backup og meta

COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 09/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

    COVID-19 ရောဂါပိုး ဟာ လက်တလောမှာ ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ ကပ်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ လူလူချင်းကူးစက်နိုင်သလို လေထဲကနေလည်း ကူးစက်နိုင်တာကြောင့် လူပေါင်း ၂၃ သန်းဝန်းကျင်ကို လျင်လျင်မြန်မြန်ကူးစက်သွားခဲ့တာပါ။ သေဆုံးသူအရေအတွက်လည်း တရိပ်ရိပ်တိုးပွားလာနေပါတယ်။

    ကူးစက်နိုင်တဲ့နည်းလမ်းတွေ၊ ပိုးပြန့်နှံ့နိုင်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လေ့လာဖော်ထုတ်မှုတွေ ဆက်တိုက်ပေါ်ထွက်လာနေသလို ဒီရောဂါနဲ့ပတ်သက်ပြီး သိလာရတဲ့အချက်တွေကလည်း တစ်နေ့တခြားပိုမိုများပြားလာနေပါတယ်။

    လက်ရှိအချိန်အထိ WHO ရဲ့ ထုတ်ပြန်ချက်တွေအရ COVID-19 ရောဂါပိုးဟာ မာကျောတဲ့မျက်နှာပြင်တွေမှာ ကပ်ငြိရှင်သန်နေနိုင်ပြီး လူလူချင်းစကားပြောဆိုတာ၊ နှာချေချောင်းဆိုးတာတွေကနေတဆင့် လေထဲကနေကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Mask တပ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ၃ ပေ အနည်းဆုံးခွာပြီး ပြောဆိုဆက်ဆံကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

    ဒါ့အပြင် ပိုးရှိနေတဲ့ နေရာတွေကိုကိုင်တွယ်မိပြီးနောက် မိမိရဲ့ မျက်နှာ၊ ပါးစပ်နဲ့ နှာခေါင်းတွေကို ကိုင်တွယ်မိခဲ့မယ်ဆိုရင်လည်း ပိုးကူးစက်နိုင်ခြေရှိတယ်လို့ဆိုထားပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင်တော့ ပုံမှန်စနစ်တကျလက်ဆေးဖို့လိုမှာပါ။

    ဒါတွေအပြင် ခုချိန်မှာ တခြားမေးခွန်းတစ်ခုထွက်ပေါ်လို့လာပါပြီ။

    ဆံပင်မှာ COVID-19 ရောဂါပိုး ရှင်သန်နိုင်သလား

    ဆံသားမှာ ကိုဗစ်ပိုးကပ်ငြိနိုင်လားဆိုတဲ့ မေးခွန်းကို အမျိုးသမီးတချို့က သိလိုနေကြပါတယ်။ ခုနောက်ပိုင်းမှာ ကိုဗစ်ပိုးသယ်ဆောင်သူအများစုဟာ ရောဂါလက္ခဏာ မပြသပဲ ရောဂါရှိနေတာများလာတာမို့ လူတွေက စိုးရိမ်စိတ်တွေပိုများလာနေပါတယ်။ ဒါကြောင့် ဘယ်လူမှာ ပိုးရှိနေမလဲဆိုတာကို ရေရေရာရာမသိနိုင်တဲ့အချိန်မှာ စိုးရိမ်မှုမြင့်မားလာတာ သဘာဝကျပါတယ်။

    ဈေးဆိုင်တစ်ဆိုင်ထဲမှာပဲဖြစ်ဖြစ်၊ ဘတ်စ်ကားပေါ်မှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က နှာချေလိုက်တယ်၊ ဒါမှမဟုတ် ချောင်းဆိုးလိုက်တယ်ဆိုပါစို့။ သူက Mask မတပ်ထားရင်၊ တကယ်လို့များ သူက ပိုးသယ်ဆောင်သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူ့ခန္ဓာကိုယ်ထဲက ပိုးတွေက ပတ်ဝန်းကျင်ဆီ လွင့်ထွက်သွားနိုင်ပါတယ်။

    ဒီလိုအချိန်မျိုးမှာ ကိုယ်က အဲ့ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင် Mask တပ်ထားမယ်ဆိုရင်တော့ ဘာပူစရာလိုလဲပေါ့။ ဒါပေမယ့် ခုနောက်ပိုင်းမှာစိုးရိမ်လာကြတာက Mask တပ်ထားပေမယ့်လည်း ဆံပင်ကိုကပ်ငြိလာနိုင်သလား၊ ဆံပင်မှာ ဒီရောဂါပိုး ရှင်သန်နေနိုင်လားဆိုတဲ့ သောကပါပဲ။

    ကျွမ်းကျင်သူတွေကတော့ SARS-CoV-2 လို့ခေါ်တဲ့ ကိုဗစ်ပိုးဟာ ဆံပင်မှာတွယ်ငြိနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဒီလိုတွယ်ငြိရုံနဲ့ ဒီပိုးကြောင့် ကိုယ်မကျန်းမမာဖြစ်မယ်လို့တော့ တစ်ထစ်ချယုံကြည်ဖို့မလိုဘူးလို့ ဆိုကြပါတယ်။ အကြောင်းကတော့ ကိုဗစ်ပိုးရဲ့ အားနည်းချက်ဟာ လူ့ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာ အကြာကြီးမနေနိုင်တာကြောင့်လို့ ဆိုပါတယ်။

    ပိုးက ဆံပင်မှာကပ်ငြိနေရင်တောင်မှ ခန္ဓာကိုယ်အတွင်းကို ဝင်ဖို့နည်းလမ်းရှာတွေ့ဖို့လိုအပ်တာကြောင့် အလွယ်တကူဖျားနာဖို့၊ ရောဂါကူးဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်မသန့်ရင် သေချာခေါင်းလျှော်ပေးဖို့ အကြံပြုကြပါတယ်။

    တချို့ကတော့ မေးချင်မေးနိုင်ပါတယ်။ ဆံပင်ပေါ်တွယ်ငြိနေမှတော့ ဦးရေပြားကနေတဆင့် မကူးနိုင်ဘူးလားလို့ပေါ့။ တကယ်တော့ ဦးရေပြားပေါ်မှာ အကာအကွယ်အဖြစ်တည်ရှိနေတဲ့ အဆီလွှာတစ်ထပ်ရှိပါတယ်။ ဒါကြောင့် ပိုးတွေကူးစက်ဖို့ ခက်ခဲတာပါ။ ဒီအဆီမှာပါရှိတဲ့ antimicrobial effect ကြောင့် ရောဂါပိုးတွေလည်း လျင်လျင်မြန်မြန်သေစေနိုင်ပါသေးတယ်။

    ဒါကြောင့် ဆံသားကနေ ကိုဗစ်ပိုးကူးစက်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေနည်းပါးလှပါတယ်။ ဒါပေမယ့် ဆံသားနဲ့ဦးရေပြားကို သန့်စင်အောင်ထားရှိဖို့ကတော့ မိမိကိုယ်တိုင်ရဲ့ တာဝန်မဟုတ်လား။

    ကပ်ဘေးကာလမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ဦးရေပြားသန့်ရှင်းရေးကိုလည်း အလေးပေးလုပ်ဆောင်ရင်း ကျန်းမာနိုင်ကြပါစေ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 09/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement