backup og meta

ထိခိုက်ဒဏ်ရာရရင် လုပ်ရမယ့်အချက် ၁၀ ချက်


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိခိုက်ဒဏ်ရာရရင် လုပ်ရမယ့်အချက် ၁၀ ချက်

    လူတိုင်းကနေ့စဉ်လှုပ်ရှားသွားလာနေကြရင်း မမျှော်လင့်ဘဲ အသေးစားထိခိုက်မှုတွေကနေစလို့ ကြီးကြီးမားမားထိခိုက်တာမျိုးတွေအထိ အမျိုးမျိုးကြုံတွေ့ရနိုင်ပါတယ်။ ချက်ရင်းပြုတ်ရင်းနဲ့ လက်မှာရုတ်တရက် ဓါးရှတာ၊အပူလောင်တာမျိုးဖြစ်နိုင်သလို၊ သွားရင်းလာရင်းချော်လဲတာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ထိခိုက်မိတာကြောင့်ပဲဖြစ်ဖြစ် ထိခိုက်ပြတ်ရှတဲ့ ဒဏ်ရာတွေဖြစ်နိုင်ပါတယ်။ အခုလိုမျိုးဆောင်းရာသီမှာဆိုရင် အနာမရင်းအောင်ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ အနာတစ်ခုခုရလာတဲ့အခါသေသေချာချာ ဂရုမစိုက်ဘဲထားမယ်ဆိုရင် အနာပိုးဝင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်လာနိုင်ပါတယ်။

    ကိုယ်တိုင်ထိခိုက်မိတဲ့အခါမျိုးပဲဖြစ်ဖြစ် မိသားစုဝင်တွေ၊မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ထိခိုက်ရှနာတွေဖြစ်တဲ့အခါ ဘယ်လိုတွေလုပ်ပေးရမလဲဆိုတာကို အမှုမဲ့အမှတ်မြ့ဲဖစ်နေတတ်ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားနိုင်စေဖို့အတွက် ပြန်မျှဝေပေးလိုက်ပါတယ်။

    ၁) လက်တွေကိုအရင်သန့်အောင်ဆေးကြောပေးပါ

    အနာတစ်ခုခုရတဲ့အခါ အရင်ဆုံးလုပ်ရမှာက အနာကိုမကိုင်ခင်မှာ လက်တွေကိုအရင်သန့်အောင်ဆေးဖို့ပါ။ ဒါမှပဲ အနာထဲကို ပိုးဝင်တာတွေမဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်သလို အခြားအန္တရာယ်ဖြစ်စေတဲ့အရာမဝင်ရောက်စေမှာဖြစ်ပါတယ်။ အနာကိုမကိုင်ခင်လက်ကိုအရင်ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်အောင်ဆေးကြောပေးပြီးရေခြောက်အောင်အရင်သုတ်ဖို့ မမေ့ပါနဲ့။ရေအခက်အခဲရှိနေရင်တော့ လက်သန့်ဆေးရည်သုံးပြီး လက်ကိုအရင်သန့်စင်လိုက်ပါ။

    ၂)သွေးတိတ်အောင်လုပ်ပါ

    အနာပေါ်ကို အဝတ်စသန့်သန့်တစ်ခုနဲ့ဖိထားပြီး အရင်ဆုံးသွေးတိတ်အောင်လုပ်ရပါမယ်။ မိနစ်အနည်းငယ်ကြာအနာပေါ်ကို ဖိထားပြီးသွေးတိတ်အောင်လုပ်ရပါမယ်။

    ၃) အနာကိုဆေးကြောပါ

    သွေးတိတ်အောင်လုပ်ပြီးလို့ အနာကသွေးတိတ်သွားတဲ့အခါ အနာကိုရေခပ်အေးအေးလေးနဲ့ဆေးကြောလိုက်ပါ။ရေကသန့်ရှင်းမှုရှိဖို့တော့လိုပါတယ်။ အနာတဝိုက်ကိုရေစိုဝတ်တစ်ခု နဲ့ ဆပ်ပြာကိုသုံးပြီးသန့်စင်ပေးပါ။ အနာပေါ်ကို ဆပ်ပြာနဲ့ဆေးတာမျိုးမလုပ်ပါနဲ့။hydrogen peroxide (သို့မဟုတ်) iodine ကိုသုံးပြီးအနာဆေးတာမျိုးလည်းမလုပ်ပါနဲ့။ အနာကို ကျိန်းစပ်တာမျိုးဖြစ်စေနိုင်လို့ပါ။

    ၄)ရေခဲကပ်ပေးပါ

    အမြဲလုပ်ရမယ်တော့ မဟုတ်ပါဘူး။ အနာကတော်ရုံနဲ့သွေးမတိတ်တဲ့အခါမျိုးမှာသွေးထွက်မလွန်စေဖို့ အနာကိုရေခဲကပ်ပေးပါ။ ရာသီဥတုပူလွန်းတာကြောင့်သွေးတော်ရုံနဲပမတိတ်တဲ့အခါမျိုးမျာလည်း အဝတ်စ သန့်သန့်ထဲကိုရေခဲတုံးလေးတွေထည့်ပြီး အနာကို ကပ်ပေးလို့ရပါတယ်။ ဆီပူလောင်တဲ့ဒစ်ရာနဲ့ရေနွေးပူလောင်တဲ့ ဒဏ်ရာတွေကိုတော့ရေခဲမကပ်ရပါဘူး။ အနာပိုဆိုးသွားစေနိုင်တာကြောင့်ပါ။ရေအေးအေးနဲ့ဆေးပြီး အပူလောင်ရင်လူးတဲ့ ဂျယ်လ်ပုံစံဆေးတစ်မျိုးမျိုးလိမ်းပေးရင်ကိုရပါပြီ။

    ၅) အရက်ပြန်သုံးပြီး အနာကိုသန့်စင်ပေးပါ

    အနာကိုရေနဲ့ဆပ်ပြာအသုံးပြီးဆေးကြောပြီးတဲ့အခါ အနာကိုရေခြောက်အောင်သုတ်ပေးပြီး အရက်ပြန်နဲ့ဆေးကြောပေးပါ။ ဂွမ်းစလေးမှာ အရက်ပြန်စုပ်ပြီး ဆေးကြောပေးလို့ရပါတယ်။ ပိုးဝင်တာနဲ့ အနာထဲကအရာတွေကိုသန့်စင်သွားစေဖို့အတွက်ဖြစ်ပါတယ်။

    ၆) အနာထဲမှာ ကပ်ညှိနေတဲ့ဖုန်မှုန့်တွေနဲ့ အမှိုက်စလိုအရာတွေကိုဖယ်ရှားပါ

    အနာကိုအဆင့်ဆင့်ဆေးကြောပြီးပေမယ့် မပြောင်စင်ဘဲကျန်နေတဲ့ အမှိုက်စ၊ဖန်ကွဲစလိုမျိုးသေးသေးမွှားမွှားလေးတွေကို ဇာဂနာမှာအရက်ပြန်စွတ်ပြီး တစ်စချင်းစီသေသေချာချာဖယ်ရှားဖို့လိုပါလိမ့်မယ်။

    ၇) ပိုးဝင်ပြီးအနာရင်းတာမျိုးမဖြစ်အောင် ပဋိဇီဝဆေးတစ်ခုခုလိမ်းပေးပါ

    အနာကသွေးလည်းတိတ်သွားပြီ သန့်လည်းသန့်စင်သွားပြီဆိုရင် အနာထဲပိုးမဝင်စေဖို့နဲ့ ပတ်ဝန်းကျင်က ဖုန်မှုန့်လိုမျိုး မသန့်ရှင်းတဲ့အရာတွေမဝင်ရောက်အောင်ကာကွယ်တဲ့အနေနဲ့ ပဋိဇီဝဆေးတစ်မျိုးမျိုး လိမ်းပေးထားသင့်ပါတယ်။ အိမ်တိုင်းမှာ အနာဖြစ်လာရင်လူး ဖို့ ပဋိဇီဝဆေးတစ်မျိုးမျိုးတော့ဆောင်ထားသင့်ပါတယ်။ ဒီဆေးကိုတစ်နေ့ တစ်ကြိမ်ကနေ ၂ကြိမ်လောက်အထိ အနာမကျက်မချင်းလူးပေးရပါမယ်။

    ၈) အနာကို ပလာစတာကပ်တာ (သို့မဟုတ်) ပတ်တီးစည်းထားတာမျိုးလုပ်ရပါမယ်

    အနာထဲကို ဖုန်မှုန့်တွေနဲ့ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင်ကာကွယ်တဲ့အနေနဲ့ အနာပေါ်မှာ ပလာစတာကပ်တာ (သို့မဟုတ်) ပတ်တီးစည်းထားတာမျိုးလုပ်ဖို့လိုအပ်ပါတယ်။ အနာအရွယ်အစားပေါ်မူတည်ပြီး ပလာစတာကပ်မလား၊ ပတ်တီးစည်းမလားဆိုတာက ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ပြတ်ရှဒဏ်ရာလောက်ကိုတော့ ပလာစတာကပ်တာအကောင်းဆုံးပါ။

    ပတ်တီးစည်းတဲ့အခါမှာလည်း အရမ်းတင်းတင်းကျပ်ကျပ်စည်းတာကသွေးလည်ပတ်မှုကို ထိခိုက်စေနိုင်တာကြောင့် အရမ်းတင်းတင်းမစည်းသင့်ပါဘူး။ရေချိုးတဲ့အခါမှာလည်း အနာကိုရေထိမိတာမျိုးမဖြစ်အောင်သေသေချာချာကာကွယ်ဖို့လိုပါလိမ့်မယ်။ အနာပေါ်မှာ ကပ်ထားတဲ့ ပလာစတာပဲဖြစ်ဖြစ် ပတ်တီးပဲဖြစ်ဖြစ်ရေစိုနေမယ်၊ ညစ်ပေနေမယ်ဆိုရင် အသစ်လဲပေးရပါမယ်။ဖြစ်နိုင်ရင်နေ့တိုင်းလဲပေးတာက ပိုကောင်းပါတယ်။ ပိုးမဝင်အောင်ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။

    ၉) အနာပိုးမဝင်အောင်ဂရုစိုက်ရပါမယ်

    အနာကို ၄၈ နာရီကြာတိုင်း စစ်ဆေးဖို့လိုပါလိမ့်မယ်။ အနာကိုနေ့တိုင်း တစ်နေ့တစ်ကြိမ်စစ်ဆေးတာကတော့အကောင်းဆုံးပါ။ အနာရဲ့အခြေအနေကိုသိရဖို့ အနာပေါ်မှာဖုံးအုပ်ထားတဲ့ ပတ်တီးတွေ၊ပလာစတာတွေကို ဂရုတစိုက်ဖယ်ဖို့လိုပါတယ်။ အနာမှာ ပတ်တီးစတွေကပ်နေတယ်ဆိုရင်ရေနွေးသုံးပြီးဖြည်းဖြည်းချင်းခွာပေးဖို့လိုပါတယ်။ပြီးရင်တော့ အနာကို သန့်ပြီးဆေးထပ်ထည့်ပေးရပါမယ်။ အနာထဲပိုးဝင်တာ၊ အနာရင်းတာ၊ရောင်ရမ်းတာမျိုးတွေမဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။ အနာပိုးမဝင်စေဖို့အတွက် အနာကိုရေစိုတာတွေ၊ ညစ်ပေတဲ့အရာတွေနဲ့ ထိတွေ့တာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။ အနာကပိုးဝင်ပြီးရင်းတာ၊ရောင်နေတာ၊ အနာတဝိုက်နီရဲနေတာ၊ပြည်တည်နေတာမျိုးဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ဆီကိုသွားရောက်ပြသဖို့လိုပါလိမ့်မယ်။

    ထိခိုက်ဒဏ်ရာရထားတဲ့သူတစ်ယောက်ယောက်ဖျားနေမယ်ဆိုရင်တော့ အဖျားတိုင်းကြည့်ပြီး အဖျားက ၁၀၀.၄ ဒါမှမဟုတ်အဲဒီထက်ကျော်နေမယ်ဆိုရင် အနာပိုးဝင်တာကြောင့်ဖျားတာမျိုးဖြစ်နိုင်တဲ့အတွက် နီးစပ်ရာဆေးခန်းကို ချက်ချင်းသွားပြတာကအကောင်းဆုံးဖြစ်ပါတယ်။

    ၁၀) အနာကို ကုတ်တာ ဖဲ့တာမျိုးမလုပ်ပါနဲ့

    အနာကဖြစ်ခါစမှာနာတယ်ဆိုပေမယ့် တဖြည်းဖြည်းချင်း အနာကျက်လာတဲ့အခါ အသားကတင်းလာပြီး ယားယံတာမျိုးဖြစ်လာနိုင်ပါ တယ်။ အဲ့လိုမျိုး အနာကယားတယ်လို့ ခံစားရတဲ့အခါမျိုးမှာ အနာကို ကုတ်တာဖဲ့တာမျိုးမလုပ်ပါနဲ့။ အနာဖတ်လန်တာကို ဆွဲခွာတာမျိုးမလုပ်မိဖို့လည်း လိုပါတယ်။ အနာကမကျက်ဘဲဖြစ်နေမယ်ဆိုရင် အနာကထပ်ဖြစ်ပြီး အမာရွတ်ကျန်ခဲ့တာမျိုးဖြစ်နိုင်ပါတယ်။

    ကိုယ်တိုင်ပဲဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေမှာပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရလာတဲ့အခါ အပေါ်မှာဖော်ပြထားတဲ့ နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ပေးပြီး အနာရင်းတာ ပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်မယ်ထင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement