backup og meta

ညဘက်အဖျားတက်တဲ့ကလေးကို အရေးပေါ်ဘယ်လိုပြုစုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်အဖျားတက်တဲ့ကလေးကို အရေးပေါ်ဘယ်လိုပြုစုမလဲ

    ကလေးနေကောင်းရဲ့လား။ ဒီမေးခွန်းကို ဖြေဖို့ မေမေတို့ ဘာကိုကြည့်ပြီးဆုံးဖြတ်ကြလဲ။ ကျန်းမာရေးဆိုတာ ဘယ်အချိန်ဘာဖြစ်မယ်လို့ ကြိုတင်မှန်းဆပြီးမသိနိုင်တဲ့အရာဆိုတော့ခက်သားနော်။ အသက်ကြီးပိုင်းတွေနဲ့ကလေးတွေဆိုတာ ကျန်းမာရေးအပြောင်းအလဲမြန်လွန်းလို့ တော်တော်ဂရုစိုက်ရတဲ့အရွယ်တွေပါ။ ဒါ့ကြောင့် ကလေးက မလန်းဘူး၊ မှိုင်နေတယ် စတာတွေလို ပုံမှန်ထက်ထူးခြားတဲ့လက္ခဏာတစ်ခုခု ကိုစောင့်ကြည့်ရပါတယ်။

    ကလေးဖျားနေပြီဆိုရင် သတိထားမိနိုင်တဲ့လက္ခဏာတွေက ကိုယ်ပူလာမယ်၊သွေးခုန်နှုန်းမြန်လာမယ်၊ အသက်ရှူမြန်လာတယ်၊ ကလေးက အီနေမယ်၊ တငိုငိုနဲ့ ဂျီကျနေမယ်။ ကလေးက ငြိမ်နေတယ်၊ ဘာကိုပဲဖြစ်ဖြစ်စိတ်မကြည်ဘဲ ငိုနေတယ်ဆိုရင် ကိုယ်ပူနေပြီလား နဖူးလေးအရင်စမ်းကြည့်ရပါတယ်။။ ဖျားနေပြီဆိုရင်ဆေးခန်းပြေးတာ စိတ်ချရတယ်ဆိုပေမယ့် ညရေးညတာ ရုတ်တရက် အဖျားတက်လာရင် သက်သာအောင် မေမေတို့ကိုယ်တိုင်ပြုစုရတော့မှာပါပဲ။

    ညဘက်အချိန်တွေ ကလေးကို ပစ်မထားဘဲစောင့်ကြည့်ဖို့အရေးကြီးသလို နည်းလမ်းမှန်နဲ့အရေးပေါ်ပြုစုနိုင်ဖို့လည်း လိုပါတယ်။ အဖျားသိပ်ကြီးလာတဲ့အခါ ကလေးမှာ တက်တာတွေ၊ သတိလစ်တာတွေဖြစ်လာရင်အကျိုးဆက်တွေမကောင်းနိုင်ပါဘူး။ ဒါ့ကြောင့် ဆရာဝန်မပြနိုင်ခင် အရေးပေါ်ပြုစုထားဖို့ သိထားသင့်တဲ့အချက်တွေလေ့လာထားသင့်ပါတယ်။ အရင်ဆုံး –

  • ကိုယ်ပူချိန်တိုင်းပါ။သာမိုမီတာကို ချိုင်းအောက်မှာတိုင်းပါ သို့မဟုတ် ဒစ်ဂျစ်တယ်သာမိုမီတာနဲ့ နားမှာတိုင်းပါ။
  • ကလေးကို သက်တောင့်သက်သာထားပါ။ သက်တောင့်သက်သာဖြစ်စေမယ့်ချောင်ချောင်ချိချိ ချည်သားအဝတ်အစားဝတ်ပေးပါ။ အအေးမပတ်စေ၊ ပူလှောင်မနေစေနိုင်လောက်တဲ့ အဝတ်အစားတွေကိုရွေးပါ။
  • ရေဓါတ်မချို့တဲ့အောင် ဂရုစိုက်ပါ။နို့စို့အရွယ်ကလေးဆိုရင် ဂရုစိုက်ပြီးနို့တိုက်ကျွေးပါ။ မစို့ချင်ဘူးဆိုရင် နို့ရည် သို့မဟုတ် ရေလေးနည်းနည်းကိုပြွန်လေးနဲ့ဖြစ်ဖြစ် မဝင်ဝင်အောင်ချော့တိုက်ပါ။ တစ်နှစ်အထက်ကလေးဆိုရင်တော့ရေ သို့မဟုတ် ဓါတ်ဆားရည်ကို ဝင်အောင်တိုက်ပါ။
  • စောင့်ကြည့်ပါ။ ညဘက်အဖေနဲ့ အမေ တစ်လှည့်စီဖြစ်ဖြစ် ကလေးရဲ့အခြေအနေကိုစောင့်ကြည့်ပေးပါ။ အသက်ရှူတာပုံမှန်ဖြစ်ရဲ့လား၊ ကိုယ်ပူချိန်တက်နေလား၊ တုံ့ပြန်မှုကောင်းရဲ့လား ကြည့်ပါ။
  • ရေဓါတ်လိုအပ်နေမလားကြည့်ပါ။ ကလေးကရေဆာနေမလား၊ အာခေါင်ခြောက်နေမလား၊ချွေးတွေတအားထွက်ပြီး နုံးနေမလား သတိထားကြည့်နေသင့်ပါတယ်။
  • ကိုယ်ပူနေလို့ဆိုပြီးရေခဲရေနဲ့ရေဝတ်မတင်ပါနဲ့။ နဖူးကို ရေဝတ်တင်တဲ့အခါ ရိုးရိုးရေပဲသုံးပါ။
  • အဖျားတက်နေတဲ့ကလေးကိုနွေးအောင်လို့ဆိုပြီး အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတာ၊စောင်တွေထပ်ပေးထားတာ မလုပ်ပါနဲ့။
  • ဆရာဝန်ညွှန်ကြားတာမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေမတိုက်ပါနဲ့။ အချိုးအဆ မှန်းမတိုက်ပါနဲ့။
  • ကိုယ်ပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက်ကျော်လာရင်ကြက်သီးနွေးရေနဲ့ရေချိုးချပါ၊ရေပတ်တိုက်ပါ။ ကိုယ်ပူကျေစနိုင်ပါတယ်။ရေခဲရေ သို့မဟုတ် အရမ်းအေးတဲ့ရေ(ရေကန်၊စဉ့်အိုးထဲကရေလိုမျိုး) မသုံးပါနဲ့။
  • ကိုယ်ပူချိန်များလွန်းပြီး တက်ရင် အန္တရာယ်ရှိနိုင်လို့ အမြန်ပြုစုပေးရပါမယ်။

  • Febrile seizures လို့ခေါ်တဲ့ ဒီအခြေအနေဟာ အသက် ၃ လကနေ ၆ နှစ်အတွင်းကလေးတွေမှာဖြစ်တတ်ပြီး ၁ နှစ်နဲ့ ၁နှစ်ခွဲ အရွယ်တွေမှာအဖြစ်များဆုံးပါ။ အဖျား ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်အထက်ဆိုရင်ဖြစ်တတ်ပြီး မိနစ်အနည်းငယ်ကြာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်-
  • ကလေးကို လိမ့်မကျအောင်၊ တစ်ခုခုနဲ့မဆောင့်မိအောင် ဂရုစိုက်ရပါမယ်။
  • အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုမျိုးမဖြစ်စေဖို့ ကလေးကိုဘေးတခြမ်းစောင်းပေးပါ။
  • တက်တာ ၅ မိနစ်ထက်ပိုကြာနေရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ပြေးပါ။
  • အရေးကြီးတာက ကလေးကို ချုပ်မထားမိဖို့၊ ပါးစပ်ထဲမှာ တစ်စုံတစ်ခုရှိမနေဖို့၊ ကလေးကလူးလွန့်နေချိန် ထိမိခိုက်မိနိုင်တဲ့ပစ္စည်းတွေ ဘေးပတ်ဝန်းကျင်မှာရှိမနေဖို့ ဂရုစိုက်ပေးပါ။
  • စိုးရိမ်သင့်တဲ့အခြေအနေ

    ကလေးက အသက်ရှူရခက်လာတဲ့ပုံစံဖြစ်လာရင်၊ အန်နေရင်၊ နှုတ်ခမ်း သို့မဟုတ် အသားတွေပြာလာရင်၊ တက်ရင်၊ အရေပြားအနီစက်တွေဖြစ်လာရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံးဆေးရုံပို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement