ကင်ဆာနှင့် ပတ်သက်ပြီး မိသားစုအနာဂတ်အတွက် ဘယ်လိုပြင်ဆင်မလဲ

ရေးသားသူ

သင့်မှာ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာရောဂါ ရှိမှန်းသိပြီးနောက်မှာ သင်သာမက သင့်မိသားစုတစ်ခုလုံးပါ တုန်လှုပ်ထိခိုက်ရမည်ဖြစ်သည်။ သင့်မိသားစုသည် သင့်အတွက် စိတ်သက်သာရာရမှုနှင့် ခွန်အားများကို ပေးနိုင်သလို စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မှုတွေကိုလည်း ပေးနိုင်ပါတယ်။

ထို့ကြောင့် သင်ရော သင့်မိသားစုပါ နောင်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

ကင်ဆာကသင့်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲ

ကင်ဆာရှိမှန်းသိပြီးနောက်မှာ သင်ဟာ ကုသမှုတွေခံယူရမယ်။ အဲဒီကနေ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကိုလည်း ခံစားရမယ်။ ကုသမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ခဏတာ (သို့) တစ်သက်လုံးဖြစ်နိုင်ပါတယ်။ ဥပမာ-ဆံပင်ကျွတ်ခြင်း၊ ခွဲစိတ်မှုကြောင့် အမာရွတ်ဖြစ်ခြင်း၊ အနီကွက်၊အနာ ကဲ့သို့သော အရေပြား ပြောင်းလဲမှု ။ အားကစားလှုပ်ရှားမှုပိုင်းဆိုင်ရာ စွမ်းရည်ကျဆင်းခြင်း၊ လျှင်မြန်သွက်လွက်ခြင်းနှင့် ဟန်ချက်ထိန်းနိုင်စွမ်း ကျဆင်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း (သို့) ကျခြင်း ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ကုသမှုနောက်ဆက်တွဲ ပြဿနာများကလည်း သင့်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်ပါတယ်။ သင်သည် ဝမ်းနည်း၊ စိတ်တို၊ စိတ်ပူ၊ စိတ်ပျက်၊ စိတ်ဓါတ်ကျ၊ ကြောက်လန့်ခြင်းများကို ခံစားရနိုင်ပါတယ်။

ကင်ဆာက သင့်မိသားစုအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ။

ပထမဦးစွာ ကင်ဆာသည် သင့်မိသားစုအတွက် စိတ်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေကာ မိသားစုနေထိုင်မှု ပုံစံကိုလည်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ကင်ဆာသည် အပျော်ရွှင်ဆုံးလု့ိ သတ်မှတ်ခြင်းခံရတဲ့ အိမ်ထောင်ရေးမှာတောင် ကြီးမားတဲ့ သက်ရောက်မှုတွေရှိနေပါတယ်။

ကင်ဆာအတူတကွ ရင်ဆိုင်ခြင်းက သင်တို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပါတယ်။ သို့မဟုတ်ပါက ကင်ဆာကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုက ပြဿနာအသစ်တွေ ဖန်တီးနိုင်ရုံမက လက်ရှိပြဿနာတွေကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။

သင်ဟာ ကင်ဆာဝေဒနာခံစားနေရသူ ဖြစ်သွားတဲ့ အချက်က မိသားစုတွင်း ကဏ္ဍဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရသူ အဖြစ်ကနေ သင်ကိုယ်တိုင် စောင့်ရှောက်မှုခံယူရတဲ့အဖြစ်ကို အခြေအနေပြောင်းသွားနိုင်ပါတယ်။ အချို့ကိစ္စရပ်တွေမှာ ဒါဟာ အိမ်တွင်းရေး အခက်အခဲများ ဖြစ်စေကာ စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။

သင့် ကင်ဆာရောဂါနှင့် ကုသမှုကြောင့် သင့်ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုအချို့ ရှိလာနိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေက မိဘကိုအရမ်းကပ်တာ (သို့) စိတ်လိုက်မာန်ပါလုပ်တာမျိုး ရှိနိုင်သလို ကလေးကြီး (သို့) ဆယ်ကျော်သက်တွေမှာတော့ စိတ်တိုစိတ်ဆတ်လာပြီး မိသားစုနဲ့ ရှောင်ဖယ်ဖယ်နေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

သင့်မိသားစုက သင့်ကို ဘယ်လို ထောက်ပံ့ပေးနိုင်သလဲ။

  • တာဝန်တွေ မျှဝေခံစားနိုင်ပါတယ်။

ကင်ဆာက သင့်မိသားစုဘဝထဲကို ဝင်ရောက်လာတဲ့အခါ သင့်မိသားစုတွင်းမှာ တာဝန်တွေ အခန်းကဏ္ဍတွေ ပြောင်းလဲဖို့ လိုလာပါတယ်။ သင့်ကုသမှုကြောင့် သင်ဟာ အားအင်ကုန်ခမ်းကာ အချိန်မရှိတာမျိုးဖြစ်နိုင်သည်။ ထို့ကြောင့် သင့်မိသားစုဝင်များက အိမ်မှုကိစ္စလုပ်တာ (သို့) အပြင်ထွက် အလုပ်လုပ်တာမျိုးကို တာဝန်ယူလုပ်ကိုင်ဖို့ အရေးကြီးပါတယ်။

ဒီပြဿနာသည် ပိုက်ဆံရှာသူ၊ အိမ်ထောင်မှုထိန်းသိမ်းသူ၊ ကလေးစောင့်ရှောက်သူ (သို့) သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်နေရသူများကို အဓိက ထိခိုက်နိုင်ပါတယ်။ ထိုအချိန်မျိုးတွင် သင်သည် သင့်ကလေးများကို အိမ်မှုကိစ္စ ဝိုင်းကူလုပ်ဖို့ သင်ကြားပေးရမည်။ ထိုသို့ ဝိုင်းကူညီခြင်းဖြင့် ကလေးများသည် မိသားစုအခြေအနေကို အတွင်းကျကျ နားလည်ကာ သူများတွေနှင့် ဘယ်လိုမျှဝေခံစားရသလဲ ဆိုတာကိုလည်း သိတတ်လာပါလိမ့်မည်။

  • မိသားစု အစည်းအဝေးထိုင်ပါ။

အကယ်၍ တစ်စုံတစ်ယောက် နေ့စဉ်ဘဝမှာ ပြဿနာကြုံကြိုက်နေပြီဆိုရင် နားလည်၊ ကူညီ၊ ဖေးမဖို့ မိသားစုတွင်းရှိ လူအားလုံး သိဖို့လိုအပ်ပါတယ်။ မိသားစုအစည်းအဝေးကို တစ်ပတ်တစ်ကြိမ် (သို့) ထူးခြားတဲ့ ရက်တွေမှာ ပြုလုပ်သင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိသားစုဝင်များ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နိုင်ကာ ဘယ်လိုအကောင်းဆုံးပြင်ဆင် ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးနိုင်ပါတယ်။

အထူးသဖြင့် မိသားစုဝင်တွေက တစ်နေရာစီ ခွဲနေရတယ်ဆိုရင် မိသားစုအတူစုံညီ တွေ့ဆုံပျော်ရွှင်ဖို့ အစီအစဉ်ဆွဲနိုင်ပါတယ်။ ထိုအစည်းအဝေးမျိုးက မိသားစုတွင်းဆက်ဆံရေးကို ပိုမိုခိုင်မြဲစေကာ တစ်ယောက်နှင့်တစ်ယောက် ပိုမိုနားလည်မှုရှိစေသည်။ သင့်ချစ်သော မိသားစုက သင့်ကို ဘယ်လောက်ဂရုစိုက်လဲ သိရခြင်းက သင့်ရောဂါကို တွန်းလှန်ဖို့ ခွန်အားတွေရရှိစေပါတယ်။

  • သင့်ကလေးများ၏ ဘဝကို တတ်နိုင်သရွေ့ ပုံမှန်အတိုင်းပဲ ဖြစ်ပါစေ။

မိသားစုဝင် အကြီးများက ကလေးများ၏ နေ့စဉ်လုပ်ငန်းစဉ်များ ပုံမှန်အတိုင်းဖြစ်စေဖို့ တတ်နိုင်သလောက် စိတ်ရှည် ကြိုးစားရမည်။ ကလေးများသည် သူတို့ ကင်ဆာဆိုသည့်အကြောင်းကို နားလည်နိုင်လောက်သည့် အသက်အရွယ်မရှိသေးဘူး ဆိုတာကို တွေးမိချိန်မှာ စိတ်အားငယ်ပြီး အထီးကျန်နိုင်ပါတယ်။

တစ်ဖက်မှာ သင့်အနေနဲ့ ကလေးတွေကို မေးခွန်းတွေမေးဖို့၊ သူတို့ စိတ်ထဲက ကြောက်ရွံ့မှုနဲ့ ခံစားချက်တွေကို ရဲရဲပြောပြဖို့ အားပေးပါ။ သင်နှင့် မိသားစုဝင်အကြီးများက ကလေးများကို အမြဲ ချစ်ခင်ဂရုစိုက်တယ်ဆိုတာကို နှစ်သိမ့်ဖော်ပြဖို့ အရေးကြီးပါတယ်။

ဒီအခြေအနေဟာ သင်အပါအဝင် သင့်မိသားစုအတွက် တကယ့်ကို စိန်ခေါ်မှုတစ်ရပ်ပါပဲ။ သို့သော် အကယ်၍ သင်နှင့် သင့်မိသားစု ကြုံတွေ့နေရတဲ့ အခြေအနေကို ကောင်းကောင်းနားလည်ပြီး ရင်ဆိုင်နိုင်ရင် သင်တို့အားလုံး ဒီခက်ခဲတဲ့ အချိန်ကနေ ကျန်းမာပြီး ခိုင်မြဲတဲ့ နွေးထွေးတဲ့ မိသားစုဘဝကို ထိန်းသိမ်းနိုင်ကာ သင် ကင်ဆာရောဂါကို တွန်းလှန်နိုင်ဖို့ ပိုပြီး ကြံ့ခိုင်သန်စွမ်းလာအောင် ကူညီပေးပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Share now :

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 31, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။