ရင်သားကင်ဆာ ကာကွယ်ခြင်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမို ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကာကွယ်ခြင်းဟာ ရောဂါဖြစ်စေတဲ့အချက်တွေကို ကာကွယ်ပေးနိုင်ရုံ (သို့) လျှော့ချပေးနိုင်ရုံဖြစ်ပြီး ရောဂါဖြစ်ပွားမှုကို လုံးဝ ရပ်တန့်ခြင်း မပြုနိုင်တဲ့ ရောဂါ တစ်ခုရှိပါတယ်။ သူကတော့ ရင်သားကင်ဆာပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ကို ရင်သားကင်ဆာ ဖြစ်ခြင်းကနေ ကာကွယ်ဖို့အတွက် ကျွမ်းကျင်သူတွေက ရောဂါ ဖြစ်ပွားနှုန်းမြင့်စေတဲ့အချက်တွေနဲ့ ရောဂါကာကွယ်တဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားကြပါတယ်။

ရောဂါဖြစ်ပွားနှုန်းမြင့်စေတဲ့အချက်တွေဟာ ရောဂါပိုမိုဖြစ်ပွားစေနိုင်ပြီး ကာကွယ်တဲ့အချက်တွေကတော့ ရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

ရင်သားကင်ဆာဖြစ်ပွားနှုန်းမြင့်စေတဲ့ အချက်တွေထဲက အချို့ကို ထိန်းချုပ်နိုင်ပြီးတော့ အတော်များများကိုတော့ ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။ ဥပမာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူတွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သေြာက်ခင်းတို့ကိုတော့ ပြောင်းလဲနိုင်ပါတယ်။

ဒါပေမယ့် ရင်သားကင်ဆာဟာ မျိုးရိုးဗီဇအရလည်း ဖြစ်တတ်တာကြောင့် ဒါကိုတော့ ပြောင်းလဲလို့မရပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူမှုဘဝ နေထိုင်ပုံတွေဟာ ရင်သားကင်ဆာ ကာကွယ်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

ရောဂါ ဖြစ်ပွားနှုန်းမြင့်စေတဲ့အချက်တွေကို လျှော့ချပြီးနဲ့ ရောဂါကာကွယ်တဲ့ အချက်တွေကို တိုးမြှင့်ပေးခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျှော့ချပေးပေမယ့် ရင်သားကင်ဆာ မဖြစ်တော့ဘူးလို့တော့ အာမမခံနိုင်ပါဘူး။

အောက်ဖေါ်ပြပါအချက်တွေကတော့ ရင်သားကင်ဆာကို ကာကွယ်ဖို့ ပြောင်းလဲလို့ရတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ ရင်သားကင်ဆာ ဖြစ်ပွားမှုနဲ့ ၎င်းတို့ ဆက်စပ်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက် (သို့) အရက်သောက်တာ ပိုများလေလေ ရင်သားကင်ဆာ ပိုမို ရရှိနိုင်လေလေပဲ ဖြစ်ပါတယ်။

ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ခြင်းဟာ သင့်ယေဘုယျ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း – ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ လူတိုင်းအတွက် (အထူးသဖြင့် ရင်သားကင်ဆာဖြစ်မှာ ကြောက်တဲ့ အမျိုးသမီးတွေအတွက်) သင့်လျော်ပါတယ်။ ကိုယ်အလေးချိန်များတဲ့ (သို့) အဝလွန်တဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းပိုမို မြင့်မားနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ – ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး လှပတဲ့ ကိုယ်ခန္ဓါကို ရရှိစေပါတယ်။ ပုံမှန် နေ့စဉ် မိနစ် ၂၀-၃၀ လေ့ကျင့်ခန်းလုပ်သူတွေဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းလျော့နည်းတာ တွေ့ရပါတယ်။

ကလေးနို့တိုက်ပါ –

ကလေးကို အချိန်ကာလတစ်နှစ်အောက်ပဲ နို့တိုက်တဲ့မိခင်တွေဟာ အချိန်အကြာကြီး နို့တိုက်တဲ့ မိခင်တွေထက် ရင်သားကင်ဆာ ဖြစ်ပွားနှုန်းလျော့နည်းတာ တွေ့ရပါတယ်။ နောက်တစ်မျိုးပြောရရင် အချိန်ကြာကြာ နို့တိုက်လေလေ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း ပိုမြင့်လေလေပဲ ဖြစ်ပါတယ်။

ဟော်မုန်းကုသမှုကို သတိထားပါ –

အချို့အမျိုးသမီးတွေဟာ သွေးဆုံးခါနီးလက္ခဏာတွေ ခံစားရတာကြောင့် ဟော်မုန်းကုသမှု ယူနိုင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းကုသမှုကို ၃-၅ နှစ်ကျော်ကြာအောင် ယူတဲ့ အမျိုးသမီးတွေဟာ ကင်ဆာဖြစ်ပွားနှုန်းပိုမိုမြင့်မားတာကြောင့် အချိန်အနည်းငယ်သာ ယူသင့်ပါတယ်။

ယေဘုယျအားဖြင့် ပမာဏအနည်းငယ်ကို အချိန်ခဏသာ ယူသင့်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ခြုံပြောရရင် ရင်သားကင်ဆာ ကာကွယ်ခြင်းဟာ လူမှုဘဝနေထိုင်ပုံ ပြောင်းလဲခြင်းနဲ့ ရောဂါဖြစ်ပွားနှုန်းမြင့်စေတဲ့ အရာတွေ ရှောင်ကြဉ်ခြင်းတွေ ပါဝင်ပါတယ်။ ရင်သားကင်ဆာဟာ လူတိုင်းမှာ ဖြစ်ပွားနိုင်တာမို့ မိသားစု ကျန်းမာရေးရာဇဝင်ကို သိဖို့လိုအပ်ပြီး မကြာခဏ စစ်ဆေးမှု ပြုလုပ်ဖို့လိုအပ်ပါတယ်။ ရင်သားကင်ဆာမှာ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုအရာရောက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇူလိုင် 11, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။