backup og meta

ဖောက်ထားတဲ့ နားပေါက် ပိုးဝင်နေလို့ စိတ်ညစ်နေပါသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖောက်ထားတဲ့ နားပေါက် ပိုးဝင်နေလို့ စိတ်ညစ်နေပါသလား

    နားကပ်တွေကြိုက်လို့ လှချင်လို့ နားပေါက် ဖောက်ပြီးကာမှ နားမှာ အနာဖြစ်နေလို့ နားကပ်မပန်ရဘဲ စိတ်ညစ်နေတဲ့ သူတွေရှိပါသလား။ ဒီလို လှချင်လို့ နားပေါက်ဖောက်လိုက်ကာမှ ခုလို ပိုးဝင်ပြီး အနာဖြစ်နေတာ စိတ်ညစ်စရာပဲနော်။ ဒါကြောင့် ဖောက်ထားတဲ့ နားပေါက်ကို အနာမဖြစ်အောင် ဘယ်လို ဂရုစိုက်ကြမလဲ။

    နားပေါက် ဘယ်လိုဖောက်ကြမလဲ။ 

    ခေတ်စားနေတာကတော့ သေနတ်နဲ့ နားပေါက်ဖောက်တာပဲ ဖြစ်ပါတယ်။ မြန်ဆန်ပြီး ဖောက်တဲ့တစ်ကြိမ်လောက်ပဲ ပူကနဲ နာကျင်မှုကို ခံစားရမှာပါ။ တစ်ခုသတိထားသင့်တာကတော့ နားပေါက် မဖောက်ခင်မှာ ကိုယ့်နားကို သန့်ရှင်းလေး လုပ်ပေးထားဖို့ပဲ ဖြစ်ပါတယ်။ အပ်နဲ့ ဖောက်မယ်ဆိုရင်တော့ တစ်ခါသုံးအပ်တွေကို သုံးသင့်ပါတယ်။

    နားပေါက်ဖောက်ပြီးသား အနာပိုးဝင်တာ ဘာကြောင့်ဖြစ်ရတာလဲ။ 

    နားပေါက်ဆိုတာ နားက အသားကို ထုတ်ချင်းဖောက်လိုက်တာပဲဖြစ်တာကြောင့် နားပေါက်ကိုယ်တိုင်က အနာတစ်ခုလို့ ပြောလို့ရပါတယ်။ အရိုးနု တွေနဲ့ ဖွဲ့စည်းထားတဲ့ နားမှာ အနာတစ်ခုဖြစ်ပြီဆိုတာနဲ့ အနာကျက်တာ နှေးတဲ့အပြင် ဆံပင် တွေကလည်း မကျက်သေးတဲ့ နားပေါက်နားမှာ ရှိနေတာကြောင့် ပိုးဝင်ဖို့ ပိုလွယ်ပါတယ်။ ဒ့ါအပြင် နားပေါက်ကို ခဏခဏ လက်နဲ့ကိုင်တာ နားကပ်က အရမ်းကျပ်နေတာတွေက နားပေါက်အနာကို အကျက်နှေးစေတဲ့အပြင် ပိုးတွေ ပိုဝင်စေတတ်ပါတယ်။

    နားပေါက် အနာဖြစ်နေပြီ ဆိုတာ ဘယ်လိုသိနိုင်မလဲ။ 

    • နားပေါက်က ပြည် တွေ ၊ အရည်တွေထွက်နေမယ်
    • နားက ရောင်ပြီး ရဲနေမယ်
    • ထိလိုက်ရင်လည်း နာနေပြီး
    • ယားနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

    နားပေါက်ဖောက်ပြီးသား အနာကို ဘယ်လို ဂရုစိုက်ကြမလဲ။ 

    နားပေါက် အနာပိုးဝင်တာ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ သက်သာအောင် ဂရုစိုက်ပြီး ကုသလိုက်လို့ရပါတယ်။ ဖောက်ထားတဲ့ နားပေါက်နေရာက အသားမဟုတ်ဘဲ အရိုးနုကို ထိသွားပြီး ပိုးဝင်ခဲ့ရင်တော့ ပိုးသတ်ဆေး တွေ သောက်ပေးရပါမယ်။

    ဒါဆို နားပေါက်ကို ဘယ်လိုဂရုစိုက်ကြမလဲ ။ ။

    • နားပေါက်ကို လက်နဲ့မကိုင်ခင် လက်ဆေးပါ။ ခဏခဏ လက်နဲ့ သွားသွား မထိပါနဲ့။
    • အရက်ပြန်တို့၊ hydrogen peroxide တို့၊ ပိုးသတ်ဆေး ခရင်မ်တို့ကို မသုံးပါနဲ့။
    • ဆားရည်ဖြစ်ဖြစ်၊ ပိုးသတ်ဆေးရည် ဖြစ်ဖြစ် သုံးပြီး နားပေါက်ကို သန့်စင်ပေးပါ။
    • နားပေါက်ပိုးဝင်နေလို့ဆိုပြီး နားကပ်ကို တစ်ချိန်လုံး ချွတ်မထားလိုက်ပါနဲ့။ ချွတ်လိုက်တဲ့ နားကပ်နေရာမှာ ကျန်ခဲ့တဲ့ နားပေါက်ကနေ ပိုးတွေ ပိုဝင်နိုင်လို့ပါ။
    • ပြီးရင် နားပေါက်ကို တစ်ရှူးလေးနဲ့ အမြဲသန့်စင်ပေးပါ။

    နားပေါက်ပိုးဝင်တာ သက်သာသွားပြီဆိုပေမယ့်လည်း အပေါ်မှာ ပြောထားတဲ့ နားပေါက်သန့်ရှင်းတဲ့ အလေ့အကျင့်ကို ၁ ပတ်လောက်ထိ ဆက်လုပ်ပေးပါ။

    သိထားရမှာက နားပေါက်ဖောက်ထားတဲ့ အနာဟာ ဘာပိုးမှ မဝင်ရင်တောင် အနာကျက်ဖို့ ၆ပတ်ကနေ ၈ပတ်လောက်အထိကြာတတ်ပါတယ်။ ဒါကြောင့် ဒီ ၆ပတ်ကနေ ၈ပတ်အချိန်အတွင်းမှာ နားပေါက်ကို သေချာဂရုစိုက်ပေးရင် နားအနားပိုးဝင်တာမျိုးတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ။

    ဘယ်အခြေအနေဆို ဆရာဝန်နဲ့ သွားပြဖို့ လိုအပ်လဲ။ 

    နားပေါက်ပိုးဝင်တာ အရမ်းကြီး မဆိုးသေးဘူးဆိုရင် အိမ်မှာပဲ သက်သာအောင် လုပ်လို့ရပေမယ့် ခုပြောမယ့် လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန် နဲ့ သွားပြသင့်ပါတယ်။

    • နားကပ်က ရောင်နေတဲ့ နားပေါက်ထဲနစ်နေပြီး နားကပ်ကို ချွတ်လို့မရတော့တာ။
    • နားကို အပေါ်မှာ ပြောထားသလို သေချာသန့်ရှင်း ဂရုစိုက်ပေးနေပေမယ့် ၃ ၄ ရက်ကြာတဲ့အထိ မသက်သာတာ၊
    • အဖျားတက်လာတာ နဲ့
    • ရောင်နေတာ ၊ ပိုးဝင်တာတွေက နားတစ်ခုလုံကို ပျံ့သွားတာတွေပဲ ဖြစ်ပါတယ်။

    မဖြစ်ခင်က ကြိုတင်ကာကွယ်ရင် အကောင်းဆုံးမို့ နားပေါက်ဖောက်ပြီဆိုတည်းက ဖောက်ထားတဲ့ နားပေါက်ကို သေချာဂရုတစိုက်နဲ့ သန့်ရှင်းပေးဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement