backup og meta

ချွဲသလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချွဲသလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း

    လူတိုင်း ချောင်းဆိုး ချွဲထွက်ဖူးမှာပါ။ ချွဲဘယ်အခါမှာ ထွက်သလဲဆို အဆုတ်မှာ ရောဂါတစ်ခုခုရှိနေရင်၊ ပိုးဝင်ရင် ထွက်နိုင်ပါတယ်။ သလိပ်လို့လည်း ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုကတည်းက သူ့ကို စိုစွတ်အောင် လုပ်ပေးမယ့် အချွဲအနည်းငယ် ရှိပြီးသားပါ။ ဒီအချွဲတွေက ခန္ဓာကိုယ်ထဲကို အမှုန်အမွှားတွေ၊ ရောဂါပိုးတွေ ဝင်လာတဲ့အခါ ဖမ်းယူလိုက်ပြီး အပြင်ကို ချောင်းဆိုးပြီး ပြန်ထုတ်ပေးပါတယ်။ အဆုတ်ထဲကို ပိုးဝင်တာ များရင်တော့ ဒီအချွဲတွေက ပိုများ ပိုပျစ်လာပြီး သလိပ်အနေနဲ့ ထွက်လာပါတယ်။ သလိပ်က အရောင်အမျိုးမျိုးရှိတာကို မြင်ဖူးကြပါသလား။ သလိပ်အရောင်တွေက ဘာကို ပြောချင်တာလဲ ဆိုတာ ဆက်ကြည့်ရအောင်။

    ချွဲ သလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း

    အစိမ်းရောင် သို့မဟုတ် အဝါရောင်

    သလိပ်က အစိမ်းရောင် သို့မဟုတ် အဝါရောင် ဖြစ်နေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်က ပိုးဝင်တာကို ပြန်ပြီး တိုက်ထုတ်နေတာကို ပြချင်တာပါ။ ဒီအရောင်တွေက သွေးဖြူဥဆဲလ်တွေကြောင့် ဖြစ်လာရတာပါ။ စစချင်းမှာတော့ အဝါရောင် ပြီးရင်တော့ ရောဂါအခြေအနေနဲ့ ဘယ်လောက်ကြာလဲပေါ်မူတည်ပြီး အစိမ်းရောင် ပြောင်းလာမှာပါ။ ဒီလို အရောင်ထွက်စေတဲ့ ရောဂါတွေကတော့

    လေပြွန်ရောင်ခြင်း – စစချင်းမှာတော့ ချောင်းခြောက်ဆိုးမယ်။ သလိပ်ကျဲကျဲ ဒါမှမဟုတ် အဖြူလောက်ပဲ ထွက်မယ်။ နောက်ပိုင်းကြာလာရင်တော့ အဝါရောင်တွေ၊ အစိမ်းရောင်တွေ ပါလာမယ်။ ပြောချင်တာက စစချင်း ဗိုင်းရပ်စ်ပိုး ဝင်ရာကနေ ဘက်တီးရီးယားပိုးပါ ပါလာပြီလို့ ဆိုလိုချင်တာပါ။ ချောင်းဆိုးတာက ရက် ၉၀လောက်ကြာနိုင်ပါတယ်။ အဖျားပျောက်သွားရင်တောင် ချောင်းကျန်နိုင်တယ်ဆိုတာ သတိရပါ။

    အဆုတ်ရောင်ခြင်း- အဆုတ်ရောင်တယ်ဆိုတာ တခြား အဆုတ်ရောဂါတစ်ခုခုရဲ့ နောက်ဆက်တွဲ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်လာပြီဆိုရင်တော့ သလိပ်က အဝါရောင်၊ အစိမ်းရောင် ကနေ သွေးရောင် အထိဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့ အဆုတ်ရောင်ရောဂါပေါ်မူတည်ပြီး လက္ခဏာတွေ မတူနိုင်ပါဘူး။ ဒါပေမယ့် ချောင်းဆိုးတာ၊ ချမ်းတုန်ဖျားတာ၊ မောတာတွေကတော့ အဆုတ်ရောင်ရောဂါရဲ့ တွေ့ရများတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

    ထိပ်ကပ်နာ– ဗိုင်းရပ်စ်၊ ဓာတ်မတည့်တာနဲ့ ဘက်တီးရီးယားပိုးတွေဟာ ထိပ်ကပ်နာကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားကြောင့်ဆိုရင်တော့ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်ပါတယ်။ ဒါ့ပြင် နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ မျက်နှာတွေ တင်းနေတာလည်း ဖြစ်တတ်ပါတယ်။

    Cystic fibrosis- နာတာရှည် အဆုတ်ရောဂါဖြစ်ပြီး အဆုတ်ထဲမှာ ချွဲသလိပ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ကလေးနဲ့ လူငယ်တွေမှာ ပိုတွေ့ရပါတယ်။ သလိပ်အရောင်ကတော့ အဝါရောင်၊ အစိမ်းရောင်ကနေ အညိုရောင်အထိ ဖြစ်တတ်ပါတယ်။

    အညိုရောင်

    အညိုရောင်ဆိုတာထက် မြင်အောင် ပြောရင် သံချေးရောင်ပါ။ အညိုဆိုတာ သွေးအဟောင်းတွေပါ။ အရင်ဆုံး သလိပ်က အနီရောင်၊ ပန်းရောင်ဖြစ်ပြီးမှ အညိုရောင် ပြောင်းမှာပါ။ ဒီနှစ်ခုစပ်ကြားက သံချေးရောင်ပေါ့။ တွေ့ရတဲ့ ရောဂါတွေကတော့

    ဘက်တီးရီးယား အဆုတ်ရောင် ရောဂါ- အစိမ်းပုပ် ဒါမှမဟုတ် သံချေးရောင် သလိပ် ထွက်ပါတယ်။

    ဘက်တီးရီးယား လေပြွန်ရောင် ရောဂါ- ဒီရောဂါက ပိုဆိုးလာလေလေ သလိပ်က သံချေးရောင် ပြောင်းလာလေလေပါ။ နာတာရှည် လေပြွန်ရောင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ သူတွေ၊ မီးခိုးငွေ့ ရှူရတဲ့ သူတွေက လေပြွန်ရောင်နိုင်ချေ ပိုများပါတယ်။

    Cystic fibrosis- ဒီနာတာရှည် အဆုတ်ရောင် ရောဂါမှာလည်း သံချေးရောင် သလိပ်ထွက်တတ်ပါတယ်။

    Pneumoconicosis- မီးခိုး၊ ကျောက်မှုန်၊ ဆီလီကာ (သဲ) စတဲ့ အမှုန်အမွှားတွေကို ရှူမိရင် ဒီကုသရခက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။ သံချေးရောင် သလိပ်လည်း ထွက်တတ်ပါတယ်။

    အဆုတ်ပြည်တည်နာ- အဆုတ်ထဲမှာပြည်တည်ပြီး ဘေးပတ်လည်မှာ ရောင်ရမ်းနေတာပါ။ ချောင်းဆိုးတာ အပြင် ညဘက်တွေ ချွေးထွက်များတာ၊ အစားအသောက်ပျက်တာ၊ သံချေးရောင် သလိပ်ထွက်တာ၊ သွေးစလေးတွေပါတာ၊ သလိပ်အနံ့ဆိုးတာတွေ ဖြစ်တတ်ပါတယ်။

    အဖြူရောင်

    သလိပ်အဖြူကတော့ အဆုတ်ရောဂါတွေ အပြင် တခြားသော ရောဂါတွေမှာလည်း တွေ့နိုင်ပါတယ်။ ဥပမာ

    ဗိုင်းရပ်စ် လေပြွန်ရောင် ရောဂါ- စစချင်းမှာ အဖြူရောင် သလိပ်ပဲ ထွက်ပါတယ်။ ဘက်တီးရီးယားပိုး ဝင်လာတဲ့ အခါကျမှ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်တာပါ။

    စားချဉ့်ပြန်ရောဂါ– ဒီနာတာရှည် အစာရေမျိုပြွန်ရောဂါမှာလည်း အဖြူရောင် သလိပ်ထွက်ပါတယ်။

    နာတာရှည် လေပြွန်ကျဉ်း ရောဂါ (COPD)- ဒီရောဂါမှာ လေပြွန်တွေ ကျဉ်းလာပြီး အဆုတ်ကနေ အချွဲတွေ ပိုထွက်ပါတယ်။ တဖြည်းဖြည်း အောက်ဆီဂျင်ဝင်ဖို့လည်း ခက်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဖြူရောင် သလိပ်ထွက်တတ်ပါတယ်။

    နှလုံးပျက်စီးခြင်း- နှလုံးပျက်စီးတယ်ဆိုတာ  နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်တာကို ပြောတာပါ၊ ဒါကြောင့် ကိုယ်ထဲမှာ အရည်တွေ စုလာပြီး ဖောလာပါတယ်။ အဆုတ်ထဲမှာ စုလာရင် အဖြူရောင် သလိပ်တွေ ထွက်လာပါမယ်။ မောလည်း မောပါမယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

    အမည်းရောင် သလိပ်

    သလိပ်မည်းမည်းတွေကို ဆေးပညာအရ melanoptysis လို့ ခေါ်ပါတယ်။ ဘာလို့ ဖြစ်တာလဲ ဆိုတော့

    ဆေးလိပ်သောက်တာ- ဆေးလိပ်တွေ၊ တချို့သော ဆေးဝါးတွေကြောင့် သလိပ်တွေ မည်းတတ်ပါတယ်။

    Pneumoconicosis- အဆုတ်ကို မည်းစေတဲ့ ဒီရောဂါမှာ ထွက်တဲ့ သလိပ်ကပါ မည်းနေတတ်ပါတယ်။ မိုင်းတွင်း လုပ်သားတွေ၊ မီးခိုးမှုန်တွေ ရှူရတဲ့ သူတွေမှာ တွေ့ရပါတယ်။ သလိပ်မည်းတာနဲ့ အတူ မောလည်း မောတတ်ပါသေးတယ်။

    မှိုပိုးဝင်ခြင်း- Exophiala dermatitidis လို့ ခေါ်တဲ့ မှိုကြောင့် ဖြစ်တာပါ။ ရှားပါတယ်။ Cystic fibrosis ဖြအသက်ရစ်တဲ့သူတွေမှာတော့ တွေ့ရတတ်ပါတယ်။

    သလိပ် အကြည်

    ခန္ဓာကိုယ်ကနေ ပုံမှန်အတိုင်းလည်းသလိပ်အကြည်တွေ ထွက်လေ့ရှိပါတယ်။ ရေ၊ ပရိုတိန်း၊ ပဋိဇီဝပစ္စည်းနဲ့ ဆားဓာတ်တွေ ပါဝင်ပြီး အသက်ရှူလမ်းကြောင်းကို ချောမွေ့စိုစွတ်နေအောင် လုပ်ပေးပါတယ်။ သလိပ်အကြည်တွေ ပုံမှန်ထက် များလာတာက ခန္ဓာကိုယ်က သူ့ကို အနှောင့်အယှက်ဖြစ်စေတဲ့ ပစ္စည်း (ဥပမာ ဝတ်မှုန်၊ ဗိုင်းရပ်စ်)ကို ဖယ်ထုတ်ချင်လို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်တာတွေကတော့

    ဓာတ်မတည့် နှာရည်ယိုတာ- တစ်ခုခုမတည့်တာရှူမိတဲ့အခါ (ဥပမာ- ဝတ်မှုန်၊ မြက်) နှာရည်တွေ ယိုလာပါတယ်။ ဒီနှာရည်တွေက အသက်ရှူလမ်းကြောင်းထဲကိုဝင်ပြီး ချောင်းဆိုးတဲ့အခါ သလိပ်အကြည်အနေနဲ့ ပြန်ထွက်လာတာပါ။

    ဗိုင်းရပ်စ် လေပြွန်ရောင် ရောဂါ-စစချင်းမှာ  သလိပ်အကြည် ဒါမှမဟုတ် အဖြူရောင် သလိပ်ပဲ ထွက်ပါတယ်။ ဘက်တီးရီးယားပိုး ဝင်လာတဲ့ အခါကျမှ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်တာပါ။

    ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ- ဒီရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းခြောက်ဆိုးတာ၊ ကြွက်သားတွေနာတာ၊ တခြား တုပ်ကွေးလက္ခဏာတွေ ပြတတ်ပါတယ်။ သလိပ်အကြည်လည်း ထွက်တတ်ပါတယ်။

    အနီရောင် သို့မဟုတ် ပန်းရောင်

    အလွယ်ပြောရင်တော့သလိပ်ထဲ သွေးပါနေတာပါ။ ဒါကြောင့် အနီရောင်၊ ပန်းရောင် ဖြစ်နေတာပေါ့။ ဘယ်လို ရောဂါတွေက ချောင်းဆိုး သွေးပါတတ်လဲ ဆိုတော့

    အဆုတ်ရောင်ရောဂါ-  ပိုဆိုးလာရင် သလိပ်တွေ နီလာပါတယ်။ ချမ်းတုန်ဖျားတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေနဲ့ တွဲတတ်ပါတယ်။

    တီဘီရောဂါ– ဒီရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးနိုင်ပါတယ်။ အဓိက လက္ခဏာတွေကတော့ ၃ပတ်ထက်ပိုပြီး ချောင်းဆိုးတာ၊ သလိပ်ထဲမှာ သွေးစတွေပါတာ၊ ဖျားတာ၊ ညဘက် ချွေးထွက်များတာတွေပဲ ဖြစ်ပါတယ်။

    နှလုံးပျက်စီးခြင်း- နှလုံးပျက်စီးတဲ့ အခါ မောတာအပြင် ချောင်းဆိုးပြီး ပန်းရောင် ဒါမှမဟုတ် အနီရောင် သလိပ်ထွက်တတ်ပါတယ်။

    အဆုတ်သွေးကြောပိတ်ခြင်း- အဆုတ်သွေးကြောကို သွေးခဲ လာပိတ်တာပါ။ ဒီသွေးခဲက ခန္ဓာကိုယ်ရဲ့ တစ်နေရာရာက ပြုတ်ထွက်ပြီး လာပိတ်တာပါ။ ဥပမာ ခြေထောက်သွေးကြောပေါ့။ ဒါမျိုးဖြစ်ရင်လည်း သလိပ်မှာ သွေးစတွေပါတတ်ပါတယ်။ ရုတ်တရက် မောတာ၊ ရင်ဘတ်အောင့်တာ ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်တတ်ပါတယ်။

    အဆုတ်ကင်ဆာ– ကင်ဆာဖြစ်ရင်တော့ သလိပ်ထဲ သွေးစပါတာအပြင် သွေးခဲတွေပါ ထွက်လာတတ်ပါတယ်။ ဒါ့ပြင် ချောင်းတရားလွန်ဆိုးတာ၊ ပိန်သွားတာ၊ နုံးတာ စတဲ့ လက္ခဏာတွေလည်း ရှိနေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement