အိမ်တည်း အတူနေတာနဲ့ မကူးစက်နိုင်ပါဘူး။ ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးမယ်ဆိုရင် ရောဂါပိုးကို တခြားသူဆီ မကူးစက်အောင် ထိန်းပေးနိုင်သလို သွေးထဲမှာရှိတဲ့ ပိုးတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။

  • HIV ပိုး အများဆုံးကူးစက်ခံရတဲ့ အကြောင်းရင်း
  • အကာအကွယ် မပါဘဲ လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော် တစ်ဦးထက် ပိုများတာ၊ လိင်အပျော်အပါး လိုက်စားတာ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲတာ၊ ပိုးရှိသူ မိခင်က ပိုးထိန်းဆေး သေချာမသောက်တာတွေဟာ HIV ပိုးကူးစက်ခံရတဲ့ အဓိကအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

    • HIV က နမ်းရုံနဲ့ ကူးစက်နိုင်လား။

    လုံးဝမကူးစက်နိုင်ပါဘူး။ တံတွေးထဲမှာ ပါနေတဲ့ အင်ဇိုင်းဓာတ်ဟာ HIV ဗိုင်းရပ်စ်ပိုး သူများကို မကူးခင်မှာတင် သတ်ပစ်လိုက်တဲ့အတွက် နောက်ထပ် မပြန့်ပွားစေတော့ပါဘူး။ ဒါကြောင့် နမ်းတာ၊ လျှာချင်းထိတာ၊ တံတွေးချင်းဖလှယ်တာ အစရှိတဲ့ နမ်းတဲ့ပုံစံတွေကြောင့် ကူးစက်တာမျိုးမရှိပါဘူး။

    အလွန်ရှားပါးလွန်းတဲ့ ဖြစ်စဉ်ကတော့ ပိုးရှိတဲ့သူရဲ့ ပါးစပ်မှာ အကြောင်းအမျိုးမျိုးကြောင့် သွေးထွက်နေတာ၊ ပိုးမရှိတဲ့သူရဲ့ ပါးစပ်မှာ အနာဖြစ်နေတာ၊ ပွန်းပဲ့ပြီး ဒဏ်ရာဖြစ်နေရင်တော့ ကူးစက်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ဒီလို ကူးစက်ဖို့ ရာခိုင်နှုန်းဟာ အလွန်ကိုနည်းတယ်လို့ ဆိုနိုင်ပါတယ်။

    HIV ပိုး မကူးစက်နိုင်တဲ့ နည်းလမ်းတွေက ဘာတွေလဲ။

    • ပွေ့ဖက်နမ်းရှုံ့တာ
    • အသားချင်းထိတာ
    • ချွေး၊ တံတွေးချင်းထိတာ
    • တစ်အိမ်တည်း အတူနေတာ
    • မုန့်တစ်ခုတည်းကို မျှစားတာ
    • လက်ကိုင်တာ
    • လေထဲကတစ်ဆင့်
    • အိမ်သာ၊ ရေချိုးခန်း အတူသုံးစွဲတာ
    • ပိုးကောင်၊ တိရစ္ဆာန်တွေ အကိုက်ခံရတာ
    • ဆီး
    • ခြောက်နေတဲ့ သုက်ရည်၊ သွေးကနေတစ်ဆင့် မကူးစက်နိုင်ပါဘူး။

    HIV ပိုးကူးစက်ခံရခြင်း ကင်းဝေးစေဖို့ ဘယ်လိုဂရုစိုက်နေထိုင်မလဲ။

    ၁။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးဖြစ်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို အသုံးပြုပါ။

    ၂။ ကိုယ့်မှာ HIV ပိုးကူးနိုင်တဲ့ အမူအကျင့်တွေ ရှိတယ်ဆိုရင် ဆေးပုံမှန်စစ်ပါ။

    ၃။ HIV ပိုးရှိတယ်ဆိုရင် ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးပါ။

    ၄။ ကိုယ့်မှာ ရောဂါပိုးရှိတဲ့အကြောင်းကို မိသားစုဝင်၊ အိမ်ထောင်ဖက်၊ ချစ်သူကို ပြောပြထားပါ။

    ၅။ ရောဂါပိုးရှိတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်မယ်ဆိုရင် မွေးလာမယ့်ကလေးကို ပိုးမကူးစက်စေဖို့ ART ဆေး ပုံမှန်သောက်ပြီး ကာကွယ်ပေးနိုင်ပါတယ်။

    ၆။ ဆေးထိုးအပ်ကို တခြားသူနဲ့ မျှဝေမသုံးစွဲပါနဲ့။ သုံးပြီးသား ဆေးထိုးအပ်တွေကို ထပ်ခါထပ်ခါ ပြန်မသုံးပါနဲ့။

    ၇။ ပါးစပ်ဖြင့် လိင်ဆက်ဆံမယ်ဆိုလည်း ကွန်ဒုံးကို အသုံးပြုပါ။ အထူးသဖြင့် ပါးစပ်ထဲ သုက်မလွှတ်မိစေဖို့၊ တခြား ပွန်းပဲ့ဒဏ်ရာ၊ အနာတွေ မရှိစေဖို့ ဂရုစိုက်ပါ။

    HIV ပိုးကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးပညာ မပေါ်လာသေးဘူးဆိုပေမဲ့ ပိုးကို ထပ်မပြန့်ပွားအောင် ထိန်းပေးနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ရောဂါပိုးရှိမှန်း သိသိချင်း ကုသမှုခံယူမယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေထိုင်သွားနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement