backup og meta

နှလုံးမကောင်းရင်ဘာတွေဖြစ်နိုင်သလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးမကောင်းရင်ဘာတွေဖြစ်နိုင်သလဲ

    နှလုံးဆိုတဲ့အစိတ်အပိုင်းဟာ ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာအထူးပြောပြနေစရာတောင်လိုမယ်မထင်ပါဘူး။ စက္ကန့်နဲ့အမျှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သွေးတွေကို တစ်ကိုယ်လုံးနေရာအနံှ့ရောက်အောင်ညှစ်ထုတ်ပေးနေသလို အခြေအနေအရလိုအပ်လာရင်လည်း ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ပေးရပါသေးတယ်။ ဒီလိုပိုအားစိုက်ထုတ်ရတဲ့အကြိမ်ရေများလာရင် နှလုံးကြွက်သားတွေလည်း ပိုထူထဲလာပြီး သွေးကြောတွေကလည်း သွေးပမာဏများများပို့ပေးနိုင်အောင် ညှစ်ရတဲ့အတွက် ပုံမှန်ထက်ပိုကျဉ်းလာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ နှလုံးကြွက်သားတွေပိုအားနည်းလာပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သွေးပမာဏမထောက်ပံ့ပေးနိုင်တော့ဘူးဖြစ်လာပါမယ်။ သွေးနဲ့အတူပါဝင်တဲ့အောက်ဆီဂျင်ပါ မရရှိတော့တဲ့နောက် မူးဝေေ၀ဖြစ်တာ၊ အသက်ရှုမဝတာ၊ ခြေလက်ဖောရောင်တာလို လက္ခဏာတွေပြပြီး နောက်ဆုံးနှလုံးမကောင်းတော့တဲ့ အခြေအနေဆီ ဦးတည်သွားပါတော့တယ်။

    တကယ်တော့ နှလုံးမကောင်းတဲ့ပြဿနာက ပျောက်ကင်းအောင် ပြန်ကုသလို့မရဘဲ ရောဂါပိုမဆိုးလာအောင် ဆေးသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ဆင်ခြင်တာ၊ ခွဲစိတ်ကုသတာမျိုးတွေပဲ ပြုလုပ်နိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ နှလုံးမကောင်းရင် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ပြောပြလိုက်ရပါတယ်။

    နှလုံးခုန်စည်းချက်မမှန်တော့ခြင်း

    ပုံမှန်နှလုံးတစ်ခုမှာ နှလုံးရဲ့သွေးလွှတ်ခန်း၊ သွေးညှစ်ခန်း ၄ ခန်းက စည်းချက်ညီညီအလုပ်လုပ်ပြီး တစ်ကိုယ်လုံးကို သွေးတွေပျံ့နှံ့ရောက်ရှိစေပါတယ်။ ဒါပေမဲ့ နှလုံးကြွက်သားတွေမကောင်းတော့ရင် အလုပ်လုပ်တာစည်းချက်မမှန်တော့ဘဲ ပုံမှန်ထက် နှလုံးခုန်နှေးသွားတာ၊ မြန်လာတာ၊ စည်းချက်မမှန်တာတွေဖြစ်လာပါတေ့တယ်။ ဒီပြဿနာဖြစ်လာရင် သွေးတွေပုံမှန်မဟုတ်ဘဲ စုပုံလာပြီး သွေးခဲဖြစ်သွားတတ်ပါတယ်။ သွေးခဲကသွေးကြောတလျှောက်ဖြတ်သန်းသွားပြီး ရောက်တဲ့နေရာတိုင်းမှာ ပြဿနာကြီးကြီးမားမားပေးတတ်ပါတယ်။ ဥပမာ ဦးနှောက်ထဲမှာသွေးခဲပိတ်ရင် လေဖြတ်သွားတာ၊ အဆုတ်ထဲရောက်သွားပြီး အဆုတ်သွေးခဲပိတ်တာ စတာတွေခံစားရနိုင်ပါတယ်။

    နှလုံးအဆို့ရှင်များပျက်စီးလာခြင်း

    နှလုံးရဲ့သွေးလွှတ်ခန်း၊သွေးညှစ်ခန်း ၄ ခန်းမှာ အဆို့ရှင်လေးတွေရှိပါတယ်။ အခန်းတစ်ခန်းကနေ တစ်ခန်းကိုသွေးပို့လွှတ်တဲ့အခါ ဒီအဆို့ရှင်တွေက စည်းချက်ညီညီဖွင့်လိုက်ပိတ်လိုက်လုပ်ပေးပါတယ်။ နှလုံးက ပုံမှန်ထက်ပိုအလုပ်လုပ်ရပြီး ဒဏ်ဖြစ်လာတဲ့အခါ ဒီအဆို့ရှင်တွေပါ တဖြည်းဖြည်းပျက်စီးကုန်ပါတော့တယ်။

    ကျောက်ကပ်ပျက်စီးသွားခြင်း

    ကျောက်ကပ်ဟာလည်း ခန္ဓာကိုယ်ကအစိတ်အပိုင်းတစ်ခုပဲမို့ ပုံမှန်အလုပ်လုပ်နိုင်အောင်သွေးလိုအပ်ပါတယ်။ လိုအပ်တဲ့သွေးပမာဏလုံလုံလောက်လောက်မရရင် ကျောက်ကပ်တွေဟာကိုယ်တွင်း အညစ်အကြေးစွန့်ထုတ်တဲ့အလုပ်ကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး၊ ဒီအခါ ကျောက်ကပ်တွေတဖြည်းဖြည်းပျက်စီးလာပါတယ်။ ကျောက်ကပ်ပျက်စီးတာကို ကျောက်ကပ်မှန်မှန်ဆေးပေးတာ ဒါမှမဟုတ် ကျောက်ကပ်အစားထိုးတဲ့နည်းတွေနဲ့ကုသနိုင်ပါတယ်။

    သွေးပေါင်ချိန်မြင့်လာခြင်း

    ကျောက်ကပ်တွေက ကိုယ်တွင်းအညစ်အကြေးတွေတင်မဟုတ်ဘဲ ပိုလျှံနေတဲ့ရေတွေကိုလည်း စွန့်ထုတ်ပေးပါသေးတယ်။ ကျောက်ကပ်ပျက်စီးသွားရင် ကိုယ်တွင်းမှာရေဓာတ်တွေစုပုံလာပြီး သွေးပေါင်ချိန်ကိုပုံမှန်ထက် မြင့်တက်လာစေပါတယ်။

    အသည်းပျက်စီးခြင်း

    အသည်းကလည်း ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဖြိုခွဲဖျက်ဆီးပေးပြီး စွန့်ထုတ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ နှလုံးမကောင်းတဲ့အခါ အသည်းအတွက်လိုအပ်တဲ့သွေးပမာဏကိုနှလုံးက ပိုသုံးစွဲရတာကြောင့် အသည်းလည်းပုံမှန်လုပ်ငန်းတွေမလုပ်နိုင်တော့ပါဘူး။

    အဆုတ်ရေဝိုင်းခြင်း

    မကောင်းတဲ့နှလုံးက အဆုတ်ထဲကသွေးတွေကို အချိန်မီပြန်မသန့်စင်ပေးနိုင်တော့ပါဘူး။ ဒီအခါ အဆုတ်ထဲပြန်ဝင်တဲ့သွေးတွေကြောင့် အဆုတ်သွေးပြန်ကြောဖိအားမြင့်တက်လာစေပါတယ်။ အဆုတ်ရဲ့လေအိတ်ငယ်လေးတွေထဲအထိ ရေတွေဝင်လာတဲ့အခါမှာတော့လူနာအနေနဲ့ အသက်ဝအောင်ရှုဖို့ခက်ခဲသွားပါတော့တယ်။ ဒါကိုအဆုတ်ရေဝိုင်းခြင်းလို့ ခေါ်ဆိုပါတယ်။

    ရေးသားသူ – Dr. Htoo Tint Ko Ko

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement