backup og meta

ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ်

    ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်းများ

    ရင်သားကင်ဆာ။နာမည်နဲ့တင် အမျိုးသမီးထုကြီးအတွက် အကြီးအကျယ်ခြောက်လှန့်နိုင်သော စကားလုံးတစ်စု။သို့သော် ယနေ့ခေတ်တွင် အဆိုပါကြောက်လန့်စရာကောင်းသော ရောဂါဆိုးကြီးကို တန်ပြန်တိုက်ထုတ်နိုင်သော သတင်းကောင်းများလည်း ရှိလာပြီဖြစ်သည်။ပိုမိုကောင်းမွန်လာသော ကုသမှုများနှင့် ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများလည်း တွေ့ရှိနေပြီဖြစ်၏။ယခုဖော်ပြမည့် အချက်(၈)ချက်သည် ရိုးရှင်းပြီး ရင်သားကင်ဆာကိုလည်း ထိရောက်စွာ ကာကွယ်နိုင်သော နည်းလမ်းများဖြစ်ပေသည်။

    ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ်

    ၁။ ကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းပါ

    ကျန်းမာသည့် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ရန်အတွက် ကိုယ်အလေးချိန်ပုံမှန်ရှိနေရန် အထူးလိုအပ်ပေသည်။အဝလွန်ခြင်းသည် ခန္ဓာကိုယ်အတွက် ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါများ အများအပြားဖြစ်ပွားလာနိုင်ချေရှိသည့်အတွက် အဝမလွန်ရန် ပုံမှန် ရှိသင့်ရှိထိုက်သော ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းညှိထားရမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများအနေနှင့် သွေးဆုံးပြီးချိန်တွင် ခန္ဓာကိုယ်အလေးချိန်တက်မလာစေရန် အထူးဂရုစိုက်သင့်ပေသည်။

    ၂။လေ့ကျင့်ခန်းလုပ်ပါ

    လေ့ကျင့်ခန်းလုပ်ခြင်း၊အားကစားလိုက်စားခြင်းတို့သည် ကျန်းမာသောခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ရန်အတွက် အဓိကသော့ချက်ဖြစ်လေသည်။ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ် အနည်းဆုံးနာရီဝက်မျှ ပြုလုပ်လေ့ရှိသော အမျိုးသမီးများအနေနှင့် ရင်သားကင်ဆာဖြစ်ပွားနိုင်နှုန်းကို လျော့ကျစေ၏။

    ၃။ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးပါ။အရက်သေစာ ရှောင်ပါ။

    ကျန်းမာရေးကောင်းမွန်ရန်အတွက် အစားအသောက်ကလည်း ပဓာနကျ၏။ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံသည် ရင်သားကင်ဆာကို ဖြစ်နိုင်ချေနည်းစေလေသည်။ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ များများစားသုံးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ပြီး အရက်သေစာသောက်စားခြင်းကမူ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်စေ၏။ထို့ကြောင့် ရင်သားကင်ဆာကို ကာကွယ်ရန်အတွက် အရက်သေစာကို လုံးဝမသောက်သုံးရန်ဖြစ်ပါသည်။

    ၄။ဆေးလိပ်မသောက်ပါနှင့်

    ဆေးလိပ်နှင့်ပတ်သက်၍ ဆိုးကျိုးများကို လူတိုင်းနီးပါး သိကြပြီးဖြစ်၏။ ။ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါ၊ရင်သားကင်ဆာအပါအဝင် အနည်းဆုံး ကင်ဆာရောဂါ ၁၅မျိုးခန့်ကို ဖြစ်ပွားစေနိုင်လေသည်။ထို့အပြင် ဆေးလိပ်သောက်သုံးပါက ခံတွင်းနံ့ဆိုးခြင်း၊သွားများညစ်ပတ်လာခြင်းတို့ပါ ဖြစ်စေသည့်အတွက် ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ကြရန် တိုက်တွန်းအပ်ပါသည်။

    ၅။ကလေးအမေများ နို့ချိုတိုက်ကျွေးပါ

    မိမိ၏ ရင်သွေးငယ်ကို အသင့်ဖျော်နို့မှုန့်များတိုက်ခြင်းထက် နို့ချိုတိုက်ကျွေးခြင်းက ရင်သားကင်ဆာဖြစ်ပွားနိုင်နှုန်းကို လျှော့ချပေး၏။နို့ချိုတိုက်ကျွေးခြင်းသည် မိခင်အတွက်သာမက ကလေးငယ်အတွက်ပါ ပိုမိုကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်လေသည်။

    ၆။ ၃၅ နှစ်ကျော်လျှင် တားဆေးသုံးစွဲခြင်းများရှောင်ကြဉ်ပါ

    ကိုယ်ဝန်မရစေနိုင်သော သန္ဓေတားဆေးများသည် အကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်း ဖြစ်ပွားစေလေသည်။ငယ်ရွယ်သောအမျိုးသမီးများတွင် ဆိုးကျိုးသက်ရောက်မှုများ သိပ်မသိသာနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရင်သားကင်ဆာဖြစ်ပွားနိုင်နှုန်းများ တဖြေးဖြေးမြင့်တက်စေနိုင်၏။ဆေးလိပ်သောက်သုံးတတ်သော အမျိုးသမီးများဖြစ်ပါက နှလုံးရောဂါဖြစ်ပွားနိုင်နှုန်းကိုပါ မြင့်တက်စေလေသည်။တားဆေးများသည် မိမိ မလိုချင်သော သန္ဓေသားကို မရနိုင်ရန် ကူညီပေးသော်လည်း ရင်သားကင်ဆာကို ကာကွယ်လိုသော အမျိုးသမီးများအနေနှင့်မူ ကြာရှည်သုံးစွဲရန် သင့်တော်မည်မဟုတ်ပေ။

    ၇။ သွေးဆုံးပြီးဟော်မုန်းဆေးများသုံးစွဲခြင်းမှ ရှောင်ကြဉ်ရန်

    သွေးဆုံးတိုင်ပြီးနောက် နှလုံးရောဂါနှင့် အရိုးပွရောဂါများကဲ့သို့သော နာတာရှည်ရောဂါများကို ကာကွယ်ရန် ဟော်မုန်းဆေးများ အချိန်ရှည်ကြာစွာ သုံးစွဲသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်အပ်ပေသည်။လေ့လာတွေ့ရှိချက်များအရ အဆိုပါဆေးများသည် ကောင်းကျိုးလည်းရှိသကဲ့သို့ ဆိုးကျိုးများလည်း ဖြစ်ပေါ်စေသည်ကို တွေ့ရသည့်အတွက် မဖြစ်မနေသုံးစွဲရလျှင်လည်း ရေတိုသာ သုံးစွဲသင့်သည်ဟု ဆုံးဖြတ်ထားကြလေသည်။အကောင်းဆုံးမှာ သုံးစွဲချင်လျှင် မိမိ၏ ဆရာဝန်နှင့် တိုင်ပင်သောက်သုံးခြင်းပင်ဖြစ်ပေသည်။

    ၈။ Tamoxifen နှင့် Raloxifene သုံးစွဲခြင်း

    ရေရှည်ကျန်းမာရေးအတွက် မဟုတ်သော်လည်း ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေများသော အမျိုးသမီးတို့အတွက် အဆိုပါ ဆေးနှစ်မျိုးမှာ ရောဂါဖြစ်ပွားနိုင်နှုန်းကို သိသိသာသာ လျှော့ချပေးနိုင်ပြီး FDA မှလည်း အသိအမှတ်ပြုထားပြီးဖြစ်သည်။ ဤဆေးနှစ်မျိုးသည် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည့်အတွက် လူတိုင်းနှင့် အဆင်ပြေမည်တော့မဟုတ်ပေ။ထို့ကြောင့် မိတ်ဆွေအနေနှင့် မိမိကိုယ်ကို ရင်သားကင်ဆာဖြစ်နိုင်ချေရှိသည်ဟု ထင်လျှင် ဤဆေးတို့သုံးစွဲရန်သင့်မသင့်ကို ဆရာဝန်နှင့် ဦးစွာ ပြကြည့်ရန်လိုအပ်ပေသည်။

    ရေးသားသူ – ဒေါက်တာလင်းထက်အောင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement