backup og meta

ဒဏ်ရာတစ်ခုကို စနစ်တကျဂရုစိုက်ပုံအဆင့်ဆင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒဏ်ရာတစ်ခုကို စနစ်တကျဂရုစိုက်ပုံအဆင့်ဆင့်

    ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လာပြီဆိုရင် ရုတ်တရက်ချက်ချင်းတော့ ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြပါတယ်။ ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေမှာဖြစ်လာခဲ့ရင်စနစ်တကျ ကုသစောင့်ရှောက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ မလိုလားအပ်တဲ့အကျိုးဆက်တွေဖြစ်မလာစေဖို့ အနာကိုဂရုစိုက်ပုံအဆင့်ဆင့်ကို သိထားသင့်ပါတယ်။

    ထိခိုက်ဒဏ်ရာဖြစ်လာပြီဆိုရင် ဒဏ်ရာရဲ့ပြင်းထန်မှုအတိမ်အနက်ကို အရင်ဆန်းစစ်ပါ။ အရေပြားမှာ ပွန်းပဲ့ပေါက်ပြဲရုံပဲလား၊ စူးမိတာလား၊ပြတ်ရှကွဲပြဲတဲ့ဒဏ်ရာလားစသည်ဖြင့် ခွဲခြားဆုံးဖြတ်ပါ။ အရေပြားမျက်နှာပြင်ပေါ်က ပွန်းရှဒဏ်ရာတွေလောက်ကတော့ အိမ်မှာပဲ ကိုယ့်ဘာသာ ကုသနိုင်ပါတယ်။

    • ဒဏ်ရာကြီးရင်၊
    • အကိုက်ခံရတာဆိုရင်၊
    • ကွဲရှဒဏ်ရာက အဆီ၊ကြွက်သားနဲ့အရိုးပေါ်လောက်အောင် အရွယ်အစားလက်မဝက်ထက်ပိုကြီးခဲ့ရင် ၊
    • နှလုံးခုန်မြန်လာလောက်အောင်သွေးထွက်များနေပြီးသွေးမတိတ်ရင်၊
    • အနာက နီရဲလာတာ နှစ်ရက်ကျော်လာရင် သို့မဟုတ်ပြည်တည်လာရင် (အနာပိုးဝင်ခြင်းဖြစ်နိုင်)

    ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။

    နည်းလမ်းမှန်နဲ့ ဒဏ်ရာကို ဂရုစိုက်ပုံအဆင့်ဆင့်အတိုင်း လုပ်ပေးမှဘေးကင်းစွာနဲ့ အနာကျက်မြန်စေမှာပါ။ အနာပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်လာရင် မေးခိုင်ရောဂါလိုမျိုး နောက်ဆက်တွဲပြဿနာတွေက အန္တရာယ်များပါတယ်။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာဖြစ်လာရင် အခြေခံကျတဲ့ ဂရုစိုက်နည်းအဆင့်ဆင့်ကို အကြံပြုဖော်ပြလိုက်ပါတယ်။ အရင်ဆုံး –

    လက်ကိုဆေးကြောပါ

    ကိုယ်တိုင်ဖြစ်ဖြစ် တခြားသူကိုကူညီဖို့ဖြစ်ဖြစ် အနာကိုမထိတွေ့ခင်တိုင်း လက်ကိုဆပ်ပြာ၊ရေ သို့မဟုတ် လက်သန့်ဆေးရည်နဲ့ သန့်စင်ပါ။ ရောဂါပိုးမဝင်အောင် ကာကွယ်နိုင်ဖို့ပါ။

    အနာကို အသာအယာဖိထားပါ

    အနာကသွေးထွက်နေတယ်ဆိုမှ ဒီအဆင့်ကိုလုပ်ပါ။ အပူလောင်နာတွေအတွက်တော့ မလုပ်သင့်ပါ။ သန့်ရှင်းတဲ့အဝတ်စ သို့မဟုတ် ပိုးသတ်ထားတဲ့gauzeလေးနဲ့သွေးမတိတ်မချင်းဖိထားပေးပါ။ (ရှရာ၊ခြစ်ရာလေးတွေအတွက်တော့မလိုအပ်ပါ)။

    ဒဏ်ရာကြီးရင်ဆေးရုံဆေးခန်းမှာ ချုပ်ပေးဖို့၊ ကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။ အရေးပေါ်အတွက်သာ ကိုယ်တိုင်လုပ်ပြီး ကျန်တာကို ကျန်းမာရေးကျွမ်းကျင်သူတွေ လုပ်ပေးပါလိမ့်မယ်။

    ရေနဲ့ဆေးကြောပါ

    အနာကိုhydrogen peroxideသို့မဟုတ် iodine တို့၊ အရက်ပြန်တို့နဲ့ဆေးချစရာမလိုပါဘူး။ အနာကို အမှုန်အမွှားနဲ့အညစ်အကြေးတွေ ကင်းစင်အောင်ရေသန့်သန့်နဲ့ဆေးကြောပါ။ ဘက်တီးရီးယားသေစေတဲ့ဆပ်ပြာနဲ့ မဆေးပါနဲ့၊ အနာပေါ်တိုက်ရိုက်မထိပါစေနဲ့။ ဆေးကြောပြီးနောက်ပိုင်း အနာထဲမှာ အပိုင်းအစ၊အညစ်အကြေးတွေကျန်နေသေးရင် ဇာဂနာလေးနဲ့အသာအယာဖယ်ရှားပါ။ အနာကိုမထိုးဆွပါနဲ့။ ဒါမှမရရင် ဆရာဝန်ကသေချာသန့်စင်ပေးပါလိမ့်မယ်။

    အပူလောင်ထားတာဆိုရင်တော့ဖြစ်ဖြစ်ချင်းမှာ ဒဏ်ရာတဝိုက်ကိုရေအေး(ရေခဲရေမဟုတ်) နဲ့ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်လောင်းပေးပါ။ ဒါမှမဟုတ်ရေဝတ်ဖတ်အေးအေးနဲ့ ကပ်ထားပေးပါ။ဖြစ်ပြီးကြာမှရေလောင်းရင်ရေကြည်ဖုတွေပိုကြီးစေနိုင်ပါတယ်။ရေကြည်ဖုတွေဖြစ်လာရင် ဒါမှမဟုတ် အပူလောင်တာများရင် ဆရာဝန်ကပဲ မှန်ကန်တဲ့ကုသစောင့်ရှောက်မှုပေးနိုင်ပါတယ်။ လိုအပ်ရင် အရေးပေါ်ဆေးရုံတင်ရပါမယ်။

    ဆေးထည့်ပါ

    Bioplacenton နဲ့ neomycin sulfate တို့လိုဆရာဝန်ဆေးညွှန်းမလိုတဲ့ အနာထည့်ပိုးသတ်ဆေးတွေထည့်ပေးတာက အရေပြားခြောက်သွေ့မှုမဖြစ်အောင်နဲ့ ရောဂါပိုးမဝင်အောင်ကာကွယ်ပေးပါတယ်။ ဒီဆေးတွေကို ခပ်ပါးပါးလိမ်းပေးတာက အနာကျက်ခြင်းကို အားပေးပြီး အမာရွတ်ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။ အပူလောင်တာဆိုရင်တော့ ဆရာဝန်မညွှန်ဘဲ ဘာမှကိုယ့်သဘောနဲ့ကိုယ်ဆေးမထည့်သင့်ပါဘူး။ အပူလောင်တဲ့ရေကြည်ဖုတွေကို ကိုယ့်ဘာသာမဖောက်ပါနဲ့။

    ပလာစတာ သို့မဟုတ် ပတ်တီးစည်းပါ

    အနာတိုင်းကိုတော့ ပတ်တီးစည်းဖို့မလိုပါဘူး။ ကွဲရှဒဏ်ရာ သေးသေးမွှားမွှားလေးတွေကိုတော့ သန့်စင်ပေးပြီး ပိုးမဝင်အောင်ဂရုစိုက်ပေးဖို့ပဲလိုပါတယ်။ ဒါပေမယ့် ဒဏ်ရာအကြီးအသေးကိုမူတည်ပြီး ပလာစတာ သို့မဟုတ် ပတ်တီး သုံးသင့်သလား ဆုံးဖြတ်ရွေးချယ်ပါ။ အနာကိုဖုံးအုပ်ကာကွယ်ခြင်းကရောဂါပိုးတွေ၊အညစ်အကြေးတွေအန္တရာယ်က တားဆီးကာကွယ်ပေးနိုင်သလို အနာကို မတော်တဆထိမိခိုက်မိခြင်းကနေလည်း ကာကွယ်နိုင်ပါတယ်။ ပလာစတာ သို့မဟုတ် ပတ်တီးကို နေ့တိုင်းလဲပေးပါ။ စိုနေရင်၊ ညစ်ပေနေရင် ချက်ချင်းလဲပါ။

    သတိထားသင့်တာက

    အနာဖေးတွေကို မဖဲ့၊မခွာပါနဲ့။ အနာကျက်နေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့အတွက် ဒီအတိုင်းထားလိုက်ပါ။ ခွာလိုက်ရင် အမာရွတ်ကျန်ခဲ့ပါလိမ့်မယ်။ အနာက ဒီလက္ခဏာတွေဖြစ်လာခဲ့ရင်ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ် –

    • အနာက နီရဲရောင်ရမ်းလာခြင်း
    • နာကျင်မှုပိုဆိုးလာခြင်း
    • အနာတဝိုက်အရေပြားက ပူတဲ့ခံစားချက်ဖြစ်လာခြင်း
    • အနာကိုသန့်စင်တဲ့အခါ အနံ့ဆိုးထွက်နေခြင်း
    • ပြည်တည်ခြင်း
    • အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း တို့ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement