backup og meta

ထိခိုက်ဒဏ်ရာရတဲ့အခါ ဆောင်ရန် ရှောင်ရန်များ


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိခိုက်ဒဏ်ရာရတဲ့အခါ ဆောင်ရန် ရှောင်ရန်များ

    အငြိမ်မနေလှုပ်ရှားနေရသူတွေအနေနဲ့ ထိခိုက်ရှနာ ဖြစ်တာကရှောင်လွှဲလို့မရတဲ့အရာတစ်ခုပါ။ ထိခိုက်ဒဏ်ရာတစ်ခု ရလာတာက သိပ်အရေးကြီးတဲ့ ကျန်းမာရေးထိခိုက်မှုတော့မဟုတ်ပေမယ့်သေချာမစောင့်ရှောက်ရင်တော့ပေးဆပ်ရမယ့် အရင်းအနှီးကကြီးပါတယ်။ အနာကနေတဆင့်မေးခိုင်ပိုးဝင်တာမျိုးများဖြစ်သွားရင်ဖြစ်လာမယ့်နောက်ဆက်တွဲပြဿနာကတော်တော်လေးကြီးပြီလေ။

    ဒါကြောင့် အခုတစ်ခေါက်မှာတော့ အနာတစ်ခုဖြစ်လာရင် ဘာတွေကို လုပ်ဆောင်ပြီး ဘာတွေကိုရှောင်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ အနာတစ်ခုဖြစ်လာရင်သေချာဂရုစိုက်မှနောက်ဆက်တွဲရောဂါတွေကင်းမှာဖြစ်ပါတယ်။

    အနာဖြစ်တဲ့အခါ လုပ်ဆောင်ရမယ့်အချက်တွေက

    လက်ကိုသန့်စင်ပါ – အနာဖြစ်တဲ့အခါ အရင်ဆုံးမဖြစ်မနေလုပ်ရမှာတစ်ခုက အနာကိုကိုင်တွယ်မယ့်လက်ကို သန့်ရှင်းအောင်ဆေးကြောဖို့ပါ။ အနာကို မကိုင်တွယ်ခင်မှာ လက်ကိုသန့်ရှင်းအောင်ဆေးကြောတာက အနာရင်းတာနဲ့အနာပိုးဝင်တာတွေ ဖြစ်နိုင်ခြေနည်းသွားစေနိုင်ပါတယ်။

    အနာကိုသန့်စင်ပါ –အနာဖြစ်လာတဲ့အခါနောက်ထပ်လုပ်ရမယ့်နောက်တစ်ချက်က အနာကိုသန့်စင်ပါ။ အနာဖြစ်တဲ့အခါထွက်လာတဲ့သွေးတွေကိုညှစ်ထုတ်လိုက်ပါ။ပြီးရင်တော့ အနာကိုရေသန့်သန့်နဲ့ဆပ်ပြာသုံးပြီး သန့်စင်ဆေးကြောပေးရပါမယ်။

    ဆေးတစ်ခုခုလိမ်းပေးပါ – အနာကိုသန့်စင်ဆေးကြောတာတွေလုပ်ပြီးသွားပြီဆိုရင်တော့ အနာကိုရောဂါပိုးမွှားတွေ၊ ဖုန်မှုန့်တွေမဝင်ရောက်နိုင်စေဖို့အတွက် အနာပေါ်ကနေဆေးတစ်ခုခုလိမ်းပေးပါ။

    ဗီတာမင် C စားသုံးပေးပါ – ဗီတာမင် C ကကိုယ်ခံအားကိုကောင်းမွန်စေသလို အနာကျက်မြန်စေပါတယ်။ ဒါကြောင့်ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါ လိမ္မော်သီး၊ရှောက်ချိုသီး၊ ဂရိတ်ဖရု နဲ့ အခြားအချဉ်ဓါတ်ပါတဲ့ အသီးတွေကို စားသုံးပေးပါ။

    အာဟာရပြည့်ဝအောင်စားသုံးပေးပါ –ခန္ဓါကိုယ်ကျန်းမာဖို့က အာဟာရ ပြည့်ဝအောင်စားသုံးဖို့လိုအပ်ပါတယ်။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်းဇင့်နဲ့ဗီတာမင် C တို့လိုမျိုးခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေလုံလောက်ပြည့်ဝစွာပါဝင်အောင်စားသုံးပေးပါ။

    အနာကို ပတ်တီး ဒါမှမဟုတ် ပလာစတာကပ်ပေးပါ – ထိခိုက်ဒဏ်ရာရလာရင်လုပ်သင့်တဲ့နောက်တစ်ခုက အနာကို ပလာစတာကပ်တာ ဒါမှမဟုတ် ပတ်တီးစည်းတာမျိုးလုပ်ထားပေးသင့်ပါတယ်။

    အနာတဝိုက်ကိုနှိပ်နယ်ပေးပါ –ထိခိုက်ဒဏ်ရာရတဲ့အခါနောက်ထပ်လုပ်သင့်တာတစ်ခုက အနာကျက်မြန်စေဖို့အတွက် အနာတဝိုက်သွေးလည်ပတ်မှုကောင်းမွန်စေအောင် အနာတဝိုက်ကိုနှိပ်နယ်ပေးပါ။

    အနာကို တစ်နေ့တစ်ကြိမ်စစ်ဆေးပါ –ဒီအချက်ကလည်း ထိခိုက်ဒဏ်ရာရတဲ့အခါမေ့ထားလို့မဖြစ်တဲ့အကြောင်းတစ်ချက်ပါ။ အနာကိုတစ်နေ့တစ်ကြိမ်လောက်ဆေးထည့်တာ၊ အနာအခြေအနေကို ကြည့်ရှု့တာနဲ့ ပလာစတာအသစ်လဲပေးတာမျိုးက မဖြစ်မနေလုပ်သင့်တဲ့အချက်ပါ။

    အနာဖြစ်တဲ့အခါ ရှောင်ရမယ့်အချက်တွေက

    အနာကိုHydrogen Peroxide သုံးပြီးသန့်စင်ဆေးကြောတာ –အနာတိုင်းကိုhydrogen peroxide သုံးပြီး သန့်စင်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက အနာတဝိုက်ကတစ်ရှုးတွေကို ထိခိုက်ပျက်စီးစေပြီး အနာကျက်တာကိုနှေးစေပါတယ်။ အနာဖြစ်ရင်အကောင်းဆုံးကရေသန့်သန့်နဲ့ ဆပ်ပြာအပျော့စားသုံးပြီး သန့်စင်ဆေးကြောတာပါ။

    အနာကိုကာကွယ်ထားတာမျိုးမရှိတာ –အနာဖြစ်တဲ့အခါ အနာပိုးမဝင်စေဖို့နဲ့အနာကိုကုတ်မိတာမျိုးမဖြစ်စေဖို့အတွက် အနာကို ပတ်တီးစည်းတာ ဒါမှမဟုတ် အနာကို ပလာစာကပ်ထားတာမျိုးလုပ်ပေးဖို့လိုပါမယ်။ အနာကို ကာကွယ်ထားတာမျိုးမရှိဘူးဆိုရင် အနာပိုးဝင်တာ။ အနာရင်းတာတွေဖြစ်လာနိုင်တာကြောင့်ပါ။နောက်တစ်ချက်က အနာကျက်သွားတဲ့အခါ အမာရွတ်ထင်ကျန်တာမျိုးဖြစ်နိုင်ပါတယ်။

    ဆေးလိပ်သောက်တာ –ဆေးလိပ်သောက်သုံးမှုက အနာကျက်နှုန်းကိုနှေးစေနိုင်သလို အနာနဲ့ပတ်သက်တဲ့နောက်ဆက်တွဲရောဂါတွေကိုဖြစ်နိုင်ခြေတိုးစေနိုင်ပါတယ်။

    အရက်သောက်တာ –အရက်သောက်တာနဲ့ အယ်လ်ကိုဟောပါတာတွေသောက်သုံးမှုကလည်း အနာကျက်နှုန်းကိုထိခိုက်စေပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။

    အနာကိုခြောက်သွေ့အောင်ထားတာ-အနာကျက်စေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့အချက်က အနာကိုအစိုဓါတ်ရှိအောင်ထားပေးဖို့ပါ။ အနာကျက်ဖို့အတွက်က အရေပြားဆဲလ်သာမက ကိုယ်ခံအားစနစ်ဆဲလ်တွေကပါလုပ်ဆောင်ပေးရတာဖြစ်ပြီး အနာကောင်းကောင်းမွန်မွန်ကျက်သွားစေဖို့အတွက်က အစိုဓါတ်ရှိတဲ့အနေအထားတစ်ရပ်မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့်အနာတဝိုက်မှာအစိုဓါတ်ကင်းမဲ့နေတာမျိုးမဖြစ်စေဖို့ ဂရုစိုက်သင့်ပါတယ်။

    အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ပြီး အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုရှောင်ရှားနိုင်မယ်လို့ထင်ပါတယ်။ လူတိုင်း အနာကင်းပြီးအသက်ရှည်ကြပါစေကြောင်း။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement