backup og meta

ဝမ်းချုပ် တာကို သက်သာစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းချုပ် တာကို သက်သာစေဖို့

    သင် ဝမ်းချုပ် တတ်လား။ အဲဒါဆိုရင် ဒါတွေကိုသိသင့်ပါတယ်။

    သက်တမ်းတစ်လျှောက်မှာ ဝမ်းချုပ် တာကိုမကြုံဖူးတဲ့သူဆိုတာမရှိပါဘူး။ သာမန်ဝမ်းချုပ်တာလောက်ဆိုရင်ပြဿနာမရှိပေမယ့်ဝမ်းချုပ်တာကအမြဲလိုလိုဖြစ်လာမယ်ဆိုရင်နေ့စဉ်နေထိုင်မှုဘဝပေါ်မှာထိခိုက်တာတွေရှိလာနိုင်သလိုနောက်ဆက်တွဲဝေဒနာတွေခံစားရတာမျိုးရှိလာနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ဝမ်းချုပ်တာကိုဘယ်လိုသက်သာအောင်လုပ်မလဲ။

    ကင်ဆာဝေဒနာနဲ့အူမကြီးလှုပ်ဆောင်မှုမူမမှန်တာတွေနဲ့ပတ်သက်ပြီး minimally invasive (laparoscopic) နဲ့ robotic surgery ကိုအထူးပြုလေ့လာခဲ့တဲ့ခွဲစိတ်ကုဆရာဝန်ဒေါက်တာMark Wong ကတော့ဘာကြောင့်ဝမ်းချုပ်ရတာလဲဆိုတာနဲ့ဝမ်းချုပ်တာကိုသက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။

    ဝမ်းချုပ် တယ်ဆိုတာက

    ဝမ်းချုပ်တယ်ဆိုတာကဝမ်းသွားရခက်ခဲတာ (သို့မဟုတ်) ပုံမှန်လောက်ဝမ်းသွားရမလွယ်တဲ့အနေအထားမျိုးဆိုတာကိုပြောစရာမလိုအောင်သိထားပြီးဖြစ်မှာပါ။ အူမကြီးရဲ့ပုံမှန်လှုပ်ရှားမှုကတစ်ရက်မှာ၃ကြိမ်လောက်ကနေ၃ရက်မှာတစ်ကြိမ်လောက်တော့လှုပ်ရှားနိုင်ပါတယ်။၃ရက်ကျော်တဲ့အထိမှအူမကြီးကလှုပ်ရှားမှုမရှိဘူးဆိုရင်တော့ဝမ်းတွေကခဲကျပ်သွားပြီးဝမ်းသွားရတာကပုံမှန်ထက်ခက်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဗိုက်ထဲမှာလေပွသလိုဖြစ်နေတာ၊ဗိုက်ကရစ်ပြီးနာတာနဲ့အရမ်းပြင်းထန်ရင်အော့အန်တာမျိုးအထိတောင်ဖြစ်နိုင်ပါတယ်။

    အနေအထားပုံစံတွေကွာခြားပေမယ့်တစ်ပတ်ကို၂ကြိမ်ဒါမှမဟုတ်၁ကြိမ်လောက်ပဲဝမ်းသွားမယ်ဆိုရင်တော့ဝမ်းချုပ်နေတာပါ။ တကယ်လို့သင့်အနေနဲ့အချိန်၃လကျော်လောက်အထိအောက်မှာပြောတဲ့လက္ခဏာတွေထဲက၂ခုဒါမှမဟုတ်၂ခုကျော်လောက်ခံစားနေရမယ်ဆိုရင်တော့ဝမ်းချုပ်နေပြီလို့ပြောလို့ရပါတယ်။

  • ဝမ်းသွားတဲ့အခါပုံမှန်ထက်ခက်ခဲတာ
  • ဝမ်းတွေမာနေတာ
  • ဝမ်းမကုန်တာမျိုးခံစားနေတာ
  • ဝမ်းချုပ်တာကဘယ်လောက်အထိအဖြစ်များလဲ

    ဝမ်းချုပ်တာကကမ္ဘာတစ်လွှားမှာကြုံတွေ့နေရတဲ့အဖြစ်အများဆုံးအစာခြေစနစ်ပြဿနာတွေထဲတစ်ခုပါ။ အမေရိကန်တစ်နိုင်ငံထဲမှာတင်အရွယ်ရောက်ပြီးသူအရေအတွက်ရဲ့၂ရာခိုင်နှုန်းကဝမ်းချုပ်တာကိုခံစားနေကြရပါတယ်။ စင်ကာပူနိုင်ငံမှာတော့အသက်၁၆နှစ်နဲ့၁၆နှစ်အထက်လူဦးရေရဲ့၇.၃ရာခိုင်နှုန်းဟာ ဝမ်းချုပ်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်လို့၂၀၀၀ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ဒေသတွင်းလေ့လာမှုတစ်ရပ်အရသိရပါတယ်။

    ဘာကြောင့်ဝမ်းချုပ်ရတာလဲ

    ဝမ်းချုပ်ရတဲ့အကြောင်းရင်းတွေကတော်တော်လေးများပါတယ်။ အချို့မှာတော့ဝမ်းချုပ်ရတဲ့အကြောင်းကတစ်ခုမကရှိနေတတ်ပါတယ်။ ဝမ်းချုပ်တိုင်းဝမ်းနုတ်ဆေးကအဖြေမဖြစ်နိုင်ပါဘူး။ ဝမ်းချုပ်ရတဲ့အကြောင်းအရင်းတွေအများကြီးရှိနေနိုင်ပါတယ်။ အဲဒါတွေကတော့

    • စားသောက်မှုပုံစံမမှန်တာ (ရေသောက်နည်းတာ၊အမျှင်ဓါတ်စားသုံးမှုနည်းတာ၊အမျှင်ဓါတ်အစားများတာ)
    • လှုပ်ရှားမှုနည်းတာ၊လေ့ကျင့်ခန်းမလုပ်တာ
    • စိတ်ဖိစီးမှုများလွန်းတာ
    • ဟော်မုန်းမညီမျှတာ၊လေဖြတ်တာ နဲ့Parkinson’s disease လိုမျိုးအာရုံကြောဆိုင်ရာဝေဒနာခံစားနေရတာ၊စိတ်ဓါတ်ကျတာနဲ့စားသောက်မှုပုံစံမမှန်တာတွေလိုမျိုးကျန်းမာရေးအခြေအနေတွေ
    • ကယ်လ်ဆီယမ်နဲ့အလူမီနီယမ်ဓါတ်တွေပါဝင်နေတဲ့antacids၊အကိုက်အခဲပျောက်ဆေးတွေ၊စိတ်ငြိမ်ဆေး၊သံဓါတ်အားဖြည့်ဆေးလိုမျိုးဆေးတွေသောက်သုံးနေရတာ
    • ကိုယ်ဝန်ဆောင်ထားတာ
    • အူမကြီးကင်ဆာခံစားနေရတာ

    ဝမ်းချုပ်တာကတော်ရုံဆိုရင်နေထိုင်စားသောက်မှုပုံစံကိုဂရုစိုက်လိုက်ရုံနဲ့ ပြန်ကောင်းသွားတတ်ပါတယ်။ အရမ်းပြင်းထန်ရင်တော့ဆရာဝန်နဲ့ပြသဖို့လိုမှာဖြစ်ပါတယ်။ အူမကြီးကင်ဆာလိုမျိုးဝေဒနာတွေကတော့ခွဲစိတ်ကုသဖို့လိုအပ်မှာဖြစ်ပါတယ်။

    နာတာရှည်ဝမ်းချုပ်ခြင်း

    ဝမ်းချုပ်တာကအသက်သေစေနိုင်တဲ့ရောဂါအခြေအနေမျိုးမဟုတ်ပေမယ့်ဝမ်းချုပ်ရင်ကိုယ်ထဲမှာနေမထိထိုင်မသာဖြစ်တာတော့အမှန်ပါပဲ။ ဝမ်းချုပ်နေတာကအပေါ်မှာပြောခဲ့တဲ့အကြောင်းအရင်းတွေကြောင့်မဟုတ်ဘူးဆိုရင်တော့နာတာရှည်ဝမ်းချုပ်တာကိုခံစားနေရတာပါ။

    ဝမ်းချုပ်တာကိုခံစားနေရသူတွေထဲက၃၀ရာခိုင်နှုန်းလောက်ကနာတာရှည်ဝမ်းချုပ်တာကိုခံစားနေရတာပါ။ ဒီဝေဒနာကခန္ဓါကိုယ်မှာသိသိသာသာလက္ခပြတာမျိုးမရှိပါဘူး။တော်တော်များများကရောဂါကိုလွဲမှားစွာကောက်ချက်ချမိပြီးဝမ်းနုတ်ဆေးတွေကိုရေရှည်သုံးစွဲမိတာမျိုးရှိလာကြပါတယ်။တကယ်တော့သူတို့တွေကနာတာရှည်ဝမ်းချုပ်ဝေဒနာ၂မျိုးထဲကတစ်မျိုးကိုခံစားနေရတာပါ။

    ဘယ်အချိန်မှာဆရာဝန်ပြဖို့လိုမလဲ

    ဝမ်းချုပ်တဲ့သူအများစုကစစ်ဆေးစမ်းသပ်တာတွေဆရာဝန်နဲ့သွားရောက်ပြသတာမျိုးမလုပ်ဘဲနဲ့သက်သာသွားတတ်ကြပါတယ်။ အခုပြောပြမယ့်လက္ခဏာတွေထဲကတစ်ခုခုခံစားနေရမယ်ဆိုရင်တော့အူမကြီးကင်ဆာလိုမျိုးပြင်းထန်တဲ့အခြေအနေတစ်ရပ်ရပ်ဖြစ်နေနိုင်တာကြောင့်ဆရာဝန်နဲ့သွားရောက်ပြသဖို့လိုမှာပါ။

    • အရင်ကဝမ်းချုပ်လေ့မရှိဘဲဝမ်းချုပ်တာ၊အချိန်အတော်ကြာတဲ့အထိမသက်သာတာ၊သီတင်းပတ်၂ပတ်ကျော်တဲ့အထိဝမ်းချုပ်နေတာ
    • ဝမ်းသွားရင်သွေးပါတာ
    • ကိုယ်အလေးချိန်ချနေတာမျိုးမဟုတ်ဘဲကိုယ်အလေးချိန်ကျလာတာ
    • ဝမ်းသွားရင်နာကျင်တာ
    • သင့်ကအသက်၅၀ကျော်နေပြီးမိသားစုမှာအူမကြီးကင်ဆာဖြစ်ဖူးတဲ့အခံရှိနေတာ

    ဆရာဝန်နဲ့သွားရောက်ပြသတဲ့အခါဆရာဝန်ကကင်ဆာလိုမျိုးအသက်အန္တရာယ်ရှိနိုင်တဲ့ရောဂါအခြေအနေဟုတ်၊မဟုတ်စစ်ဆေးစမ်းသပ်ပေးပြီးဝမ်းချုပ်တာကိုသက်သာအောင်လုပ်ဆောင်ပေးတာ၊ဝမ်းချုပ်တာကိုအချိန်ကြာမြင့်စွာခံစားရတာကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဝေဒနာတွေမဖြစ်အောင်လုပ်ဆောင်ပေးပါလိမ့်မယ်။

    ဘယ်လိုကုသမလဲ

    ဝမ်းချုပ်ရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီးခံယူရတဲ့ကုထုံးချင်းမတူနိုင်သလိုတစ်ယောက်နဲ့တစ်ယောက်လည်းကုထုံးတွေမတူနိုင်ပါဘူး။ ကုထုံးတွေမတူပေမယ့်လည်းအဖြေကတော့ဝမ်းသွားဖို့ပါပဲ။

    ဝမ်းချုပ်တဲ့အခါအရင်ဆုံးလုပ်ရမှာတစ်ခုကနေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာအမျှင်ဓါတ်တွေသင့်တင့်မျှတစွာပါဝင်ဖို့နဲ့ရေဓါတ်လုံလောက်ဖို့ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။ ဝမ်းနုတ်ဆေးကအသုံးဝင်တဲ့ကုထုံးဖြစ်ပြီးလူနာတစ်ယောက်စီတိုင်းအတွက်သင့်တော်တဲ့ပမာဏဖြစ်ဖို့လိုပါမယ်။ လူနာတစ်ယောက်နဲ့တစ်ယောက်ကိုပေးတဲ့ဝမ်းနုတ်ဆေးချင်းကမတူသလိုရရှိလာမယ့်ရလဒ်ကလည်းကွာခြားပါမယ်။

    ဝမ်းပျော့ဆေး – ဒီဆေးကဝမ်းထဲကနေရေတွေဆုံးရှုံးတာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးပြီးဝမ်းပျော့ပျော့သွားစေတာကြောင့်ဝမ်းချုပ်တာကိုသက်သာစေနိုင်ပါတယ်။

    Bulk-forming agent laxatives -သောက်ဆေးမှုန့်လေးတွေပါ။ ဝမ်းထဲမှာရေကျန်နေအောင်လုပ်ဆောင်ပေးပြီးအူကြွက်သားတွေလှုပ်ရှားမှုကောင်းအောင်လှုံ့ဆော်ပေးပါတယ်။

    Stimulant laxatives -ဒီဆေးကအူမကြီးကိုဝမ်းသွားချင်လာအောင်လှုံ့ဆော်ပေးပါတယ်။ ဒီဆေးကိုအမြဲစွဲသုံးတာမျိုးမလုပ်သင့်ပါဘူး။ အမြဲစွဲသုံးမယ်ဆိုရင်အူမကြီးလုပ်ဆောင်မှုအားနည်းသွားပြီးဆေးမသောက်တဲ့အခါဝမ်းမသွားတော့တာမျိုးဖြစ်နိုင်တာကြောင့်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement