backup og meta

ဆီးချိုခြေထောက်နာရောဂါ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုခြေထောက်နာရောဂါ

    Diabetic Foot ဆိုတာဘာလဲ။

    ဆီးချိုဝေဒနာရှင်တွေဟာ မတူညီတဲ့ ခြေဖဝါးပြဿနာမျိုးစုံကို ရင်ဆိုင်ကြရပါတယ်။ ပုံမှန်ပြဿနာတွေကတောင် ပိုဆိုးလာနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေဖဝါးပြဿနာတွေဟာ အာရုံကြောပျက်စီးခြင်း (neuropathy) ဖြစ်ရင် အဖြစ်များပါတယ်။

    သူဟာ နာကျင်စေပေမယ့် ဆီးချိုကြောင့် အာရုံကြောပျက်စီးခြင်းကြောင့် နာကျင်မှု၊ အပူ၊ အအေး အစရှိတာတွေကို ခံစားနိုင်ခြေ နည်းပါးပါတယ်။ ခံစားမှု ပျောက်ဆုံးခြင်းဟာ ခြေဖဝါးဒဏ်ရာရရှိမှုကို မခံစားရဘူးလို့ မဆိုလိုပါဘူး။ သင်ဟာ ဖိနပ်အတွင်းပိုင်းမှာ ကျောက်ခဲတစ်လုံးရှိနေတာကို မသိပဲ တစ်နေကုန် လမ်းလျှောက်နေနိုင်ပါတယ်။ အရေပြား ကွဲမကျမချင်း၊ ရောဂါပိုးဝင်ခြင်း မရှိမချင်း ခြေဖဝါးဒဏ်ရာရရှိခြင်းကို သတိထားမိမှာ မဟုတ်ပါဘူး။

    အာရုံကြော ထိခိုက်ခြင်းဟာ ခြေဖဝါးနဲ့ ခြေချောင်းတွေရဲ့ ပုံစံကို ပြောင်းလဲမှုများစွာ ဖြစ်စေနိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    Diabetic Foot ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    Diabetic Foot ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ထုံကျင်ခြင်း၊ နာကျင်ခြင်း၊ ခြေဖဝါးအားနည်းခြင်းတွေပဲ ဖြစ်ပါတယ်။ သူဟာ ခြေဖဝါး အာရုံခံနိုင်စွမ်း ပျောက်ဆုံးခြင်းကို ဖြစ်စေနိုင်တာမို့ သင်သတိမထားလိုက်မိချိန်မှာ ဒဏ်ရာရရှိနိုင်ပါတယ်။ သွေးစီးဆင်းမှု မကောင်းခြင်း၊ ခြေဖဝါးပုံသဏ္ဍန် ပြောင်းလဲခြင်းတွေဟာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

    · သင့်ခြေဖဝါး အရေပြားကွဲနေရင်၊ အရည်ထွက်ခြင်း တွေ့ရင်

    · ခြေဖဝါး တစ်ခုလုံး (သို့) တစ်စိတ်တစ်ပိုင်း အရောင်ပြောင်းခြင်း (သို့) ပိုနီခြင်း၊ ပိုပြာခြင်း၊ ပိုအရောင်ဖျော့ခြင်း၊ ပိုအရောင်ရင့်ခြင်း

    · အရည်ကြည်ဖုပေါက်ခြင်း၊ ဒဏ်ရာရရှိခြင်းတို့ကြောင့် ခြေဖဝါးအတွင်း ရောင်ရမ်းမှုကို တွေ့ရှိခြင်း

    Diabetic Foot ကို ဘယ်လိုကုသလဲ။

    ကုသမှုတွေဟာ ခြေဖဝါးပြဿနာ အမျိုးအစားပေါ်မူတည်ပါတယ်။ ဥပမာ ခြေအသားမာတက်ခြင်းဟာ မှန်ကန်တဲ့ ဖိနပ်စီးခြင်းကို လိုအပ်ပြီး အချို့ပြဿနာတွေကိုတော့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေနဲ့ ကုသသင့်ပါတယ်။ အခြားပြဿနာတွေဟာ ခွဲစိတ်မှုနဲ့ ပိုးသတ်ဆေးကို လိုအပ်နိုင်ပါတယ်။ အသားပုတ်ခြင်းဟာ ပြန်ကောင်းအောင်လုပ်လို့ မရသော်လည်း ပုတ်သိုးမှု ပြန့်သွားခြင်း၊ ရောဂါပိုးဝင်ခြင်းကို ကုသပေးနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ အသားပုတ်တွေကို ခွဲစိတ်ထုတ်လိုက်ခြင်းကို လိုအပ်နိုင်ပြီး တစ်ရှူးအသေတွေထဲမှာ အသက်အန္တရာယ် ရှိနိုင်တဲ့ ရောဂါပိုးဝင်ခြင်းကို တားမြစ်ဖို့အတွက် ပိုးသတ်ဆေးလိုအပ်နိုင်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာတော့ အသားပုတ်တဲ့ အစိတ်အပိုင်းကို ဖြတ်ရနိုင်ပါတယ်။

    အခြား ခြေဖဝါးပြဿနာတွေကတော့ သင့်လျော်တဲ့ဖိနပ်စီးခြင်း၊ orthotic ပစ္စည်းတွေ ဝတ်ဆင်ခြင်း၊ splinting (သို့) bracing လုပ်ခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ အချို့အခြေအနေတွေဖြစ်တဲ့ hammertoes, bunions, ingrown toenails တွေမှာတော့ ခွဲစိတ်မှုကို ဆိုးရွားတဲ့အခြေအနေတွေကို ပျောက်ကင်းစေဖို့ လိုအပ်နိုင်ပါတယ်။

    အာရုံကြောထိခိုက်တဲ့လူနာတွေဟာ သူတို့ရဲ့ ခြေဖဝါးတွေကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခြေဖဝါးကိုသွားတဲ့ အာရုံကြောတွေဟာ ကိုယ်ခန္ဓါမှာ အရှည်ဆုံးဖြစ်တာမို့ ဆီးချိုကြောင့် အများဆုံးပျက်စီးတဲ့ အာရုံကြောတွေ ဖြစ်ပါတယ်။ ခြေဖဝါးမှာ အာရုံခံနိုင်စွမ်း ပျောက်ဆုံးခြင်းကြောင့် နာကျင်ခြင်း ဒဏ်ရာရရှိခြင်းတွေကို ခံစားရတော့မှာမဟုတ်ပဲ အနာဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခြေဖဝါးပြဿနာတွေနဲ့ ခြေထောက်ဖြတ်ရနိုင်ခြေကို တိုးမြှင့်ပေးပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက ဆေးလိပ်ဖြတ်နိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

    ခြေဖဝါးကို ဂရုစိုက်ခြင်းမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

    · ခြေဖဝါးတွေကို အရမ်းမပူတဲ့ရေနွေးနဲ့ သန့်ရှင်းအောင် လုပ်သင့်ပြီး ပျော့တဲ့ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။ ခြေထောက်ရေစိမ်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ပျော့တဲ့ တဘက်ကို ခြေချောင်းကြားနဲ့ ခြေဖဝါးကို အခြောက်ခံဖို့ အသုံးပြုနိုင်ပါတယ်။

    · ခြေဖဝါးနဲ့ ခြေချောင်းတွေကို နေ့စဉ် ပြတ်ရှဒဏ်ရာ၊ အရည်ကြည်ဖုထခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အသားမာတက်ခြင်း၊ အခြားပြဿနာတွေ ရှိမရှိ စစ်ဆေးနေသင့်ပါတယ်။ လက်ကိုင်မှန်ကို အသုံးပြုပြီး (သို့) ကြမ်းပြင်ပေါ်မှာ ထားပြီး ခြေဖဝါးအောက်ခြေကို စစ်ဆေးခြင်း၊ အခြားသူကို စစ်ဆေးစေခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက ပြဿနာတွေကို သိရှိနိုင်ပါတယ်။

    · ခြေထောက်ပြဿနာရှိသူတွေဟာ ခြေဖဝါးပိုင်းဆိုင်ရာ ဆရာဝန် (podiatrist) ကို ပြသသင့်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    အချို့ဆီးချိုကြောင့် ဖြစ်တဲ့ ပြဿနာတွေဟာ ခြေဖဝါးကို သေချာစောင့်ကြည့်ဂရုစိုက်ခြင်းဖြင့် ရှောင်ကျဉ်နိုင်ပါတယ်။ သွေးသကြားဓါတ်ပမာဏကို ထိန်းချုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆရာဝန်ညွှန်ကြားတဲ့အစားအသောက်တွေကို စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတွေဟာ ဆီးချိုရဲ့ ဘေးထွက်ဆိုးကျိုးအားလုံး (ခြေဖဝါးပြဿနာ အပါအဝင်)ကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုကို ထိန်းချုပ်ခြင်းအားဖြင့် အောက်ပါအချက်တွေ အပါအဝင် သင့်ခြေထောက်ကို သေချာဂရုစိုက်နိုင်ပါတယ်။

    ဖိနပ်အပိတ်တွေကို တစ်ချိန်လုံးဝတ်သင့်ပါတယ်။ တကယ်လို့ လိုအပ်ရင် bunions (သို့) ခြေဖဝါးချို့ယွင်းသူတွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေရှိပါတယ်။ ခြေထောက်အတွင်းမှာ သင့်ကို ရှမိ၊ ဒဏ်ရာရစေနိုင်တဲ့ အရာတွေ မရှိဖို့ အရေးကြီးပါတယ်။

    အိမ်မှာဆိုရင်တောင် ခြေဗလာနဲ့ လမ်းမလျှောက်သင့်ပါဘူး။ နွေရာသီမှာ အလွန်ပူလောင်တဲ့ ပလက်ဖေါင်းတွေပေါ်က လမ်းလျှောက်ရင် ခြေထောက်အပူမလောင်စေဖို့ ဂရုစိုက်သင့်ပါတယ်။

    ရေနွေး နဲ့ ခြေထောက်ဆေးခြင်း၊ ဆေးပြီးချိန်မှာ အခြောက်ခံခြင်းတွေ ပြုလုပ်သင့်ပါတယ်။

    သင့်ခြေထောက်ကို အနာတွေ၊ ပြဿနာတွေအတွက် နေ့စဉ် စစ်ဆေးသင့်ပါတယ်။

    အထူးသဖြင့် ခြေဖနောင့်လိုမျိုး ခြောက်လွယ်တဲ့နေရာတွေကို လိုးရှင်းလိမ်းသင့်ပြီး ခြေချောင်းကြားကိုတော့ မလိမ်းသင့်ပါဘူး။ အသားမာတက်ခြင်းကို pumice stone နဲ့ ချောမွေ့အောင် ပြုလုပ်နိုင်ပါတယ်။ ကက်ကြေး၊ ဓါး အစရှိတာတွေနဲ့ အသားမာတွေကို မဖြတ်သင့်ပါဘူး။

    ခြေသည်းတွေကို တည့်မတ်စွာ ညှပ်သင့်ပြီး ဘေးထောင့်တွေကို အလယ်ထက်တိုအောင် မညှပ်သင့်ပါဘူး။

    ဆရာဝန်နဲ့ ပြသစစ်ဆေးတိုင်းမှာ ခြေဖဝါးကိုပါ စစ်ဆေးသင့်ပါတယ်။

    ဆေးလိပ်သောက်သူဆိုရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သွေးအဆီများခြင်းကို ဖြစ်စေပြီး ခြေဖဝါးကို သွေးစီးဆင်းမှု နှေးကွေးခြင်းကို ဖြစ်စေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement