backup og meta

နေမကောင်းတာနဲ့ အနွေးထည်အထူကြီး မချွတ်တမ်းဝတ်ထားစရာလိုသလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်းတာနဲ့ အနွေးထည်အထူကြီး မချွတ်တမ်းဝတ်ထားစရာလိုသလား

    ရာသီဥတုက ပူလိုက်အေးလိုက်နဲ့ မတည်ငြိမ်တဲ့အခြေအနေမှာ ဖျားနာလွယ်၊နေမကောင်းဖြစ်လွယ်ကြပါတယ်။ ကျောင်းမှာ၊ အိမ်မှာ၊ ရုံးမှာ တစ်ယောက်ကစဖြစ်လိုက်ရင်လည်း လိုက်မဖျားရင်တောင်မှ နှာချေနှာစေးတာလောက်တော့ ကူးတတ်ကြပါတယ်။ အအေးမိတုပ်ကွေးရောဂါပိုးတွေဆိုတာက အသက်ရှူလမ်းကြောင်းကနေ ကူးစက်တတ်တဲ့သဘာဝဖြစ်နေတော့ တစ်နေရာတည်းမှာအတူရှိနေတဲ့သူအချင်းချင်း လက်ဆင့်ကမ်းကြတာမဆန်းပါဘူး။

    အရေးကြီးတာက ကိုယ့်မှာတုပ်ကွေးဖြစ်လာရင် သူများကိုမကူးစက်စေဖို့ ဆင်ခြင်နေထိုင်ဖို့ရယ်၊ ကိုယ့်ရောဂါကိုမြန်မြန်ပျောက်ကင်းအောင်နေတတ်ထိုင်တတ်ဖို့ရယ်၊ ကုသမှုကို တလေးတစားလိုက်နာဖို့ရယ်ပဲလိုပါတယ်။ ဒါပေမယ့်ကုသမှုကိုလိုက်နာတာ၊ သူများကိုမကူးအောင်နေတာ ဂရုစိုက်နိုင်တယ်ထားဦး။ ကိုယ့်ရဲ့ကျန်းမာရေးအသိကမှားယွင်းနေရင် ဒါမှမဟုတ် မှားယွင်းနေတာကို မသိရင် မလိုအပ်ဘဲရောဂါတာရှည်နိုင်တာ သတိထားသင့်ပါတယ်။

    တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် အရင်ဆုံးပြောတတ်ကြတာကနွေးနွေးထွေးထွေးနေနော်၊ အနွေးထည်ဝတ်ထား၊လေတိုက်မခံနဲ့ စသည်ဖြင့်။ ဒါ့ကြောင့် ဖျားပြီဆို အနွေးထည်လေးဝတ်၊စောင်လေးခြုံပြီးကွေးလိုက်တာ ထကိုမထတော့ပါဘူး။စောင်အထူကြီးခြုံ၊ အနွေးထည်အထူကြီးဝတ်ပြီးချွေးတွေထွက်လာရင် အဖျားကျတယ်၊ သက်သာတယ်ထင်ကြပါတယ်။ တကယ်တမ်းကျ အနွေးထည်နဲ့စောင်အထူကြီးတွေအောက်မှာ ချွေးတွေအထွက်များပြီးပြန်အအေးပတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ပြီးရင် အဖျားပြန်တက်လာတာချည်းပါပဲ။

    ချွေးစို့လာရင် အဖျားကျတယ်ဆိုတာ အတန်အသင့် ချွေးထွက်ခြင်းကအရေပြားကိုအေးမြစေပြီး ခန္ဓာကိုယ်အပူချိန်ကို ကျစေလို့ပါ။ ဒါပေမယ့်အရမ်းပူလှောင်ပြီး ချွေးထွက်အရမ်းများတာမကောင်းပါဘူး။ အဖျားတက်လို့ချမ်းတုန်နေချိန်နွေးထွေးအောင်နေတာက လူနာကိုသက်တောင့်သက်သာရှိစေဖို့၊ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးဖို့ အထောက်အကူဖြစ်စေပေမယ့် စောင်အထူကြီးတွေ၊ အနွေးထည်အထပ်ထပ်နဲ့နေတာကရောဂါကိုပိုဆိုးစေနိုင်ပြီး အဖျားတောင်ပိုတက်စေနိုင်ပါတယ်။ အအေးမိ၊တုပ်ကွေးဝေဒနာလောက်ကတော့ ဖြစ်နိုင်ရင် အနွေးထည်ကို အထူကြီးဝတ်မယ့်အစား ၊စောင်တွေအထူကြီးခြုံမယ့်အစား မထူမပါးအနွေးထည်နဲ့စောင်လေးတစ်ထည်လောက်ဆို လုံလောက်ပါတယ်။

    အဖျားကျဖို့၊ဝေဒနာသက်သာဖို့ကတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာနေထိုင်ရင် ရပါတယ်။ ဒါလေးတွေက နေမကောင်းဖြစ်ရင် သိထားသင့်တဲ့ အခြေခံအချက်တွေပါ။

    • အဖျားဘယ်လောက်ရှိလဲ၊ရောဂါလက္ခဏာတွေပြင်းထန်သလား အရင်ဆန်းစစ်ပါ။
    • အိပ်ရာထဲမှာ နားနားနေနေနေပါ။
    • ရေဓာတ်ပြန်ဖြည့်ပါ။ ဖျားနေတဲ့သူအနေနဲ့ရေ၊ရေကျက်အေး၊ ဓာတ်ဆားရည်တို့လိုရေဓာတ်ဖြည့်ပေးမယ့် အရည်တွေသောက်ပါ။ ဒါမှချွေးထွက်သွားတာတွေအတွက် ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်ဖြည့်တင်းနိုင်မှာပါ။
    • ဆရာဝန်ညွှန်ကြားတဲ့ အဖျားကျဆေးတွေကို ပမာဏမှန်ကန်စွာသောက်ပါ။
    • လေတိုက်ခံတာမကောင်းပေမယ့် လေဝင်လေထွက်မရှိလောက်အောင် အရမ်းပူလှောင်နေအောင် မနေပါနဲ့။ အဖျားတက်လို့ ချမ်းတုန်နေတာမျိုး၊ အရမ်းချမ်းနေတာမျိုးမဟုတ်ရင် အဝတ်တွေ၊စောင်တွေအထပ်ထပ် မဝတ်ထား၊မခြုံထားပါနဲ့။
    • အဖျားကျစေဖို့ရေချိုးချတာ၊ရေပတ်တိုက်တာ၊ရေပတ်ဝတ်တင်တာက ရပါတယ်။ ဒါပေမယ့်ကြက်သီးနွေးရေ သို့မဟုတ် ပုံမှန်အပူချိန်ရှိတဲ့ရေပဲဖြစ်သင့်ပါတယ်။ သိပ်အေးတဲ့ရေ သို့မဟုတ်ရေခဲရေတာ့ မသုံးသင့်ပါဘူး။
    အမှန်တော့ ဖျားတယ်ဆိုတိုင်း အရမ်းကြောက်ဖို့မလိုပါဘူး။ ဖျားရတဲ့အကြောင်းရင်းကို ကျန်းမာရေးစစ်ဆေးပြီး ကုသမှုခံယူရင် ပျောက်ကင်းသက်သာဖို့လွယ်ကူပါတယ်။ ကိုယ်ပူပြီး ဖျားနေတဲ့အချိန်ဟာ ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ရောဂါဝေဒနာတွေကို ခန္ဓာကိုယ်က အလိုအလျောက်ခုခံနေတဲ့ကာလဖြစ်ပါတယ်။ ကိုယ်အပူချိန်ပိုလွန်ကဲလာတာ၊ လက္ခဏာတွေပိုဆိုးလာတာတွေဖြစ်လာရင်တော့ ဆရာဝန်အမြန်ဆုံးပြန်ပြသင့်ပါတယ်။
    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement