backup og meta

ဆီးချိုရောဂါနှင့် HbA1c

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါနှင့် HbA1c

    ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖြစ်များပြီး အန္တရာယ်များတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း အများကြီးဖြစ်စေနိုင်တဲ့ ရောဂါကြီးတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဲဒီလို ဆီးချိုရောဂါဖြစ်နေတဲ့သူတွေမှာ စစ်ဆေးနိုင်တဲ့ HbA1c လို့ခေါ်တဲ့ သွေးစစ်ခြင်းလေး အကြောင်းကို အနည်းငယ်မျှဝေပေးသွားမှာပါ။

    () HbA1c ဆိုတာ ဘာလဲ။

    HbA1c ရဲ့ အရှည်ကတော့ glycated hemoglobin A1c ဖြစ်ပြီး သွေးနီဥလေးတွေရဲ့ အောက်စီဂျင်တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ သယ်ဆောင်ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ hemoglobin လေးမှာ glucose လို့ခေါ်တဲ့ သကြားဓါတ် တွယ်ကပ်နေခြင်းကို ခေါ်ခြင်းဖြစ်ပါတယ်။

    () ဘာကြောင့် HbA1c ကို ဆီးချိုရောဂါ စစ်ဆေးရာမှာ အသုံးပြုကြလဲ။

    အပေါ်မှာ ပြောပြထားတဲ့အတိုင်း HbA1c ပမာဏကို စစ်ဆေးလိုက်မယ်ဆိုရင် သွေးထဲက hemoglobin လေးတွေမှာ သကြားဓါတ် ဘယ်လောက်ရှိနေလဲဆိုတာကို သေသေချာချာ သိနိုင်တာကြောင့် HbA1cကို ဆီးချို စစ်ဆေးတဲ့ နေရာမှာ အသုံးပြုကြပါတယ်။

    ဆီချိုစစ်ဆေးခြင်းအနေနဲ့

    ၁။ ဆီးချို အစပျိုးတဲ့ အဆင့်ကို သိနိုင်ဖို့အတွက်၊

    ၂။ ဆီးချိုအမျိုးအစား ၁ နဲ့ ၂ ကို ရောဂါသတ်မှတ်နိုင်ဖို့အတွက် နဲ့

    ၃။ ဆီးချို ကုသတဲ့ အခါမှာ တိုးတက်မှုရှိ၊ မရှိ၊ ထိန်းချုပ်မှုရ၊ မရ တိုင်းတာနိုင်ဖို့ အတွက် HbA1c ကို အသုံးပြုကြပါတယ်။

    () လက်ထိပ်ဖောက်ပြီး ဆီးချိုစစ်ဆေးခြင်းနဲ့ HbA1cနဲ့ ဘာကွာလဲ။

    လူအများစုက ဆီးချိုစစ်ဆေးတယ်ဆိုရင် လက်ထိပ်ဖောက်ပြီး စစ်ဆေးတာကိုပဲ မြင်လေ့ရှိပါတယ်။ ဒီ HbA1cကတော့ သွေးကြောထဲက တစ်ဆင့်သွေးကို ယူပြီး စစ်ဆေးရတာပါ။ နှစ်ခုစလုံးကတော့ အချိုဓါတ်ကို စစ်ဆေးတာပါပဲ။ ဘာကွာလည်းဆိုရင်တော့ လက်ထိပ်ကို ဖောက်ပြီး စစ်ဆေးတာက လတ်တလော အချိန်မှာရှိနေတဲ့ သွေးတွင်းသကြားဓါတ်ကိုသာ ပြနိုင်တာဖြစ်ပါတယ်။ ဆိုလိုတာကတော့ လတ်တလော စားထားတဲ့ အစားအစာပေါ်မူတည်နေပြီး မတိုင်းတာခင်လေးမှာ အစာတွေ စားထားရင် တက်နေမယ်၊ မစားထားရင်ကျနေမယ်ပေါ့။ HbA1cကတော့ သွေးနီဥလေးတွေမှာ လာပေါင်းတဲ့ အချိုဓါတ်ကို ကြည့်ပြီး လွန်ခဲတဲ့ ၆ ပတ်နဲ့ ၈ပတ်အတွင်း ပုံမှန်ရှိနေတဲ့ ပျှမ်းမျှ သွေးတွင်းသကြားဓါတ်ကို တိုင်းတာတာ ဖြစ်တဲ့အတွက် ဆီးချိုရှိ၊ မရှိစစ်ဆေးဖို့ အတွက်ရော၊ ကုသနေတဲ့ ကုထုံးနဲ့ တိုးတက်မှုရှိ၊ မရှိ ကိုရော ပိုပြီးတိတိကျကျ သိရှိနိုင်တဲ့ စစ်ဆေးချက်တစ်ခု ဖြစ်ပါတယ်။

    () HbA1c ပမာဏကို တိုင်းတာပြီး ဆီးချိုရှိ မရှိကို ဘယ်လို ဆုံးဖြတ်ကြမလဲ။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization ) ရဲ့သတ်မှတ်ချက်အရ

           HbA1cပမာဏ 42 mmol/mol (6%) နဲ့ အောက်သာရှိရင်တော့ ဆီးချိုရောဂါမရှိဘူးလို့ ယူဆနိုင်ပါတယ်။

           HbA1cပမာဏ 42 mmol/mol (6%) နဲ့ 47 mmol/mol (6.4%) ကြားရှိနေရင် ဆီးချို အစပျိုး အဆင့်ဟာ သတ်မှတ်နိုင်ပြီး

           HbA1cပမာဏ 48 mmol/mol (6.5%) နဲ့ အထက်ဆိုရင်တော့ ဆီးချိုရောဂါ ရှိနေပြီလို့ ပြောနိုင်ပါတယ်။

    () ဆီးချိုရှိပြီဆိုရင် HbA1cမကြာခဏ စစ်ဆေးသင့်လား။

    ဆီးချိုရှိနေပြီဆိုရင်တော့ သင့်ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံ၊ ကုထုံးနဲ့ ဆေးဝါးတွေက သင့်ရဲ့ သွေးတွင်းအချိုဓါတ်ကို ထိန်းညှိနိင်၊ မနိုင် သိနိုင်ဖို့ အတွက် HbA1cကို အနည်းဆုံး တစ်နှစ်ကို နှစ်ခေါက်လောက်တော့ စစ်ဆေးပေးဖို့ အကြံပေးချင်ပါတယ်။ ဆီးချိုဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ကုသပြီး သင့်ရဲ့ အခြေအနေအရ ညွှန်ကြားတဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း စစ်ဆေးပေးဖို့လည်း အရမ်း အရေးကြီးပါတယ်။

    ဆီးချိုရောဂါကို စောစောစစ်ဆေးသိရှိ ကုသပြီး နောက်ဆက်တွဲတွေ မဖြစ်အောင် ထိန်းချုပ်နိုင်ကြပါစေ။

    ရေးသားသူ- Phoo Ngon

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement