backup og meta

သင် ဘာလို့ ခဏခဏ ဖျားနာ နေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် ဘာလို့ ခဏခဏ ဖျားနာ နေတာလဲ

    လောကမှာ မဖျားတဲ့သူဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ ကျန်းမာနေတဲ့ သူတစ်ယောက် ဖြစ်ပါစေ၊ အစာအာဟာရကို ဂရုစိုက်ပြီး စားသုံးနေပါစေ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ပုံမှန် ဖျားတတ်ပါတယ်။ ခဏခဏ ဖျားနာ တဲ့သူတွေမှာတော့ ဖျားနာခြင်းရဲ့ ဒဏ်ကို တော်တော်လေး ခံစားရပါတယ်။

    သူများတွေက တစ်နှစ်လောက်မှ တစ်ခါပဲ ဖျားနေရင် သူတို့က တစ်လကို တစ်ခါလောက် ဖျားနေပြီ၊ ဖျားရင်လည်း အနည်းဆုံး ၃-၄ ရက်ကနေ တစ်ပတ်လောက်ထိပဲ။ ဖျားရင် လူက မလှုပ်ချင်၊ မကိုင်ချင်နဲ့ အလုပ်ကိစ္စတွေ ပျက်မယ်၊ အစားအသောက် ပျက်မယ်၊ ပြုစုပေးတဲ့ သူရော ဖျားနေတဲ့သူပါ ဒုက္ခများ၊ အလုပ်ရှုပ်ရတယ်နော်။

    ခုဆောင်းပါးမှာ မကြာခဏ ဆိုသလို ဖျားနေသူတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    သင် ဘာလို့ ခဏခဏ ဖျားနာ နေတာလဲ

    ခဏခဏ ဖျားနာ တတ်သူ‌တွေက ခုခံအားမ‌ကောင်းတာကြောင့်ပါ။ ခုခံအားမကောင်းတာက ရောဂါတွေကြောင့်လည်း ဖြစ်နိုင်သလို ခုဆက်ပြောမယ့် စားသောက်နေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ၁။ အစာအာဟာရ မျှတခြင်း မရှိလို့

    လူ့ခန္ဓာကိုယ်က ပုံမှန်အလုပ်လုပ်ဖို့ အာဟာရ ပေါင်းစုံကို မျှတစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဟိုဟာ မကြိုက်လို့ မစားဘူး၊ ဒီဟာ မကြိုက်ဘူး ဆိုပြီး အစားရွေးနေရင်တော့ အာဟာရဓာတ်တွေက လွတ်ဟင်းပြီး ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကို သွားပြီး သက်ရောက်မှု ရှိစေနိုင်ပါတယ်။

    ဒါကြောင့် တစ်နေ့တာ အစာအာဟာရကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ နို့၊ ဥ၊ အစေ့အဆန် စသဖြင့် စုံလင်စွာ စားသုံးပေးဖို့ အရမ်း အရေးကြီးပါတယ်။

    ၂။ ရေဓာတ် ခန်းခြောက်ခြင်း

    ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိနေတဲ့ ကိုယ်တွင်းအင်္ဂါနဲ့ တစ်ရှူးတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ရေဓာတ်ကို အားကိုးရပါတယ်။ ရေသည် ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ အာဟာရဓာတ်၊ သတ္တုဓာတ်တွေကို သယ်ပို့ပေးတယ်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းကို စိုစွတ်စေလို့ အပြင်ကနေ ရောဂါပိုးတွေ ဝင်လာခဲ့ရင် လည်ချောင်းမှာ ကပ်ငြိခြင်း မရှိအောင် ကာကွယ်ပေးပါတယ်။

    ဒါကြောင့် ရေသောက်နည်းတဲ့သူတွေဟာ ခဏခဏ ဖျားတတ်တယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင် တစ်နေ့ကို ရေအနည်းဆုံး ၃လီတာ ဝန်းကျင်လောက် သောက်ပေးဖို့တော့ လိုမယ်နော်။

    ၃။ အိပ်ချိန် နည်းလွန်းခြင်း

    တစ်ရက်တလေ အိပ်ချိန်နည်းသွားတာ ကျန်းမာရေးကို အရမ်းကြီး ဒုက္ခမပေးနိုင်ပေမဲ့ နေ့စဉ်ရက်ဆက်ဆိုသလို အိပ်ချိန်နည်းတယ်ဆိုရင်တော့ ကိုယ်ခံအားကို သွားပြီး ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ် အားနည်းလာရင် ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါပိုးတွေကို မတိုက်ထုတ်နိုင်တော့တာကြောင့် လူက အလွယ်တကူ ဖျားနာတော့တာပေါ့။

    ဒါကြောင့် ဘယ်သူမဆို ညအိပ်ချိန်ကို တစ်နေ့ ၇ နာရီ အနည်းဆုံး ရအောင် အိပ်စက်အနားယူဖို့တော့ လိုပါတယ်။

    ၄။ လက်တွေ မသန့်ရှင်းတာ

    အရာဝတ္ထု ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ထိတွေ့ကိုင်တွယ်နေရတဲ့ ကျွန်တော်တို့ လက်တွေဟာ မျက်လုံးနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှား ပေါင်းစုံ ပြည့်နှက်လို့ နေနိုင်ပါတယ်။ ဒီ မသန့်ရှင်းတဲ့ လက်တွေနဲ့ အစာစားလိုက်မိတာ၊ နှာခေါင်း၊ မျက်လုံးတွေ ပွတ်လိုက်တာ၊ ပါးစပ်ထဲ ထည့်လိုက်မိတဲ့အခါ ရောဂါပိုးတွေကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်ဝင်သွားအောင် ကူညီပေးလိုက်တာနဲ့ အတူတူပါပဲ။

    ဒါကြောင့် အမြဲ လက်ကို ရေ၊ ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။ အစာမစားခင်၊ စားပြီး၊ အိမ်သာ မတက်ခင်၊ တက်ပြီး၊ အရာဝတ္ထု တစ်ခုခုကို ကိုင်ပြီးတိုင်း လက်ဆေးဖို့ လိုပါတယ်။ ရေမရနိုင်တဲ့ နေရာမှာဆိုရင်တော့ ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) တွေ အသုံးပြုပေးနိုင်ပါတယ်။

    ၅။ သွားနဲ့ ခံတွင်း သန့်ရှင်းရေး အားနည်းခြင်း 

    သွားနဲ့ ခံတွင်းသန့်ရှင်းမှု မရှိတဲ့အခါ အထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားများနေပြီး ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ အဲ့တော့ ပါးစပ်ထဲမှာ ဘက်တီးရီးယားပိုးတွေ များလာလေလေ၊ တံတွေးကနေ တစ်ဆင့်၊ သွေးထဲကနေတဆင့် ခန္ဓာကိုယ်အနှံ့ကို ရောက်ပြီး နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။

    ဒါကြောင့် သွားကို မနက်တစ်ကြိမ် ညတစ်ကြိမ် စနစ်တကျ တိုက်ဖို့၊ သွားပွတ်ကြိုး အသုံးပြုဖို့၊ သွားဆရာဝန်နဲ့ ၆လ တစ်ကြိမ် ပြသဖို့ အရမ်း အရေးကြီးတယ်နော်။

    ၆။ စိတ်ဖိစီးမှု များလွန်းခြင်း

    အလုပ်ကိစ္စ၊ စားဝတ်နေရေး၊ မိသားစု၊ အချစ်ရေး စတဲ့ ကိစ္စမျိုးစုံနဲ့ စိတ်ညစ်နေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစော်လို့ ခေါ်တဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေ ထွက်လာပါတယ်။

    ဒီဟော်မုန်းတွေဟာ ကျွန်တော်တို့ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်အားကိုလည်း ကျဆင်းစေသလို ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကိုလည်း လျှော့ချပစ်လိုက်တာကြောင့် ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်စွမ်း မရှိတော့ပါဘူး။

    ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ စိတ်ကို အနားပေးတာ၊ ခရီးထွက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ တေးဂီတသံစဉ်တွေ နားထောင်တာ စတာတွေ လုပ်ပေးနိုင်ပါတယ်။

    ရာသီကြောင့် ဓာတ်မတည့်ခြင်း၊ ကျန်းမာရေး ချူချာတဲ့ မိဘမျိုးရိုးက ဆင်းသက်လာခြင်း၊ ကိုယ်ခံအားစနစ် ချို့ယွင်းချက်များ ရှိခြင်း စတဲ့ အချက်တွေဟာလည်း ကျွန်တော်တို့ကို မကြာခဏ ဖျားနာစေနိုင်ပါတယ်။

    ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျားတဲ့ အကြိမ်ရေ များလွန်းနေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ပြဿနာ အရင်းအမြစ်ကို အရင်ဆုံး သိအောင်လုပ်ဖို့ လိုပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement